နတ်ဆိုး
ထိုနတ်ဆိုးကျင့်စဉ်သည် ကျင့်ကြံသူ၏ သွေးများ၊ အသားများနှင့် သန့်စင်သောချီကို စုပ်ယူနိုင်စွမ်းရှိပြီး စုပ်ယူခံလိုက်ရသည့်ကျင့်ကြံသူမှာ အရိုးစုဘဝသို့ အသွင်ပြောင်းသွားရသည်။
မိုချန်းလန်က တွေဝေခြင်းမရှိဘဲ အရာအားလုံးကို ဝါးမြိုပစ်လိုက်ရာ မည်မျှရက်စက်လိုက်သနည်း။
ကျင့်ကြံသူများသည် အစွမ်းထက်ရန်အတွက် အကောင်းဆုံးကြိုးစားကြသော်လည်း သူတို့ကိုယ်တိုင်သတ်မှတ်ထားသော စည်းမျဉ်းအချို့ရှိနေသေး၏။ ထိုသို့မဟုတ်လျှင် လူသားနှင့် တောရိုင်းကောင်တို့ ဘယ်လိုလုပ်ကွဲပြားတော့မည်နည်း။
လူအများစုမှာ ဤကဲ့သို့ နတ်ဆိုးကျင့်စဉ်အကြောင်းကို တွေးတောပင်မကြည့်ဖူးကြချေ။ ထိုနတ်ဆိုးကျင့်စဉ်ကိုကြည့်ကာ အံ့သြနေကြသည့် လူအချို့လည်းရှိ၏။ သူတို့သာ ထိုနတ်ဆိုးကျင့်စဉ်ကို ရရှိခဲ့လျှင် လေ့ကျင့်ကြလိမ့်မည်။ ကျင့်ကြံခြင်းလောကမှာ တန်ခိုးအာဏာသည်သာ အဓိကမဟုတ်လော။
မိုချန်းလန်က လင်းဖန်ကို ရက်စက်သေအကြည့်များဖြင့် ကြည့်လိုက်ပြီး ရယ်မောပြောဆိုလိုက်၏။
“မစိုးရိမ်ပါနဲ့။ အဘိုးကြီးကို ဝါးမြိုပြီးသွားရင် မင်းအလှည့်ပဲ ”
စကားဆုံးသည်နှင့် သခင်ဟောင်ကို ကြည့်လိုက်၏။သခင်ဟောင်က တည်ငြိမ်စွာ ရပ်နေသည်။ မိုချန်းလန်၏နတ်ဆိုးကျင့်စဉ်က အလွန်တရာ ရက်စက်လှသည့်အတွက် သူ့အနေဖြင့် အထူးဂရုစိုက်ရလိမ့်မည်။
“ လင်းဖန်…ဒီနေရာကနေ ဝေးဝေးမှာသွားနေ ”
သခင်ဟောင်က သေးငယ်သောမီးလုံးလေးများကို လှည့်ပတ်လိုက်ရင်း ပြောလိုက်၏။ ထိုမီးလုံးလေးများသည် ပြင်းထန်သောအပူကို ထုတ်လွှတ်ကာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် လည်ပတ်နေရာ မီးနတ်ဘုရားတစ်ပါးအလား ထင်ရသည်။ ထိုမျက်စိကျိန်းမတတ်တောက်ပသော မီးလုံးလေးများတွင် သန့်စင်သောချီများ ပါဝင်နေ၏။
“ ကောင်းပြီ ”
လင်းဖန်က ခေါင်းညိတ်ပြလိုက်ပြီး နောက်သို့ ဆုတ်ခွာလိုက်သည်။ သူ့အနေဖြင့် ရွှမ်ချီအဆင့်တစ်သို့မဟုတ် အဆင့်နှစ်ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်လိမ့်မည်ဖြစ်သော်လည်း ရွှမ်ချီအဆင်သုံးဆိုသည်မှာ သူနှင့်အဆင့်ချင်းများစွာ ကွာခြားလွန်း၏။ လုံလောက်သောအစွမ်း သူ့မှာ မရှိရာ သခင်ဟောင်က သူ့အစား တိုက်ခိုက်ပေးမည်ဆိုသောအခါ သူပျော်ရွှင်သွားသည်။
“ ဟမ့်..ရွှမ်ချီအဆင့်သုံး…အရသာရှိလိုက်မယ့်အစာ ”
မိုချန်းလန်က ကောက်ကျစ်စွာ ပြုံးလိုက်၏။ သူ့ကိုယ်မှ နွယ်ပင်နှစ်ချောင်းထွက်ပေါ်လာပြီး သခင်ဟောင်၏ခန္ဓာကိုယ်ကို ရစ်ပတ်ရန် ပြေးသွားသည်။ ထိုစဉ် သခင်ဟောင်၏လက်နှစ်ဖက်တွင် မီးလုံးနှစ်လုံး ထွက်ပေါ်လာ၏။ သူက လက်ကို မြှောက်လိုက်ပြီး မီးလုံးနှစ်လုံးအား ပစ်လိုက်ရာ ထိုမီးလုံးနှစ်လုံးသည် နဂါးနှစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသွားပြီး နွယ်ပင်နှစ်ချောင်းရှိရာသို့ ပြေးဝင်သွားသည်။ အံ့အားသင့်စရာကောင်းလောက်အောင်ပင် မီးနဂါးနှစ်ကောင်နှင့် ထိတွေ့မိသောအခါ နွယ်ပင်များက လောင်ကျွမ်းစပြုလာ၏။
