Zawgyi
လေနှင့်အတူ ရွေ့လျားခြင်း
ဓားမှာ ဓားစွမ်းအားရှိသည်။ လေမှာလည်း လေစွမ်းအား ရှိသည်။
ဓားစွမ်းအားသည် ပြင်းထန်ကြမ်းတမ်းသည်။ လင်းဖန်သည် သူ၏ဓားကို အသုံးပြုလိုက်သည့်အချိန်တိုင်း လူတစ်ယောက်ကို သတ်ဖြတ်နိုင်၏။ လေစွမ်းအားသည် မမြင်နိုင်ဘဲ မရှိသည့်ပုံပေါ်သော်လည်း အမှန်တကယ်တော့ နေရာတိုင်းမှာ ရှိသည်။
ယခုအချိန်၌ လင်းဖန်သည် သူ၏နားလည်နိုင်စွမ်းကို အပြည့်အဝအသုံးချကာ လေစွမ်းအားကို တည်ငြိမ်စွာ အာရုံခံစားနေ၏။ လေက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနေပြီး သူသည်လည်း လေ၏လှုပ်ရှားမှုများကို အာရုံရနေသည်။
လင်းဖန်သည် ထိုနေရာမှာ အချိန်ကြာမြင့်စွာ ရှိနေခဲ့သော်လည်း အချိန်များ ရပ်တန့်လုနီးပါးဖြစ်နေသည့်ပမာ ခံစားနေရသည်။ ထို့နောက် သူသည် လေပေါ်မှာ အလွန်ညင်သာသောလှုပ်ရှားမှုလေးတစ်ခုကို ပြုလုပ်လိုက်၏။ လင်းဖန်သည် ကမ္ဘာမြေနှင့် ပေါင်းစပ်သည့်အဆင့်သို့ ဝင်ရောက်ထားခြင်းဖြစ်၍ သူ၏လှုပ်ရှားမှသေးသေးလေးများကို အာရုံခံစားနိုင်သည်။
ထိုလှုပ်ရှားမှုလေးက လေမရှိသည့်အလား လေ၏လှုပ်ရှားရာအတိုင်း ပြောင်းလဲသွားပုံပေါ်ရာ လေ၏ခုခံအားကို များစွာလျော့နည်းသွားစေပုံပေါ်နေသည်။
“ တကယ်လို့ ငါ့လှုပ်ရှားမှုတွေက လေနဲ့အတူ စည်းချက်ကျကျ လွင့်မျောနေမယ်ဆိုရင် လေရဲ့အစွမ်းကို ငါအသုံးချနိုင်လိမ့်မယ် ”
လင်းဖန်တွေးလိုက်၏။ ထို့နောက် သူသည် သေးငယ်သော လှုပ်ရှားမှုများကို ပြုလုပ်နေရာမှ ရပ်တန့်လိုက်ပြီး သူ၏ပတ်လည်မှာရှိသော လေကို တည်ငြိမ်စွာ အာရုံခံလိုက်ပြီး လေတိုက်ခတ်ရာ လမ်းကြောင်းများ အပေါ်မှာ အာရုံစူးစိုက်လိုက်သည်။
တဒင်္ဂမျှကြာပြီးနောက် လင်းဖန်သည် ထပ်မံလှုပ်ရှားလိုက်ပြီး ရှေ့သို့ဖြည်းညင်းစွာ ရွေ့လျားလိုက်၏။
သို့ရာတွင် လေက သူ့ကို ရှေ့သို့မသွားအောင် ဟန့်တားနေဆဲပင်။
လင်းဖန်က ဆက်လက်ရွေ့လျားလိုက်ရာ ခုခံအားသည် တဖြည်းဖြည်း လျော့နည်းလာ၏။ လင်းဖန်သည် လေ၏ရွေ့လျားခြင်းများနှင့် ပိုမိုအသားကျလာနေသည်။
နောက်ဆုံးတွင် လင်းဖန် ရွေ့လျားလိုက်သောအခါ လေနှင့်အတူ တသားတည်းဖြစ်သွားပြီး လေ၏ခုခံအား ပျောက်ကွယ်သွားကာ သူ၏အမြန်နှုန်း မြင့်တက်လာလေ၏။
“ လေစွမ်းအား….ဒါလေစွမ်းအားပဲ ….”
လင်းဖန်တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် ရွေ့လျားနေရာမှ ရပ်တန့်လိုက်ပြီး မျက်လုံးကိုဖွင့်လိုက်၏။
အတောင်ပံကျားနှင့် လင်းနို့တို့က တိုက်ခတ်နေဆဲပင်။ သို့သော် လင်းနို့ကိုကြည့်ရသည်မှာ များစွာအားပျော့လာပုံပေါ်ပြီး ၎င်း၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိကာ သွေးများစီးကျနေသည်။
လင်းနို့က အလွန်တရာ လျင်မြန်သော်လည်း အတောင်ပံကျားကို ထိခိုက်အောင် မလုပ်နိုင်ဘဲ အတောင်ပံကျားကသာ ၎င်းကို ဒဏ်ရာရအောင် ပြုလုပ်နေ၏။ လင်းနို့သည် ရှေးဟောင်းတောရိုင်းကောင်ထက် များစွာအစွမ်းနိမ့်ကျပေသည်။ အကယ်၍ လင်းနို့သာ အလွန်လျင်မြန်ခြင်းမရှိလျှင် အတောင်ပံကျား၏ သတ်ဖြတ်ခြင်းကို ခံနေရလေပြီ။
လင်းနို့သည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး အတောင်ပံကျားဆီသို့ ပြေးဝင်သွား၏။ လင်းနို့သည် အရှက်ခွဲခံနေရသည့်ပမာ ခံစားနေရပြီး နောင်ဆုတ်ရန် စိတ်ကူးထားပုံမပေါ်ချေ။ ၎င်းက အတောင်ပံကျားထက် များစွာလျင်မြန်သော်လည်း တိုက်ခိုက်လိုက်သည့်အချိန်တိုင်း ဒဏ်ရာရရှိနေသည်။
“ ဝေါင်း ”
ဤတစ်ကြိမ်တွင် အတောင်ပံကျားသည် ကျယ်လောင်စွာ ဟိန်းလိုက်ပြီး အံ့မခန်းများပြားသော သားရဲချီများကို ထုတ်ဖော်လိုက်၏။
အတောင်ပံကျားသည် ၎င်း၏မီးကဲ့သို့ နီရဲနေသော အတောင်ပံများကို ဖြန့်လိုက်ရာ လင်းဖန်အံ့သြသွားသည်။ အတောင်ပံကျားသည် ၎င်း၏အတောင်ပံများကို ဖြန့်လိုက်သောအခါ ကောင်းကင်ကြီးကို ၎င်းအတောင်ပံများက ဖုံးလွှမ်းတော့မည့်ပမာ ထင်လာရ၏။
“ ဝေါင်း…..”
အတောင်ပံကျားက ဒေါသတကြီး ဟိန်းလိုက်ပြန်၏။၎င်း၏ကြီးမားသော အတောင်ပံများက တဖျပ်ဖျပ်ခတ်ကာ စတင်လှုပ်ရှားသွားသည်။ ဤတစ်ကြိမ်တွင် လင်းနို့ကို ၎င်းအနေဖြင့် လွတ်မြောက်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။ လင်းနို့က ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိဘဲ ချောင်းမြောင်းတိုက်ခိုက်သည့်အတွက် အတောင်ပံကျားမှာ မောပန်းလာကာ ဒေါသထွက်လာရသည်။
လင်းနို့သည် အတောင်ပံကျား၏ ကြီးမားသော အတောင်ပံများကို ကြည့်ကာ ကြောက်ရွံ့စပြုလာပုံပေါ်သည်။ ၎င်းက အတောင်ပံကျားဆီသို့ ရွေ့လျားနေတာကို ရပ်တန့်လိုက်ပြီး ချာခနဲလှည့်ကာ လွတ်မြောက်ရန် ကြိုးစားလိုက်၏။
“ ဘုန်း ”
“ ဘုန်း ”
အတောင်ပံကျားသည် ၎င်း၏ကြီးမားသော အတောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ လင်းနို့ကို ဖမ်းရန်ကြိုးစားလိုက်သည်။ သို့သော် လင်းနို့က အတောင်ပံကျား၏လက်သည်းများကို ရှောင်တိမ်းကာ အဝေးသို့ ဆက်လက်ပျံသန်းလိုက်သည်။
အတောင်ပံကျား၏မျက်လုံးများသည် တလက်လက်တောက်ပနေ၏။ လင်းနို့က ထပ်မံလွတ်မြောက်သွားပြန်လေပြီ။ အတောင်ပံကျားက ၎င်းကို ဖမ်းမိလုနီးပါးဖြစ်ခဲ့သည်။
လင်းနို့က အတောင်ပံကျားကို အေးစက်စက်တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ချက်ချင်းပင် လင်းဖန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ၎င်းသည် ၎င်း၏အတောင်ပံများကို ဖြန့်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည့်အလား လှစ်ခနဲလှုပ်ရှားလိုက်သည်။
အတောင်ပံကျားကသာ ၎င်းကို ရန်စခြင်းမပြုလျှင် ၎င်းက အတောင်ပံကျားကို တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့နှစ်ကောင်ကြားမှာ ကွာခြားချက်ကြီးမား၏။ သို့ရာတွင် ၎င်းသည် တူညီသော အဆင့်မှာရှိသည့် တောရိုင်းကောင်ကို မည်သည့်အခါကမှ ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။
လင်းနို့သည် လင်းဖန်၏အနီးမှ ပျံသန်းရာ လင်းဖန်၏ဝတ်ရုံမှာ တဖျပ်ဖျပ်လွင့်သွားသည်။ လင်းဖန်အံ့အားသင့်သွား၏။ လင်းနို့က သူ့ကို ရှိသည်ဟုပင် ထင်ပုံမရချေ။
ထို့နောက် လင်းဖန် စတင်လှုပ်ရှားလိုက်သည်။
“ လေနဲ့အတူ လွင့်မျောမယ် ”
လင်းဖန်သည် လေမှာ လွင့်မျောသွားသည့်ပမာ တိတ်ဆိတ်စွာ ရွေ့လျားသွား၏။ သူ့ခန္ဓာကိုယ်က လေ၏အစွမ်းနှင့်တစ်သားထဲ ဖြစ်နေသည်။
လင်းဖန်က အလွန်လျင်မြန်စွာ ရွေ့လျားနေရာ သူ၏လှုပ်ရှားမှုများကို မြင်တွေ့ရန်ပင် မဖြစ်နိုင်ချေ။ အတောင်ပံကျားသည် ထိုအခြင်းအရာကို မြင်သောအခါ တအံ့တသြဖြစ်သွား၏။ ရုတ်တရက် လင်းဖန်က မည်သည့်အတွက်ကြောင့် ဤမျှလျင်မြန်သွားရသနည်း။
သူက အတောင်ပံကျားထက်ပင် များစွာ လျင်မြန်သွားပုံပေါ်၏။
အတောင်ပံကျားသည် လင်းဖန်နှင့်တိုက်ခိုက်ခဲ့ရသည့်အပြင် ကြောင်နှင့် လင်းဖန်တိုက်ခိုက်တာကို တွေ့မြင်ထားသူဖြစ်သည်။ လင်းဖန်က အလွန်အစွမ်းထက်သော်လည်း လျင်မြန်ခြင်းက သူ၏အားနည်းချက်ဖြစ်သည်။ သို့ရာတွင် ယခုအချိန်မှာ လင်းဖန်၏စွမ်းရည်က လက်ဖျားခါလောက်အောင် တိုးတက်နေသည်။
လင်းနို့သည်လည်း ထိုအခြင်းအရာကို သတိထားမိသည့်အလား အနည်းငယ်လှည့်ကာ လင်းဖန်ကို မျက်လုံးများအား ကျဉ်းမြောင်းကာ ကြည့်လိုက်၏။ ၎င်း၏မျက်လုံးများထဲတွင် ကြောက်ရွံ့တုန်လှုပ်သည့် အရိပ်အယောင်များဖြင့် ပြည့်နေသည်။
လင်းနို့၏အတောင်ပံများသည် ထပ်မံလှုပ်ရှားသွားပြီး ပျံသန်းသည့်အရှိန်ကိုမြင့်လိုက်၏။ ယခုကဲ့သို့အခြေအနေမှာ ၎င်းအနေဖြင့် လင်းဖန်နှင့် တိုက်ခိုက်၍ မဖြစ်ပေ။ နောက်မှာ ရှိနေသော အတောင်ပံကျားက ၎င်းကို မီသွားလိမ့်မည်။ ဤကဲ့သို့အခြေအနေမှာ တိုက်ခိုက်ရန် ကြိုးစားခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် တူညီသည်။
“ မင်းက လွတ်မြောက်ချင်တာလား ”
လင်းဖန်က အေးစက်စက်အပြုံးဖြင့် ပြောလိုက်၏။ သူ့ကို ရှိသည်ဟု မထင်ခဲ့ခြင်းအတွက် လင်းနို့ပေးဆပ်ရလိမ့်မည်။
လင်းဖန်ပြုံးလိုက်သည်။ လေစွမ်းအားက ပိုမိုအစွမ်းထက်လာပြီး လင်းဖန်သည် လေးညှို့မှပစ်လွှတ်လိုက်သည့် မြားတစ်စင်းအလား ရှေ့သို့ ရွေ့လျားသွား၏။ သူသည် စိတ်ကူးမယဉ်နိုင်လောက်အောင် လျင်မြန်နေသည်။ လင်းဖန်က လင်းနို့၏အနားသို့ အံ့မခန်းအမြန်နှုန်းဖြင့် ချဉ်းကပ်လာပြီး လင်းနို့မှာမူ ၎င်း၏အမြန်နှုန်းကို ထပ်မံ၍ မမြှင့်တင်နိုင်တော့သည့်ပုံပေါ်၏။
လင်းဖန်၏ လက်ချောင်းထိပ်များတွင် အံ့မခန်းဓားစွမ်းအားများဖြင့် ပြည့်လာသည်။ ထို့နောက် လင်းဖန်က သူ၏လက်ကို လှုပ်ရှားလိုက်ရာ လေထဲတွင် အလင်းရောင်လက်သွားသည်။ လင်းနို့သည် ကြောက်မက်ဖွယ်ရောဓားစွမ်းအားကို ခံစားမိလိုက်သောအခါ ၎င်း၏မျက်လုံးထဲတွင် အထိတ်တလန့်ဖြစ်သည့်အရိပ်အယောင်များ ဆိုးရွားစွာ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်း၏အတောင်ပံများကို အရှိန်ပြင်းစွာ ခတ်လိုက်ပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားသည်။
“ ဝှစ် ”
လင်းနို့၏ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ဓားစွမ်းအင်များ ထိုးဖောက်ဝင်ရောက်လာသည့်အတွက်ကြောင့် တုန်ခါသွားသည်။
လင်းနို့၏ထံမှ အလွန်တရာ နာကျင်စွာ အော်မြည်လိုက်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ၎င်းသည် အတောင်ပံများကို ခတ်နေသော်လည်း ဆက်လက်ရွေ့လျားရန် အစွမ်းမရှိတော့ဘဲ မြေပြင်သို့ ဝှေ့ကာ ဝိုက်ကာဖြင့် ဖြည်းညင်းစွာ ကျဆင်းသွားလေသည်။
လင်းနို့၏ဝမ်းဗိုက်သည် မြေပြင်ကို အရှိန်ပြင်းစွာ ရိုက်ခတ်သွား၏။ ၎င်းသည် ပျံသန်းရန်ကြိုးစားနေသော်လည်း ထပ်မံပျံသန်းရန် အစွမ်းမရှိတော့ပေ။
လင်းဖန်သည် ရွှမ်ချီအဆင့်နှစ်သို့ ရောက်ရှိနေသူဖြစ်ပြီး လင်းနို့က ရွှမ်ချီအဆင့်တစ်သာ ရှိ၏။ ဤကဲ့သို့ပြင်းထန်သော ဓားစွမ်းအင်များဖြင့်ပြည့်နေသည့် လင်းဖန်၏တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။
အတောင်ပံကျားသည် လင်းနို့၏ဘေးသို့ ရောက်လာပြီး ရက်စက်ကြမ်းကြုတ်စွာ ကြည့်လိုက်သည်။ ထို့နောက် ၎င်း၏ခေါင်းကို မော့လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်၏။
“ အဲ့ဒီကောင်ကို မင်းယူချင်လား ”
လင်းဖန်က မထူးခြားသည့်လေသံဖြင့် မေးမြန်းလိုက်ရာ အတောင်ပံကျားသည် တုန့်ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။
“ ကောင်းပြီ…ယူလိုက် ”
လင်းဖန်က ပြန်ပြောလိုက်သည်။ အတောင်ပံကျားသည် ကျုယ်လောင်စွာ ဟိန်းလိုက်ပြီး ၎င်း၏ပါးစပ်ကို ဟကာ ချွန်ထက်သောသွားတွေနှင့် လင်းနို့၏ခန္ဓာကိုယ်ကို ကိုက်လိုက်လေသည်။
လင်းနို့သည် နာကျင်မှုကြောင့် အော်မြည်နေ၏။ သို့ရာတွင် ရှေးဟောင်းတောရိုင်းကောင်ဖြစ်သော အတောင်ပံကျားသည် လင်းနို့၏နာကျင်မှုကို ဂရုမစိုက်ချေ။ ထို့နောက် အသက်ရှင်နေဆဲဖြစ်သော လင်းနို့၏ ခန္ဓာကိုယ်အတွင်းပိုင်းကို ဖြည်းညင်းစွာကိုက်ရင်း အဆုံးသတ်တွင် လင်းနို့၏နှလုံးသားတစ်ခုလုံးကို ဝါးမြိုပစ်လိုက်လေသည်။
လင်းဖန်သည် မြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေ၏။ အတောင်ပံကျား၏ပါးစပ်တွင် သွေးများဖုံးလွှမ်းနေသည်။ အဆင့်တူတောရိုင်းကောင်တစ်ကောင်၏ နှလုံးသားကို စားခြင်းက ၎င်းအတွက် လွန်စွာအကျိုးကျေးဇူးရှိတာဖြစ်ရမည်။
အတောင်ပံကျားသည် နှလုံးသားကို ဝါးမြိုပြီး ၎င်း၏ခန္ဓာကိုယ်ကို ထူးဆန်းသော အာရုံတစ်ခု ရိုက်ခတ်လာသည်။ ထို့နောက် ၎င်းက ခေါင်းကိုမော့လိုက်ပြီး ကျယ်လောင်စွာ ဟိန်းကာ လင်းဖန်ကို နားလည်ရခက်သည့်အကြည့်ဖြင့် ကြည့်နေ၏။
လင်းဖန်၏အမြန်နှုန်း တိုးတက်လာခဲ့သည်ကို အတောင်ပံကျားနားလည်သွားသည်။ လင်းဖန်သည် သူ၏အမြန်နှုန်းတိုးတက်စေရန် ရေတံခွန်အောက်မှာ လေ့ကျင့်နေခဲ့သည်။ လင်းဖန်၏အစွမ်းကို အတောင်ပံကျားလေးစားသည်။ ထို့အပြင် လင်းဖန်က များစွာတိုးတက်သွားခြင်းဖြစ်ကြောင်း ၎င်းခံစားမိနေ၏။
လူသားကျင့်ကြံသူများသည် အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းသည်။ ကြောင်က လူသားအဖြစ်သို့ ပြောင်းလဲရန်အတွက် အန္တရာယ်များသော ပြောင်းလဲခြင်းဖြစ်စဉ်ကို လိုလားစွာ လုပ်ဆောင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
“ ကျန်းချီ….ဒီနေရာမှာ နေဦးမှာလား ”
လင်းဖန်က အတောင်ပံကျားကို ကြည့်ကာ မေးလိုက်၏။ ဤနေရာတွင် သူတို့နေထိုင်ခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်၍ လင်းဖန်ထွက်သွားချင်နေသည်။
ကျန်းချီက ခေါင်းကိုခါယမ်းပြလိုက်၏။ ဤနေရာကို ကျန်းချီက မုန်းတီးနေသည်။ ကြောင်က ဤနေရာမှာ ၎င်းကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ် နှစ်ပေါင်းများစွာ ဆက်ဆံခဲ့သည်ဖြစ်ရာ ဤနေရာသည် ၎င်း၏စိတ်ထဲမှာ နာကျဉ်းစရာ နေရာတစ်ခုအဖြစ် အမြဲတည်ရှိနေသည်။
“ ကောင်းပြီ။ သွားကြမယ် ”
လင်းဖန်က ပြုံး၍ ပြောလိုက်၏။ ထို့နောက် လင်းဖန်၏ခန္ဓာကိုယ်သည် လှစ်ခနဲလှုပ်ရှားသွားပြီး ကျန်းချီ၏အတောင်ပံနှစ်ဖက်ကြားရှိ ကျောပြင်ထက်သို့ ကျဆင်းသွားလေသည်။