အပိုင်း ( ၃၈၂ )

335 40 0
                                    

Zawgyi

တောရိုင်းကောင်ကို ထိန်းချုပ်ခြင်း

“ မင်းကလည်း သေရမှာ မကြောက်ဖူးကိုး ”
လင်းဖန်က ပြန်လည်ဖြေကြားလိုက်ရာ ဝူကျိန်းကို တအံ့တသြဖြစ်သွားစေ၏။ သူ၏သားရဲဆန်သော မျက်လုံးများ ပြန်လည်ပေါ်ထွက်လာသည်။
လင်းဖန်၏မျက်လုံးများသည်လည်း ပြောင်းလဲသွား၏။ ခံစားချက်ကင်းမဲ့ပြီး နက်မှောင်နေသော မျက်လုံးနှစ်လုံး ပေါ်ထွက်လာသည်။ လင်းဖန်သည် မြင့်မြတ်သောဝိညာဉ်ကို အသုံးမပြုခဲ့သည်မှာ အချိန်ကြာပြီဖြစ်သဖြင့် အမှောင်ထုထဲမှာရှိသော ကမ္ဘာကြီးကို မကြည့်ရသည်မှာ ကြာခဲ့လေပြီ။
လင်းဖန်သည် သူ၏ပတ်လည်မှာ ဖြစ်ပျက်နေသမျှအရာအားလုံးကို ကောင်းမွန်စွာ အာရုံခံနိုင်သည်။ ကမ္ဘာမြေနှင့်ပေါင်းစပ်ခြင်း၊ အမှောင်ကမ္ဘာတို့က သူ့ကို တူညီနေသည့်တိုင် လုံးဝကွဲပြားသော ခံစားချက်ကို ရရှိစေ၏။ ယခုအချိန်မှာ သူသည် ကမ္ဘာမှာမဟုတ်တော့ဘဲ သူ့မျက်လုံးထဲမှာ မြင်နေသမျှအရာအားလုံးက အမှောင်ကမ္ဘာဖြစ်နေသည်။
လင်းဖန်သည် ဝူကျိန်းကို နက်မှောင်သော သူ၏မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်၏။ ဤတစ်ကြိမ်မှာ သူသည် ရှောင်တိမ်းရန် မကြိုးစားတော့ချေ။ သူ့ဦးနှောက်က အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နေရပြီး မည်သည့်အရာကမျှ သူ့အပေါ်လွှမ်းမိုးလာခြင်း မရှိတော့ချေ။
ဝူကျိန်းသည် လင်းဖန်၏မျက်လုံးများက လုံးဝနက်မှောင်နေတာကို မြင်သောအခါ တုန်လှုပ်သွားသည်။ လင်းဖန်၏မျက်လုံးများသည် သူ့မျက်လုံးများထက် များစွာအစွမ်းထက်မြက်နေပုံပေါ်၏။
ဝူကျိန်း၏မျက်လုံးများမှ သားရဲဆန်သော အလင်းရောင်တချို့တောက်ပကာ လင်းဖန်ကိုကြည့်လိုက်သော်လည်း ထိုနက်မှောင်နေသော မျက်လုံးများသည် ခံစားချက်ကင်းမဲ့နေ၏။ လင်းဖန်၏မျက်လုံးများသည် အဆုံးအစမဲ့နက်ရှိုင်းသော အမှောင်ထုကို ရောက်သွားသည့်ပမာ ဝူကျိန်းကို ခံစားသွားရစေရာ ဝူကျိန်းမျက်မှောင်ကြုတ်သွားသည်။
သူ့မျက်လုံးများက အံ့သြစရာကောင်းအောင် အသုံးမဝင်တော့ဘဲ လင်းဖန်ကို လွှမ်းမိုးနိုင်စွမ်းမရှိတော့ပေ။
“ မဆိုးဘူး။ ဒါပေမယ့်…..အဲ့ဒီတော့ ဘာဖြစ်လဲ ”
ဝူကျိန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။ သူသည် ရှေ့သို့တက်လိုက်ပြီး လှစ်ခနဲလှုပ်ရှားလိုက်ရာ နေရာမှ ပျောက်ကွယ်သွားပြီး လင်းဖန်၏ရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။ ထို့နောက်သူသည် ပြင်းထန်အေးစက်သည့်ချီများကို ထုတ်ဖော်လိုက်ပြီး လင်းဖန်ထံသို့ ပြေးဝင်လိုက်၏။ သူက အလစ်ဝင်တိုက်ခိုက်လိုက်ခြင်းပင်။ လင်းဖန်သည် ရေခဲချီများကို ခံစားလိုက်ရပြီး နောက်သို့ တည်ငြိမ်စွာ ဆုတ်လိုက်သည်။ ဝူကျိန်းက ဤကဲ့သို့ အေးစက်သောချီများကို ထုတ်နိုင်အောင် မည်သည့်ကျင့်စဉ်ကို လေ့ကျင့်လဲဆိုတာ လင်းဖန်သိချင်သွား၏။
“ နောက်ဆုတ်နေတာလား ”
ဝူကျိန်း၏နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်သောအပြုံးစတစ်စ ခိုတွဲလာသည်။ သူ့ခန္ဓာကိုယ်က နောက်တစ်ကြိမ် လှုပ်ရှားသွားပြီး လင်းဖန်ကို အနီးကပ်လိုက်နေ၏။ လေအေးတစ်ချက်တိုက်ခိုက်သွားသည့်အချိန်တိုင်း သစ်ပင်များပေါ်မှာ ရေခဲအလွှတ်တစ်ခု ဖြစ်ပေါ်လာနေသည်။ အချိန်ခဏအတွင်းမှာ ရေခဲများက သစ်ပင်များကို ဖုံးလွှမ်းလာ၏။
“ ဘယ်လောက်မြန်လိုက်လဲ ”
ဝူကျိန်းက အလွန်လျင်မြန်စွာ လှုပ်ရှားနေရာ လင်းဖန်သည် ဖိအားကို ခံစားနေရသည်။ ဝူကျိန်း၏ အေးစက်သောလေက အလွန်တရာ အန္တရာယ်ရှိလှပြီး အံ့မခန်းအမြန်နှုန်းဖြင့် ရွေ့လျားနေ၏။
လင်းဖန်က သန့်စင်သောချီဖြင့် ဓားကို စုစည်းလိုက်ပြီး သူ့ခန္ဓာကိုယ်မှ မီးတောက်များ ထုတ်ဖော်လိုက်သည်။ သို့ရာတွင် သန့်စင်သောနေချီများသည် ဒူရန်နှင့်တိုက်ခိုက်စဉ်ကလောက် တောက်ပခြင်းမရှိတော့ချေ။
“ ဒူရန်ကို သတ်တုန်းက သန့်စင်တဲ့ချီတွေအများကြီးကို မင်းအသုံးပြုပြီးနေပြီ ”
ဝူကျိန်းသည် လင်းဖန်၏သန့်စင်သောချီများက အစွမ်းလျော့နည်းနေတာကို သတိထားမိသောအခါ ပြုံး၍ ပြောလိုက်သည်။
“ မင်းကြိုးစားပြီး ဖုန်းကွယ်မနေနဲ့။ ငါက အဆင့်နိမ့်လကျင့်စဉ်ကို လေ့ကျင့်ထားတာ။ မင်းရဲ့နေကျင့်စဉ်ကို ငါကောင်းကောင်းနားလည်တယ်။ ငါ့ကို အရူးလုပ်လို့မရဘူး ”
ဝူကျိန်းက သူ့စကားကိုသူ ပြန်လည်ဖြေကြားလိုက်သည့်အသွင်ဖြင့် ဆက်လက်ပြောဆိုလိုက်၏။ ထို့နောက် ဝူကျိန်းသည် ရုတ်တရက် ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ သူ၏လက်သီးသည် လေခွင်းသံပေး၍ လင်းဖန်ဆီသို့ ပြေးဝင်သွား၏။ လင်းဖန်နှင့် ထိတွေ့မိသောအခါ လင်းဖန်၏သန့်စင်သောနေချီနှင့် ဓားသည် တခဏအတွင်း ပျောက်ကွယ်သွားသည်။
“ လအဆင့်နိမ့်ကျင့်စဉ်…အဲ့ဒါကြောင့်ကိုး…”
လင်းဖန်သည် ရုတ်တရက် နားလည်သွားသည့်ပုံပေါ်၏။ မိန်ချင်းသည် လအဆင့်နိမ့်ကျင့်စဉ်ကို လေ့ကျင့်ခဲ့သည်။ လကျင့်စဉ်နှင့်နေကျင့်စဉ်တို့သည် တစ်ခုကိုတစ်ခု ဓာတ်ပျယ်အောင် ပြုလုပ်နိုင်စွမ်းရှိသည်။ ထို့အပြင် သူ၏အာကာသမီးလျှံနေမင်းကျင့်စဉ်သည် လက်ရှိအချိန်မှာ နေအဆင့်နိမ့်ကျင့်စဉ်၏အစွမ်းသာ ရှိနေသေးကြောင်း မိန်ချင်းက သူ့ကို ပြောပြထားခဲ့၏။
ဝူကျိန်းသည် လအဆင့်နိမ့်ကျင့်စဉ်ကို လေ့ကျင့်ခဲ့သည်။ သို့သော် သူ၏ကျင့်ကြံခြင်းအဆင့်က မြင့်မားသည့်အတွက် သူ၏တိုက်ခိုက်မှုများက
နောက်ထပ်ရေခဲတမျှအေးစက်သော လေများ စတင်တိုက်ခိုက်လာပြီး လင်းဖန်၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။ လင်းဖန်မှာ အသက်ရှင်လျက် အေးခဲသွားတော့မည်ကဲ့သို့ ခံစားလိုက်ရ၏။
လင်းဖန်က နောက်ဆုတ်ရန်ကြိုးစားလိုက်သည်။ သို့သော် ဝူကျိန်းက သူ့ကို အခွင့်အရေးအနည်းငယ်မျှ ပေးချင်သည့်ပုံမပေါ်ချေ။ သူသည် အေးစက်လေများကို အသုံးပြုကာ အရှိန်မြင့်ပြီး တစ်ချိန်လုံး သူ့နောက်မှ ကပ်ရပ်လိုက်ပါနေ၏။ လင်းဖန်၏အာရုံခံနိုင်စွမ်းသည် အမှောင်ကမ္ဘာကို အသုံးပြုသောအခါ အလွန်တိကျကာ မြန်ဆန်လာပြီး ဝူကျိန်း၏လှုပ်ရှားမှုတိုင်းကို သိနေသော်လည်း အေးစက်သောလေများကြောင့် ကောင်းမွန်စွာ လွတ်မြောက်ရန် မလုပ်ဆောင်နိုင်သေးပေ။
“ မိန်ချင်းရဲ့လအဆင့်နိမ့်ကျင့်စဉ်ကလည်း ရေခဲချီတွေကို ဖန်တီးထားတာ။ ဝူကျိန်းရဲ့လအဆင့်နိမ့်ကျင့်စဉ်က အားပျော့ပေမယ့် ပိုပြီးထိရောက်နေတယ်။ ဒီကောင်တိုက်တာတွေက မိန်ချင်းကို မယှဉ်နိုင်ပေမယ့် ရှောင်တိမ်းဖို့ခက်တယ် ”
လင်းဖန်၏မျက်လုံးများက ယခင်အတိုင်း နက်မှောင်နေပြီး သူ့အတွေးများက ရှင်းလင်းပြတ်သားနေ၏။ ဝူကျိန်း၏ တိုက်ခိုက်မှုအားလုံးက သူ၏ခေါင်းကိုသာ ဦးတည်နေပြီး မကြာခင်မှာ ဝူကျိန်း၏လက်သီးချက်ကြောင့်ဖြစ်စေ၊ သူဖန်တီးထားသော လေများကြောင့်ဖြစ်စေ ထိခိုက်မိမှာကို လင်းဖန်စိုးရိမ်နေသည်။
“ ငါအစွမ်းကုန်ထုတ်မသုံးရင် ဒီနေ့ ငါလွတ်မြောက်နိုင်တော့မယ့်ပုံမပေါ်ဘူး ”
လင်းဖန်တွေးလိုက်၏။ ဝူကျိန်းသည် အလွန်တရာ အစွမ်းထက်သူဖြစ်သည်။ ထို့ပြင် လင်းဖန်သည် ဒူရန်နှင့်တိုက်ခိုက်စဉ်တည်းက သန့်စင်သောချီများစွာကို အသုံးပြုခဲ့ရ၏။ ဒူရန်ကို သတ်ရန် သူ၏အနက်ရောင်ကြာပွင့်ကို အသုံးပြုခဲ့ရသည်။ ဒူရန်ကို ပြာကလွဲပြီး ဘာမှမကျန်အောင် အသက်ရှင်ရက် သူမီးလောင်မြိုက်စေခဲ့သည်။ ပြဿနာက ယခုသူတိုက်ခိုက်နေရသူသည် ဒူရန်ထက်များစွာအစွမ်းထက်သည့်လူ ဖြစ်နေခြင်းပင်။
နောက်ထပ်တောက်ပသော ဓားတစ်လက်ထွက်ပေါ်လာပြီး လင်းဖန်သည် နောက်သို့ အလျင်အမြန်ဆုတ်ခွာလိုက်၏။ သူသာ ဝူကျိန်းကိုသတ်ချင်လျှင် ဝမ်ရှောက်ကျောင်းတော်နှင့် ဝေးသည့်နေရာမှာ သတ်တာ ပိုကောင်းသည်။
ယခုအချိန်မှာ ဝူကျိန်းကို သတ်လိုက်လျှင် သူ့အတွက် လွတ်မြောက်ရန် လုံလောက်သော အချိန်ရှိ၏။
ဝူကျိန်း၏လက်သီးက နောက်ထပ်လေပြင်းတစ်ခုကို ဖြတ်ပေါ်စေလျက် လင်းဖန်၏ဓားဆီသို့ ပြေးဝင်လာသည်။ ဝူကျိန်း၏မျက်နှာထက်မှာ လှောင်ပြောင်သောအပြုံးတစ်စ ရှိနေဆဲပင်။ လင်းဖန်က လွတ်မြောက်ချင်တာလား။ လင်းဖန်က ဤနေရာမှ လွတ်မြောက်နိုင်မည်ဟု ထင်နေသေးတာလား။
သူတို့နှစ်ယောက်သည် ဆက်လက်တိုက်ခိုက်နေရင်း နဂါးကိုးကောင်တောင်တန်း၏ တောနက်ထဲသို့ ရောက်လာ၏။ ဝူကျိန်းသည် သင့်တော်သော တောရိုင်းကောင်ကို တွေ့လျှင် သိမ်းသွင်းရန် ရည်ရွယ်ထားသည်။ သူသည် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ရန် စိတ်ကူးထားခြင်းဖြစ်၏။ သူ့အတွက် လင်းဖန်ကိုလည်းသတ်ရမည်။ သင့်တော်သော တောရိုင်းကောင်ကိုလည်း ရမည်ဆိုလျှင် မကောင်းသလော။
ဝူကျိန်းသည် မနှေးလွန်း၊ မမြန်လွန်း ပုံမှန်အတိုင်း လင်းဖန်၏နောက်သို့ လိုက်ပါနေသည်။ သူ့စိတ်ထဲတွင် အခြေအနေတစ်ခုလုံးကို လုံးဝထိန်းချုပ်နိုင်ပြီဟုသော ခံစားချက်များ ရရှိနေ၏။ ဤကိစ္စက ကလေးကစားစရာ တစ်ခုပမာ ဖြစ်နေသည်။ သူ့အတွက် လင်းဖန်က သေလူဖြစ်နေ၏။ သေလူတစ်ယောက် သွားနေခြင်းကို သူ့အနေဖြင့် အလျင်အမြန် လိုက်နေရန် မလိုအပ်ချေ။
ဝူကျိန်းတွေးနေသည်များကို လင်းဖန်ခန့်မှန်းမိသည်။ အမှောင်ကမ္ဘာမှာ သူအေးစက်စွာ ပြုံးနေသည်။ သူသည်လည်း အရှိန်မြင့်စွာ ပြေးနေခြင်းကို ရပ်တန့်လိုက်၏။ ထို့နောက် လင်းဖန်သည် သစ်ပင်များ၏ထိပ်ဖျားတွေပေါ်သို့ စတင်ပြေးလွှားလိုက်သည်။ ထို့အတွက်ကြောင့် သူ့အနေဖြင့် သန့်စင်သောချီများကို အသုံးမပြုဘဲ အလျင်အမြန်ပြေးလွှားနိုင်သည်။ ထိုသို့လုပ်နေစဉ်အတွင်း သူ၏သန့်စင်သောချီများကို ပြန်လည်ပြည့်ဝလာစေရန် လုပ်နိုင်သည်။
ဝူကျိန်းသည် အလွန်တရာယုံကြည်မှုရှိစွာ ပြုမူနေ၏။
“ နောက်ထပ်ဝေးဝေးကို မင်းမပြေးတော့ဘူးလား။ ငါ့လက်က မင်းမလွတ်နိုင်ပါဘူး ”
လူနှစ်ယောက်သည် တောနက်တစ်ခု၏ အထက်တွင် ရှိနေ၏။ ဝူကျိန်းသည် ထိုစကားလုံးများကို သရော်လှောင်ပြောင်သည့်လေသံဖြင့် ပြောနေသည်။ လင်းဖန်သည် သစ်ပင်များထက်မှာ ပေါ့ပါးစွာ ပြေးနေရာမှ နောက်ဆုံးတွင် အရှိန်လျော့လိုက်ပြီး ရပ်တန့်လိုက်၏။
သူချာခနဲလှည့်လိုက်သည်။ သူ့မျက်လုံးများက နက်မှောင်ကာ ခံစားချက်ကင်းမဲ့နေ၏။
“ ဟုတ်တယ်။ မင်းပြောတာမှန်တယ်။ ဒီလောက်ဝေးဝေးဆိုရင်ကို လုံလောက်သင့်နေပြီ ”
လင်းဖန်က မထူးခြားသည့်လေသံဖြင့် ပြောလိုက်ရင်း ဆက်လက်၍
“ ဒါပေမယ့် မင်းလက်ကနေ လွတ်အောင် ငါကြိုးစားနေတာ မဟုတ်ဘူး ”
“ ငါ့လက်ကနေလွတ်အောင် မင်းက မကြိုးစားဘူးပေါ့ ”
ဝူကျိန်းသည် ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်ရာ သူတို့ဆီသို့ ရွေ့လျားလာနေသော တောရိုင်းကောင်တချို့ကို မြင်လိုက်ရ၏။ ၎င်းတို့၏နယ်နိမိတ်ထဲသို့ လူနှစ်ယောက် ရောက်လာကြောင်း သတိထားမိနေသည့်ပုံပေါ်၏။ ထိုတောရိုင်းကောင်များ၏ မျက်လုံးတွေက ရေခဲတမျှ အေးစက်နေသည်။
“ မင်းမသေခင်…မင်းကို မှော်ဝိညာဉ်အစွမ်း ပြမယ် ”
ဝူကျိန်းသည် အေးစက်စက်လေသံဖြင့် ပြောလိုက်၏။ မကြာမီ လေထဲမှာ သူ၏စိတ်ဝိညာဉ်ပေါ်ထွက်လာသည်။ သူ၏စိတ်ဝိညာဉ်သည် မကောင်းဆိုးဝါးဝိညာဉ်တစ်ခုနှင့် ဆင်တူပြီး လေထဲမှာ ခန့်ညားထည်ဝါစွာ လွင့်မျောနေ၏။ ၎င်းက သက်ရှိတစ်ခုနှင့်မတူဘဲ အလွန်တရာ အေးစက်သောချီများကို ထုတ်ဖော်နေပြီး ၎င်း၏မျက်လုံးက အလွန်သားရဲဆန်ပြီး ကြောက်စရာကောင်းသည်။
“ သရဲ ”
ထိုစကားလုံးသည် လင်းဖန်၏စိတ်ထဲမှ ထွက်ပေါ်လာသော ပထမဆုံးစကားလုံးဖြစ်၏။ မှော်ဝိညာဉ်သည် သရဲတစ်ကောင်နှင့်ဆင်တူပြီး အစွမ်းနိမ့်သည့်ပုံပေါ်ကာ အေးစက်သောလေများ တိုက်ခတ်နေသည်။ သို့ရာတွင် ၎င်း၏အေးစက်သော မျက်လုံးများက လွန်စွာကြောက်စရာကောင်းနေ၏။
“ သေချာကြည့်နေ… အခု မှော်ဝိညာဉ်ရဲ့အစွမ်းကို မြင်တွေ့လိုက်ရတာနဲ့တင် မင်းပျော်ပျော်ကြီးသေလို့ရပြီ ”
ဝူကျိန်းက ကြောက်မက်ဖွယ်ကောင်းသည့် လေသံဖြင့် ပြောကြားလိုက်၏။ ထို့နောက် သူ့ပါးစပ်က တလှုပ်လှုပ်ဖြင့် အေးစက်စက်စကားသံများ ထွက်ကျလာသည်။
“ မှော်ဝိညာဉ်ကို မင်းကို မိတ်ဆက်ပေးလိုက်မယ်။ အခု သေဖို့အချိန်ကျပြီ ”
စကားဆုံးသည်နှင့် သူ၏စိတ်ဝိညာဉ်သည် လေထဲသို့ လွင့်မျောသွားသည်။ ထို့နောက် စိတ်ဝိညာဉ်မှ ထူးဆန်းပြီး ကြောက်စရာကောင်းသော ချီများ ထွက်ပေါ်လာရာ လင်းဖန်အံ့သြမှင်တက်သွား၏။ ထိုမှော်ဝိညာဉ်မှာ အသက်ရှိနေပုံပေါ်သည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူ၏သက်စောင့်ဝိညာဉ်သည် အစွမ်းနိမ့်သွားပြီး အဝေးသို့စုပ်ယူခြင်းခံလိုက်ရသည့်ပမာ လင်းဖန်ခံစားလိုက်ရသည်။
သို့သော် မှော်ဝိညာဉ်သည် လင်းဖန်ကို တခဏမျှသာ ကြည့်လိုက်ပြီး တောရိုင်းကောင်ဆီသို့ ရွေ့လျားသွား၏။ ကောင်းကင်ယံမှ သရဲတစ်ကောင်ထိုးဆင်းလာသကဲ့သို့ မကောင်းဆိုးဝါးအငွေ့အသက်များပါဝင်နေသည့် အဖြူရောင်အလင်းတန်းတစ်ခုသည် တောရိုင်းကောင်ကို လွှမ်းခြုံသွားသည်။ တောရိုင်းကောင်၏ အမြင်အာရုံတွေ ဝေဝါးသွားပြီးနောက် မျက်လုံးများတဖြည်းဖြည်း ပွင့်လာကာ လျင်မြန်စွာပင် ကျိုးနွံသည့်အကောင်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
“ ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်တဲ့ စိတ်ဝိညာဉ်လဲ။ အတော်လေးကြောက်စရာကောင်းတာပဲ ”
လင်းဖန်သည် အံ့သြမှင်တက်ကာ တွေးလိုက်မိ၏။ ထိုမှော်ဝိညာဉ်သည် ကြောက်မက်ဖွယ်ကောင်းလှပြီး တောရိုင်းကောင်များကို အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။
“ ဝေါင်း…..”
ဘေးပတ်လည်ရှိ တောရိုင်းကောင်များသည် အဝေးသို့ စတင်ပြေးသွားကြ၏။ ထိုမှော်ဝိညာဉ်သည် သူတို့အတွက် ကြောက်စရာ ကောင်းလွန်းလှသည်။
လင်းအဆင့်တောရိုင်းကောင်များသည် အလွန်ပါးနပ်၏။ ရွှမ်အဆင့်တောရိုင်းကောင်များဆိုလျှင် ထို့ထက်ပိုမိုပါးနပ်ကြရာ မှော်ဝိညာဉ်၏ကြောက်မက်ဖွယ်ကောင်းပုံကို မည်ကဲ့သို့ သတိမထားမိဘဲ ရှိမည်နည်း။
“ ဝူ… ဝူ….”
တောနက်ထဲမှ အသံရှည်စွဲကာ အူသံတချို့ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။ မှော်ဝိညာဉ်သည် လှစ်ခနဲလှုပ်ရှားသွားပြီး ထွက်ပြေးရန် ကြိုးစားနေသော ရွှမ်အဆင့်တောရိုင်းကောင်၏ ကျောထက်သို့ ရောက်ရှိသွားသည်။ ထိုတောရိုင်းကောင်သည် မှော်ဝိညာဉ်ကို ချက်ချင်းစူးစိုက်ကြည့်လိုက်ပြီး တဒင်္ဂအတွင်းမှာ ကျိုးနွံသောပုံစံဖြစ်သွားလေ၏။ ၎င်း၏မျက်လုံးများသည်လည်း ပထမဦးစွာ ထိန်းချုပ်ခြင်းခံလိုက်ရသော တောရိုင်းကောင်ကဲ့သို့ ဖြစ်နေသည်။
မျက်တောင်တစ်ချက်ခတ်အတွင်းမှာ ရွှမ်အဆင့်တောရိုင်းကောင်နှစ်ကောင်သည် မှော်ဝိညာဉ်၏ထိန်းချုပ်မှုအောက်သို့ ရောက်သွားသည်။
“ မှော်ဝိညာဉ်က ရှေးဟောင်းမျိုးဆက်ကနေ ဆင်းသက်လာတာပဲ။ အဲ့ဒါရဲ့အစွမ်းကို မြင်တွေ့လိုက်ရတာ မင်းအတွက် ဂုဏ်ယူစရာကောင်းတယ်။ မင်းပျော်ပျော်ကြီး သေနိုင်တယ် ”
ဝူကျိန်းက ပြောလိုက်သည်။ လင်းဖန်က သူ့ကို ကြည့်ကာ ခေါင်းကို ခါယမ်းလိုက်၏။
“ မင်းရဲ့စိတ်ဝိညာဉ်က စိတ်ညှို့ကျင့်စဉ်တစ်ခုလိုပဲ။ ဒါပေမယ့် ပြဿနာက တောရိုင်းကောင်တွေကိုပဲ ထိန်းချုပ်လို့ရတယ်။ သန်မာတဲ့ သက်စောင့်ဝိညာဉ်နဲ့လူတွေအတွက် အသုံးမဝင်ဘူး ”
လင်းဖန်က တဒင်္ဂကြာစဉ်းစားပြီးနောက် ပြောလိုက်သည်။ ထို့နောက် သူက ပြုံး၍ ဆက်လက်ပြောကြားလိုက်၏။
“ အခုလောက်ဆို လုံလောက်ပြီလို့ ထင်တယ်။ မင်းကိုလည်း ငါ့ရဲ့စိတ်ဝိညာဉ် ပြမယ် ”

PMG အတွဲ ( ၂ )Où les histoires vivent. Découvrez maintenant