လင်းဖန်ကို အနိုင်ကျင့်တာလား။
“ ငါအရှုံးပေးတယ် ”
ဒူပိက အလွန်တရာ ဝင့်ကြွားနေသည့်အသွင်ရှိသော ကျန်းပိလော်ကို ကြည့်ကာ ပြောလိုက်၏။ ဒူပိ၏လေသံက တိုးညင်းနေသည်။ သူကြေကွဲစွာ အရှုံးပေးခဲ့ရလေပြီ။
ကျန်းပိလော်၏ မြေအောက်ကမ္ဘာ မိုးပြာရောင် ဟင်းလင်းပြင်နှင့် မိုးပြာရောင် ဟင်းလင်းပြင် ဝိညာဉ်တို့က အံ့မခန်းအစွမ်းထက်သည်။ သူ၏မိုးရေစက်လှောင်ချိုင့်က ပတ်ဝန်းကျင်၏ အစိတ်အပိုင်းများကို ဖုံးကွယ်ထားနိုင်စွမ်း ရှိ၏။ ထို့ပြင် ထိုအတွင်းထဲသို့ လူတစ်ယောက် ရောက်သွားသည်နှင့် မိုးရေစက်များက ဓားပါးလေးများ အဖြစ်သို့ အသွင်ပြောင်းကာ တိုက်ခိုက်တတ်သည်။ အကယ်၍ ဒူပိသာ အစွမ်းနိမ့်နေခဲ့လျှင် သူသေနေပြီဖြစ်၏။
“ အခုကစပြီး ကောင်းကင်ဘုံသင်တန်းကျောင်းရဲ့ အထူးချွန်ဆုံး ကျောင်းသားက ကျန်းပိလော် မင်းပဲ ”ဒူပိက ဝမ်းနည်းသည့်လေသံဖြင့် ပြောကြားလိုက်သည်။ သူက ကောင်းကင်ဘုံသင်တန်းကျောင်း၏ ထိပ်ဆုံးကျောင်းသားတစ်ယောက်အဖြစ် အမြဲတမ်း ရှိနေခဲ့သူဖြစ်သည်။ ထို့ပြင် လင်းချီစုဆောင်းမှုအဆင့်မှ ရွှမ်ချီအဆင့်သို့ ပထမဦးဆုံး ရောက်ရှိခဲ့သူလည်း ဖြစ်၏။ အခြားသူများက သူ့ကို တိုက်ခိုက်ရန် မဖြစ်နိုင်ဘူးဟု သူတွေးထင်နေခဲ့သည်။
သို့ရာတွင် ကျန်းပိလော်သည်လည်း ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အမြဲတမ်း ဒုတိယနေရာမှ ကပ်လိုက်နေခဲ့၏။ ကျန်းပိလောသည် အမြဲတမ်းသိုသိုသိပ်သိပ်နေခဲ့ပြီး တိတ်ဆိတ်စွာ ကျင့်ကြံခဲ့သည်။ သို့ရာတွင် ရွှမ်ချီအဆင့်သို့ ရောက်ရှိလာပြီးနောက် လုံးဝကွဲပြားသော လူတစ်ယောက်အဖြစ်သို့ သူပြောင်းလဲသွား၏။ အလွန်တရာ မောက်မာဝင့်ကြွားလာပြီး ဒူပိကို သူချက်ချင်းစိန်ခေါ်လာခဲ့သည်။
ဒူပိက ရွှမ်ချီအဆင့်သို့ ရောက်သည့်အတွက် အလွန်မောက်မာဝင့်ကြွားလာသည်ဟု ဒူပိထင်နေခဲ့သည်။ သို့ရာတွင် အမှန်တရားက ထင်မြင်ချက်များနှင့် ကွဲပြားနေခဲ့၏။ ကျန်းပိလော်သည် ဒူပိကို အလွယ်တကူ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွက် သူ့ကိုကြည့်ရသည်မှာ မောပန်းသွားပုံပင် မပေါ်ချေ။
![](https://img.wattpad.com/cover/189883167-288-k448281.jpg)