အပိုင်း ( ၂၂၅ )

1.3K 134 0
                                    

ဓားကိုင်ခွင့်ပြုခဲ့သလော….

“ လင်းဖန် ”

“ လင်းဖန်က သူမချစ်တဲ့လူဖြစ်ရမယ် ”
မိန်းမလှလေး၏နှုတ်မှထွက်ကျလာသော နာမည်တစ်ခုကို ကြားကာ လူအုပ်ကြီးက ခန့်မှန်းနေကြသည်။  သူ့ကို ချစ်မြတ်နိုးသည့်အတွက် အသက်အသေခံခဲ့တာကို သူသိသွားစေရန် သူမမျှော်လင့်နေသည့်ပုံလည်းရ၏။

ဤကဲ့သို့ အချိန်အခါမှာ ထိုမိန်းမလှလေးနှင့်ထပ်တူ လူအုပ်ကြီးမှာ ခံစားလာရသည်။

“ လင်းဖန်ကို ခေါ်နေတာပဲ ”
ကျစ်လင်းမှာ အံ့သြမှင်တက်သွားပြီး သွမ့်ရှင်းရဲ့ကို ငေးကြည့်လိုက်၏။ သို့သော် သွမ့်ရှင်းရဲ့ပြောနေသော လင်းဖန်က သူမသိသောလင်းဖန်မဟုတ်နိုင်တာ သေချာသည်။

ဤမျှလှပသောမိန်းကလေးက ဘယ်လိုလုပ် သူမသိသောလင်းဖန်ကို ချစ်မြတ်နိုးနိုင်လိမ့်မည်နည်း။

ထိုစဉ်လူအုပ်အလယ်တွင်ရှိနေသော လင်းဖန်မှာ ပြင်းထန်စွာတုန်လှုပ်သွား၏။

“ လင်းဖန်..ကျွန်မတကယ်မသိခဲ့ပါဘူး ”
ဘာအတွက်ကြောင့် သူမ၏နောက်ဆုံးအချိန်မှာတောင် လင်းဖန်အကြောင်း သူမစဉ်းစားနေရလေသနည်း။

“ ငါ ရှင်းရဲ့ကို အများကြီးအထင်လွဲသွားခဲ့တယ် ”
လင်းဖန်၏နှလုံးသားက ချက်ချင်းပင်နာကျင်မှုကို ခံစားလာရသည်။

သူမကို ကယ်ဆယ်ရန်အတွက် အနက်ရောင်အစောင့်အရှောက်များကို သူသတ်ခဲ့သည်။ သို့သော် လျှို့ဝှက်ကြံစည်မှုကို အဖြေရှာသောအခါ သူမှားယွင်းစွာဆုံးဖြတ်မိခဲ့ပြီး သွမ့်ရှင်းရဲ့ကို ပစ်ပယ်ခဲ့၏။ သူ့ကြောင့် သူမက ဤအခြေအနေသို့ရောက်ကာ ကျစ်ကျုန်း၏အတင်းအကြပ်ဖိအားပေးလက်ထပ်ရန်စေခိုင်းမှုကို ခံရခြင်းဖြစ်သည်။

ဘာအတွက်ကြောင့် သူမက သူ့ကို ရှင်းပြရန်လိုအပ်မည်နည်း။ သူ့အနေဖြင့် သူမကို ယုံကြည်သင့်ပေသည်။

“ ခဏ..စောင့်ပါဦး ”
လင်းဖန်ကပြောလိုက်ပြီး လေထုကိုဖြတ်၍ ပြေးလာသည်။ ချက်ချင်းပင် စင်္ကြံလမ်းအတွင်းသို့ သူရောက်သွားလေ၏။

လင်းဖန်၏ပုံရိပ်က လူအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားတော့သည်။ လူအားလုံးက သူ့ကို ကြည့်နေ၏။ သူ့အဝတ်အစားက အဖြူရောင်ဖြစ်ကာ သန့်ရှင်းနေသည်။ သူ့မျက်နှာက ယောက်ျားပီသ၏။

ထို့အပြင် သွမ့်ရှင်းရဲ့က လင်းဖန်ကို မြင်သောအခါ သူမ၏နှလုံးသားများ စတင်ခုန်လာလေသည်။

ဒါက လင်းဖန်ပဲ…သူဒီမှာရှိနေခဲ့တယ်….

ရိုးရှင်းပြီး ထီမထင်ဟန်ရှိသည့်အသွင်…အမှန်ကတယ်ပင် သူမရှေ့သို့ သူရောက်လာခဲ့လေပြီ။ သူမအမြင်မှားနေခြင်းမဟုတ်….

စင်္ကြံလမ်း၏အောက်တွင် ရှိနေသော ကျစ်ယီနှင့်ကျစ်လင်းက လင်းဖန်ကို စူးစိုက်စွာကြည့်ကာ တုန်လှုပ်သွားသည်။ သွမ့်ရှင်းရဲ့ပြောနေခဲ့သောလူက သူမတို့သိသော လင်းဖန်ဖြစ်နေခဲ့လေသလား။

မည်သည့်အတွက်ကြောင့် သူက မျက်နှာဖုံးတပ်ထားခဲ့လေသနည်း။

“ မမကျစ်ယီ…ဟိုမမပြောခဲ့တဲ့လူက လင်းဖန်လား?”
ကျစ်လင်းက တီးတိုးပြောဆိုလိုက်သည်။ သူမမြင်တွေ့နေရတာကို မယုံကြည်နိုင်အောင် ဖြစ်နေ၏။

ထိုအချိန်တွင် ကျစ်ယီက လင်းဟောက်ကျဲကို မျှော်လင့်ချက်ကင်းမဲ့စွာ ကြည့်နေရာမှ ရပ်တန့်လိုက်သည်။ သူမနှလုံးသားထဲတွင် အမုန်းတရားများနှင့် ပြည့်လာ၏။ ထို့နောက် လင်းဖန်ကို ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
“ ဒါက ဘယ်လိုလုပ်လင်းဖန်ဖြစ်နိုင်မှာလဲ..မဟုတ်ဘူးရယ်!”

စင်္ကြလမ်းထက်တွင် လင်းဟောက်ကျဲက လင်းဖန်ကို ကြည့်နေ၏။ သူ့မျက်လုံးများထဲတွင် အလင်းရောင်တစ်ချက်လက်သွားသည်။ ဤလူငယ်ကို တစ်နေရာမှာ မြင်တွေ့ဖူးပုံပေါ်နေ၏။ သို့သော် လင်းဖန်၏မျက်နှာကို မမြင်တွေ့ခဲ့ရသည့်အတွက် ထိုအတွေးကို သူပယ်ဖျက်လိုက်သည်။

သွမ့်ရှင်းရဲ့က လင်းဖန်ကို ကြည့်ကာ တိတ်ဆိတ်ငြိမ်သက်နေ၏။ သူမလက်ထဲတွင် တင်းကြပ်စွာဆုပ်ကိုင်ထားသော ဓားမြောင်သည်လည်း လျော့ကျလာသည်။

“ လင်းဖန် ”

သွမ့်ရှင်းရဲ့မှာ သူမမျက်လုံးကိုပင် မယုံကြည်နိုင်ဖြစ်နေကာ လင်းဖန်၏အမည်ကို တိုးတိတ်စွာဖြင့်သာ ရေရွတ်လိုက်၏။

“ ဟုတ်ပါတယ်…ငါပါ။ မင်းကိုနာကျင်စေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ် ”
လင်းဖန်က သက်ပြင်းချလျက်ပြောလိုက်သည်။ သူတောင်းပန်သောအသံက ရိုးသားပွင့်လင်းနေ၏။

လင်းဖန်ပြောတာကို သွမ့်ရှင်းရဲ့ကြားလိုက်ရသောအခါ သူမ၏မျက်လုံးလေးများမှ မျက်ရည်များက ပါးပြင်ထက်သို့ အဆက်မပြတ် ကျဆင်းလာပြီး စတင်ငိုကြွေးလေတော့သည်။ သို့သော်လည်း သူမ၏မျက်နှာထက်တွင် အပြုံးလေးတစ်ခုရှိနေ၏။ ယခုအခါတွင် ဤမိန်းမလှလေး၏အပြုံးနှင့်ယှဉ်နိုင်သော အရာ ဤကမ္ဘာတွင် ရှိနိုင်အံ့မထင်။ လူအုပ်ကြီးမှာ ထိုမြင်ကွင်းကြောင့် စိတ်နှလုံးလှုပ်ခတ်သွားရလေသည်။

PMG အတွဲ ( ၂ )Où les histoires vivent. Découvrez maintenant