လေလှိုင်းဓားသိုင်း
အိုဟောင်းနေသော လမ်းမကြီးထက်မှာ လူများစွာက မြင်းများကို စီးလျက် ရန်ကျုံးမြို့သို့ ခရီးနှင်နေကြလေသည်။
ရှေးဟောင်းလမ်းမကြီးထက်မှာ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေးတစ်ယောက်သည်လည်း မြင်းကိုစီးလျက် ရန်ကျုံးမြို့သို့ သွားလာနေ၏။ သူမပုံစံက အစွမ်းထက်လှသည့်အသွင်ရှိပြီး အလွန်လှပချောမောသည်။ သူမ၏မျက်လုံးလေးများက မောက်မာဝင့်ကြွားသည့်အငွေ့အသက်များ ထွက်ပေါ်နေ၏။
“ ချန်ချန်..ဒီတစ်ကြိမ် ရန်ကျုံးမြို့ကို ငါတို့ရောက်တဲ့အခါ မင်းရဲ့သာမန်ထက်ထူးကဲ့တဲ့အစွမ်းတွေကို ထုတ်ဖော်ပြသရလိမ့်မယ်။ မျိုးနွယ်စုမှာရှိတဲ့ လူတိုင်းက မင်းအတွက် အရမ်းဂုဏ်ယူနေကြလိမ့်မယ် ”
ထိုစဉ် လူငယ်တစ်ယောက်က အနီရောင်ဝတ်စုံနှင့် မိန်းမပျိုကို ပြောလိုက်သည်။ ထိုလူငယ်၏ပုံစံက စိတ်လှုပ်ရှားနေသည့်အသွင်လည်း ရှိသည်။ ထိုလူငယ်ကား လင်းဟုန်ဖြစ်ပေသည်။
လင်းဟုန်၏ဘေးမှာ ရှိနေသူကား သူ့ညီမလင်းချန်ဖြစ်သည်။ လင်းမျိုးနွယ်စုမှာ ရှိနေသော လူအားလုံးက လင်းချန်အတွက် ဂုဏ်ယူနေခဲ့ကြ၏။
ဤရက်တွေအတွင်းမှာ လင်းချန်က ပိုမိုရင့်ကျက်လာပြီး သူမကိုယ်မှထွက်ပေါ်နေသည့် ချီစွမ်းအားများသည်လည်း သာမန်နှင့်မတူ ထူးခြားနေခဲ့သည်။
အင်ပါယာမြို့တော်မှာ တစ်နှစ်ကြာနေထိုင်ပြီးနောက် လင်းချန်သည် လင်းချီစုဆောင်းမှုအဆင့်တစ်မှ အဆင့်လေးသို့ ရောက်ရှိလာသည်အထိ တိုးတက်လာခဲ့သည်။ သူမက စစ်မှန်သော ပါရမီရှင်တစ်ယောက်ဖြစ်၏။ ခက်ခက်ခဲခဲလေ့ကျင့်ခဲ့သည့်အတွက် ဤကဲ့သို့ ရလဒ်ကို ရယူပိုင်ဆိုင်နိုင်ခြင်း ဖြစ်သည်။ လင်းချန်သည် လူအများထက် ခေါင်းတစ်လုံး ပိုမြင့်ချင်သူဖြစ်၏။ ထိုကဲ့သို့ စရိုက်ရှိသော သူမအတွက် များစွာတိုးတက်လာစေရန်အလို့ငှာ တင်းကြပ်ခိုင်မာသော စိတ်ဓာတ်ရှိရန်လိုအပ်ပေသည်။
“ အကိုလည်း အတော်လေးအစွမ်းထက်လာတာပဲ။ ရန်ကျုံးမြို့မှာ အကို့ကို ယှဉ်ပြိုင်နိုင်တဲ့လူ အများကြီး မရှိဘူး ”
လင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူမအသံက လေထဲမှတဆင့်လွင့်မျောသွားပြီး လင်းဟုန်၏နားသို့ ရောက်ရှိသွားရာ လင်းဟုန်၏မျက်နှာပြုံးသွားလေသည်။ အဆင့်မြင့်မားစွာပြန်လာသော သူတို့နှစ်ယောက်ကိုတွေ့လျင် လူအားလုံးက သူတို့အတွက် ဂုဏ်ယူနေကြပေလိမ့်မည်။
“ ချန်ချန်…ညီမလေးနဲ့ ယှဉ်ရင်တော့ အကိုက အများကြီးအစွမ်းနိမ့်နေပါသေးတယ် ”
လင်းဟုန်က ပြုံး၍ ပြောလိုက်သည်။ အမှန်တကယ်လည်း သူမက သူ့ထက်များစွာအစွမ်းထက်မြက်သည်။ ထို့အပြင် အဆင့်မြင့်အရာရှိရှစ်ယောက်ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သော ချူကျန်းဖန်က သူမကို စိတ်ဝင်စားနေရာ လူများစွာအတွက် မနာလိုဖွယ်ရာကောင်းနေသည်။ လင်းဖန်နှင့် သူမ၏သူငယ်ချင်းများက အနာဂတ်သစ်အဖွဲ့မှဖြစ်ပြီး လင်းဟုန်ထက် များစွာ အရည်အချင်းရှိလေသည်။ သို့သော် သူ့ညီမနောက်မှ ပျော်ရွှင်စွာ လိုက်ပါလာ၏။
လင်းဖန်က လင်းမျိုးနွယ်စုမှ ထုတ်ပယ်ခံလိုက်ရသော အသုံးမကျသူတစ်ယောက်ဖြစ်သည်။ နောက်ဆုံးအကြိမ် သူ့ကို သူတို့တွေ့ဆုံစဉ်က အလွန်တရာအစွမ်းထက်မြက်သူတစ်ယောက် ဖြစ်နေ၏။ ယခုအချိန်ဆိုလျှင် ပိုမိုအစွမ်းထက်လာမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
လင်းဖန်က မြို့စားသစ်ဆိုတာကို လင်းချန်မသိချေ။ လင်းဟုန်နှင့် သူမက နှစ်ပတ်လည်တွေ့ဆုံပွဲမရောင်ခင်အချိန်ထိ စိတ်စွမ်းအားလေ့ကျင့်ရာတွင်သာ စိတ်ကိုနစ်မြှုပ်ထားခဲ့သည်။ ရန်ကျုံးမြို့သို့ ပြန်သောအခါ ဖြစ်နိုင်သမျှ အစွမ်းထက်မြက်လာစေရန် သူတို့အလိုရှိခဲ့၏။
လင်းချန်က စိတ်စွမ်းအားလေ့ကျင့်ခန်းမှ ထွက်ပြီးပြီးချင်း မြင်းကိုစီးကာ ရန်ကျုံးမြို့သို့ ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။
ထိုလမ်းဟောင်းကြီးထက်မှာပင် အနီရောင်တောက်ပနေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် တခြားမိန်းမပျိုလေးတစ်ယောက်လည်း ရှိနေ၏။ သူမသည်လည်း ရန်ကျုံးမြို့သို့ မြင်းကိုအပြင်းစီးကာ သွားနေခြင်းဖြစ်သည်။
