အပိုင်း ( ၃၉၉ ) +အပိုငျး ( ၄၀၀ )

1.5K 99 29
                                        

Zawgyi

သတ်ရန်လာခြင်း

လူများကျင့်ကြံရာ ဓားတောင်ကိုးလုံးမှာကား ဘာမှမရှိတော့ဘဲ သန့်စင်သောချီများပြည့်နေသည့် မြေကြောတစ်ခုသာ ရှိနေ၏။
ဓားတောင်ကိုးလုံး ပျောက်ကွယ်သွားသော်လည်း ထိုနေရာသို့ လူများ ပိုမိုရောက်လာကြ၏။ သို့သော် သူတို့က ဓားပညာလေ့ကျင့်ရန်အတွက် လာရောက်ခြင်းမဟုတ်ပေ။
ယွဲ့မျိုးနွယ်စုသည် မြေကြောမှ ရရှိသော သဘာဝသယံဇာတများကို စတင်ထုတ်ယူနေကြ၏။ သူတို့က ထိုမြေကြောသည် ကီလိုမီတာများစွာ ကျယ်ပြောလှကြောင်းကိုပင် ရှာတွေ့သွားခဲ့သည်။ ထို့အပြင် သန့်စင်သောကျောက်တုံးများသည်လည်း ထိုနေရာကို ဖုံးလွှမ်းထား၏။
နဂါးကိုးကောင်တောင်တန်းသို့ လာရောက်ခဲ့ကြသော လူများသည်လည်း ဤနေရာမှာ သန့်စင်သောချီများပြည့်နေသည်ကို သိသော်လည်း ယခင်က မြေကြောသည် အလွန်နက်ရှိုင်းသည့်အတွက်ကြောင့် မြေအောက်မှာရှိနေသည့် ချီများကို အာရုံခံနိုင်ခြင်းမရှိချေ။ ယခုအချိန်မှာ မြေကြောက ပွင့်နေပြီး နေရာတစ်ခုလုံးက ကောင်းကင်နှင့်မြေကြီး၏ ချီများဖြင့် ပြည့်ကာ လေထဲတွင် လွင့်မျောနေသည်။
ထိုအတွက်ကြောင့် ယွဲ့မျိုးနွယ်စုသည် မြေကြောနှင့်ပတ်လည်တွင် အကာအကွယ်များ ချထားခဲ့၏။ ထို့ပြင် ၎င်းနေရာက နဂါးကိုးကောင်တောင်တန်း၏ အလယ်မှာရှိနေပြီး တောရိုင်းကောင်များဖြင့် ပြည့်နေသော နေရာတစ်နေရာ ဖြစ်သည်။
သန့်စင်သောချီများက တောရိုင်းကောင်များကို ဆွဲဆောင်နိုင်ရာ ယွဲ့မျိုးနွယ်စုအနေဖြင့် ထိုနေရာကို ကာကွယ်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။။
သို့ရာတွင် ယွဲ့မျိုးနွယ်စုက ထိုနေရာကို တောရိုင်းကောင်များအား မလာစေသော်လည်း ရွှီယွဲ့နိုင်ငံမှ လူများကို စည်းကမ်းများ သတ်မှတ်ကာ ဝင်ရောက်ခွင့်ပြု၏။ ထိုနေရာသို့ လာသောလူများအနေဖြင့် ကျင့်ကြံရန်သာခွင့်ပြုထားပြီး သန့်စင်သောကျောက်တုံးများ ကောက်ယူရန်အတွက်မူ ခွင့်ပြုခြင်းမပြုပေ။ အကယ်၍ လူတစ်ယောက်က သန့်စင်သောကျောက်တုံးတစ်တုံးကို ကောက်ယူခဲ့လျှင် အဆင့်နိမ့်ကျောက်တုံးပင်ဖြစ်နေပါစေ…ယွဲ့မျိုးနွယ်စုက ထိုလူကို သတ်ပစ်လိမ့်မည်။ စည်းမျဉ်းများကို ချိုးဖောက်ဝံ့သူမည်သူမဆို အသတ်ခံရမည်ဖြစ်သည်။
သို့ရာတွင် ယွဲ့မျိုးနွယ်စုက ထိုကဲ့သို့ လုပ်လိုက်ခြင်းသည် လူများကို ဒေါသထွက်စေမှာ စိုးရိမ်သောကြောင့်ဖြစ်သည်။ အကယ်၍ သူတို့သာ လူများကို မလာရန်တားမြစ်ခဲ့လျှင် လူများစုရုံးကာ မြေကြောကို သိမ်းပိုက်ရန်ကြိုးစားလာနိုင်သည်။
ထိုစဉ် အကာအကွယ်နေရာ၏အပြင်ဘက် တောရိုင်းကောင်များနှင့်ပြည့်နေသော တောနက်၏အလယ်၌ လူတစ်ချို့သည် တောရိုင်းကောင်များနှင့် တိုက်ခိုက်နေ၏။
ထိုလူအုပ်စုမှာ မိန်းမပျိုလေးနှစ်ယောက်၊ အဘိုးအိုတစ်ယောက်နှင့် လူငယ်လေးတစ်ယောက်တို့ဖြစ်သည်။
ထိုလူလေးယောက်သည် ယခုအခါ တောရိုင်းကောင်တစ်ကောင်ကို ဝိုင်းရံထားသည်။ ထိုတောရိုင်းကောင်မှာ လင်းအဆင့်ကိုးရှိသော မြွေတစ်ကောင်ဖြစ်ပြီး ၎င်း၏ပါးစပ်မှ အဆိပ်ချီများ ထုတ်လွှတ်နေ၏။ ထိုမြွေက ၎င်း၏ပါးစပ်ကို ဟလိုက်သောအခါ လူတစ်ယောက်လုံးကို ဝါးမြိုနိုင်သည်အထိ ကြီးမားလာသည်။
ထိုလူလေးယောက်သည် အထူးသတိထားနေကြ၏။ လင်းအဆင့်ကိုးရှိသော တောရိုင်းကောင်တစ်ကောင်သည် ကိုင်တွယ်ရခက်ခဲသည်။ ထိုလူလေးယောက်အနက် အစွမ်းထက်ဆုံးမှာ လူငယ်လေးဖြစ်၏။ သူသည် လင်းချီစုဆောင်းမှုအဆင့်ကိုးသို့ ရောက်ရှိနေသည်။ သူက အလွန်တရာထူးချွန်သူဖြစ်ပေသည်။
“ ဖန်ထင်း၊ မမကျင်းယွမ်… အမတှို့နှစ်ယောက် နောက်ဆုတ်လိုက်။ ဒီမြွေကို ကျွန်တော်ကိုင်တွယ်လိုက်မယ် ”
လူငယ်က ရှေ့သို့တိုးသွားလိုက်ရင်း ပြောလိုက်၏။ သူက လင်းအဆင့်ကိုးရှိ မြွေတစ်ကောင်ကို တစ်ယောက်ထဲ ရင်ဆိုင်ချင်နေပေသည်။
“ သွမ့်ဖန်…အတူတူရင်ဆိုင်ကြမယ်။ မင်းက အခုမှ လင်းအဆင့်ကိုးကို ရောက်သေးတယ်။ မင်းရဲ့ကျင့်ကြံခြင်းက မတည်ငြိမ်သေးဘူး။ ပြီးတော့ ဒီမြွေက အင်မတန်အစွမ်းထက်တယ်။ အလွယ်တကူ အနိုင်မရနိုင်ဘူး ”
ကျင်းယွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ ထိုလူငယ်ကား သိသာထင်ရှားစွာပင် သွမ့်ဖန်ဖြစ်ပေ၏။ သို့ရာတွင် ၂ နှစ်ကြာပြီးနောက် သူ့ပုံစံက များစွာ ရင့်ကျက်လာပုံပေါ်သည်။ ထို့အပြင် သူ၏မျက်လုံးများသည်လည်း လေးနက်ကာ တည်ကြည်လာသည်။
“ မမကျင်းယွမ်…ရတယ်။ အကိုကြီးက ဒီနေရာမှာ မရှိမှတော့ မမကို ကျွန်တော်ကာကွယ်ပေးရမှာပေါ့။ ကျွန်တော့်ရဲ့စိတ်ဝိညာဉ်ကိုလည်း တစ်ခါမှ အသုံးမပြုရသေးဘူးလေ ”
သွမ့်ဖန်က ပြုံး၍ ပြောလိုက်၏။ ဤရက်တွေအတွင်းမှာ လင်းဖန်ဘယ်ရောက်နေလဲဆိုတာ သူသိချင်နေမိသည်။ အကယ်၍ လင်းဖန်သာ သူမည်မျှအစွမ်းထက်နေကြောင်း သိသွားလျှင် အလွန်ဝမ်းသာသွားလိမ့်မည်။
ကျင်းယွမ်သည် လင်းဖန်အကြောင်းပြောတာကို ကြားသောအခါ အံ့အားသင့်သွားပြီး သူမ၏လှပသော မျက်လုံးလေးများမှ အလင်းရောင်များ လက်သွားသည်။
ရွာလေးမှာ ထွက်ခွာလာခဲ့စဉ် သွမ့်ဖန်၏ပင်ကိုယ်စွမ်းရည်နှင့်ပတ်သက်ပြီး မည်မျှမြင့်မားလဲဆိုတာ သူမနားမလည်ခဲ့ပေ။
သွမ့်ဖန်မှာ အင်ပါယာမျိုးနွယ်စု၏ သွေးဝိညာဉ်ရှိပြီး တံဆိပ်တော်တံခါးလေးချပ်ကို အသုံးပြုနိုင်သည်။ သူက အလွန်တရာ အစွမ်းထက်သူလည်းဖြစ်၏။ ၂နှစ်အတွင်းမှာ သူက လင်းချီစုဆောင်းမှုအဆင့်ကိုးသို့ ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်။
လူတစ်ယောက်က ငယ်ရွယ်ပြီး ပါရမီရှိလျှင် သူ၏ကျင့်ကြံခြင်းက အလွန်တရာ လျင်မြန်ကြောင်း ကျင်းယွမ်နားလည်သွားသည်။
အမှန်တကယ်တော့ သွမ့်ဖန်က ပါရမီရှိသူဖြစ်သည့်အပြင် အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်ကြောင်းကိုလည်း ကျင်းယွမ်ကောင်းစွာ နားလည်ထား၏။ မည်မျှပင် သူနာကျင်နေပါစေ နေ့ရောညပါ သူလေ့ကျင့်ခဲ့သည်။ လင်းဖန်က သူ၏စံပြပုဂ္ဂိုလ်ဖြစ်ပြီး လင်းဖန်၏လမ်းစဉ်အတိုင်း ဆုံးဖြတ်ချက်ခိုင်မာပြတ်သားစွာဖြင့် သူလျှောက်လှမ်းနေသည်။ လင်းဖန်က သူ့ကိုထားပြီး ထွက်သွားမှာကို သူမလိုချင်ပေ။ သူ၏ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာ တိုးတက်လာခြင်းသည် သူ၏ပင်ကိုယ်စွမ်းရည်များအပြင် ကျွန်များဖြင့် တိုက်ခိုက်ခြင်းကြောင့်လည်း ဖြစ်သည်။
“ ကောင်းပြီ။ သွမ့်ဖန်..ကောင်းကောင်းဂရုစိုက် ”
ကျင်းယွမ်က သတိပေးလိုက်၏။ ထို့နောက် သူမက သွမ့်ဖန်ကို လွပ်လပ်စွာ တိုက်ခိုက်ခွင့်ရစေရန် ဘေးဖယ်ပေးလိုက်သည်။
သွမ့်ဖန်၏ကိုယ်ထဲတွင် သွေးဝိညာဉ်ရှိနေသည်။ ၎င်းက အလွန်တရာ အစွမ်းထက်သော စိတ်ဝိညာဉ်ဖြစ်သော်လည်း ၎င်းကို သွမ့်ဖန်ဘယ်တော့မှ အသုံးမပြုခဲ့ပေ။ အကယ်၍ သူသာ သွေးဝိညာဉ်ကို အသုံးပြုခဲ့လျှင် လင်းအဆင့်ကိုးရှိ မြွေကို တိုက်ခိုက်ခြင်းက သူ့အတွက် အလွန်လွယ်ကူလိမ့်မည်။
“ ဖန်ထင်း ”
သွမ့်ဖန်က အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးကို ပြောလိုက်သည်။ ဖန်ထင်းနှင့် အဘိုးအိုသည် သွမ့်ဖန်တိုက်ခိုက်ရာနေရာမှ ဘေးသို့ ဖယ်သွားကြ၏။
“ ရွှီ…ရွှီ…..”
လင်းအဆင့်မြွေသည် သွမ့်ဖန်က ၎င်းကို တစ်ယောက်တည်းတိုက်ခိုက်ချင်နေကြောင်း သိပုံပေါ်၏။ ၎င်းက သွမ့်ဖန်ကို လွယ်ကူစွာဝါးမြိုနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ ၎င်းက အဆိပ်ချီများကို ရုတ်တရက် ထုတ်လွှတ်လိုက်ရာ လေထဲတွင် လွင့်မျောလာသည်။
“ တိရစ္ဆာန် ”
သွမ့်ဖန်က မြွေကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။ ထို့နောက် သူက လျှပ်ပြက်သည့်အလား ရွေ့လျားလိုက်ရာ သူ့နောက်တွင် တံဆိပ်တော်တံခါးလေးချပ် ထွက်ပေါ်လာသည်။ အရင်တုန်းက သူ့မှာ တံဆိပ်တော်တံခါး သုံးချပ်သာရှိပြီး ယခုအခါ လေးချပ်ရှိလာပြီဖြစ်သည်။
ဖန်ထင်းနှင့် အဘိုးအို၏အသွင်က အံ့သြသွားပုံပေါ်သည်။ ဤတံဆိပ်တော်တံခါးများကား အင်ပါယာမျိုးနွယ်စု၏ သွေးဝိညာဉ်မှ ဖြစ်ပေသည်။
အံသြစရာကောင်းလောက်အောင် သွမ့်ဖန်မှာ တံဆိပ်တော်တံခါးလေးချပ်ရှိနေ၏။
“ ချုပ်နှောင်လိုက်စမ်း ”
သွမ့်ဖန်က လေးနက်သည့်လေသံဖြင့် အော်ပြောလိုက်သည်။ တံခါးများက တုန်ခါသွားပြီး စည်းချက်ကျသည့်အသံများ ထွက်ပေါ်လာကာ မြွေကြီး၏ခန္ဓာကိုယ်ကို စတင်ချုပ်နှောင်ထားလိုက်သည်။ တံဆိပ်တော်တံခါးများကိုကြည့်ရသည်မှာ မြွေများ၏စိတ်ကို ထိန်းချုပ်နိုင်ပုံပေါ်၏။
“ ရွှီ….”
မြွေသည် တုန်ခါလျက် ဒေါသတကြီး တွန်နေသည်။ သို့ရာတွင် အတန်ငယ်ကြာသောအခါ ရုန်းကန်နိုင်ခြင်းမရှိတော့ဘဲ တဖြည်းဖြည်း ငြိမ်သက်သွား၏။ တံဆိပ်တော်တံခါးများက ၎င်း၏စိတ်ကို ချုပ်နှောင်လိုက်သောအခါ လင်းအဆင့်ကိုးရှိ မြွေ၏ခန္ဓာကိုယ်မှာ လှုပ်ရှားနိုင်စွမ်းမရှိတော့ဘဲ ဖမ်းဆီးရန် အလွယ်လွယ်ကူသွားသည်။
“ သွမ့်ဖန်…ငါသွားပြီး သတ်လိုက်မယ် ”
ဖန်ထင်းက ပြောလိုက်၏။ သူမက သွမ့်ဖန်၏အဖြေစကားကိုပင် မစောင့်ဘဲ လှစ်ခနဲလှုပ်ရှားသွားသည်။ ထို့နောက် မြွေ၏ဘေးသို့ ချက်ချင်းရောက်ရှိသွားပြီး မြွေကိုသတ်ကာ မြွေ၏အဖိုးတန်အစိတ်အပိုင်းများကို ယူကာ သိမ်းဆည်းလိုက်၏။
ကျင်းယွမ်သည် ထိုအခြင်းအရာကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။ သွမ့်ဖန်က သူ၏စိတ်ဝိညာဉ်အစွမ်းဖြင့် မြွေကို ငြိမ်သက်သွားအောင် ပြုလုပ်ခဲ့သူဖြစ်သည်။ သို့ရာတွင် ဖန်ထင်းက သွမ်ဖန်ကိုပင် မေးမြန်းခြင်းမပြုဘဲ မြွေကိုသတ်ကာ မြွေ၏အစိတ်အပိုင်းများကို သူ့အတွက်သူ သိမ်းဆည်းလိုက်၏။
သွမ့်ဖန်ကား တစ်ခွန်းမှ ပြောဆိုခြင်းမပြုပေ။ နွေးထွေးသောအပြုံးဖြင့်သာ ဖန်ထင်းကို သူကြည့်လိုက်၏။ ထို့နောက် သူ၏စိတ်ဝိညာဉ်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။
“ သွမ့်ဖန်…တခြားတောရိုင်းကောင်တချို့ကို သွားသတ်ကြရအောင် ”
ဖန်ထင်းက ပေါ့ပါးသောလေသံဖြင့် ပြောဆိုလိုက်၏။ သွမ့်ဖန်က ခေါင်းညိတ်ပြလိုက်သော်လည်း ကျင်းယွမ်မှာမူ ပို၍ပင် မျက်မှောင်ကြုံ့သွားသည်။
( ဒီမိန်းကလေး ဘာလိုချင်တာလဲ။ သွမ့်ဖန်ကို သူ့ကျွန်မှတ်နေလား။ သွမ့်ဖန်က သူ့အသက်ကို ကယ်ခဲ့တဲ့သူ။ သွမ့်ဖန်သာ ထွက်ပေါ်မလာခဲ့ရင် သူမမျိုးနွယ်စုမှ အစောင့်အရှောက်တွေရဲ့ အဓမ္မပြုကျင့်ခံရမယ့်အပြင် သတ်ဖြတ်ခြင်းကိုပါ ခံနေရလောက်ပြီ )
“ အင်း ”
သွမ့်ဖန်က စိတ်ထဲမရှိသည့်အလား ခေါင်းညိတ်လျက် ပြောဆိုလိုက်ရာ ကျင်းယွမ်ကို ဆွံ့အသွားစေသည်။ သွမ့်ဖန်သည် ဖန်ထင်းအပေါ်ခံစားချက်များရှိနေသည့်အတွက်ကြောင့် အရူးတစ်ယောက်အသွင် ပြောင်းလဲသွား၏။ ကျင်းယွမ်သည် သွမ့်ဖန်က ဖန်ထင်းကို သဘောကျနေခြင်းအား ကောင်းစွာသိထားသည်။ ဖန်ထင်းသည်လည်း ထိုအချက်ကို အကြောင်းပြုကာ သွမ့်ဖန်ကို အဖိုးတန်ပစ္စည်းများကို ရှာဖွေရာတွင် အသုံးချနေ၏။
“ သွားကြမယ် ”
ဖန်ထင်းက နောက်တစ်နေရာသို့ သွားရန်ပြင်လိုက်ရင်း ပြောလိုက်လေ၏။
“ သွားမှာလား။ ဘယ်နေရာကို သွားလို့ရမယ်လို့ မင်းထင်နေတာလဲ ”
ထိုစဉ် တောနက်ထဲမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။ သွမ့်ဖန်တို့အုပ်စုမှာ အံ့အားသင့်သွားပြီး မကြာမီ သူတို့ရှိရာသို့ လျှောက်လာနေသော လူများကို တွေ့မြင်သွားသည်။
ထိုလူများ၏ပုံစံက သားရဲဆန်ပြီး ရေခဲတမျှ အေးစက်သည့်အသွင်ရှိသည်။
“ ခင်ဗျားတို့က ဘယ်သူတွေလဲ ”
သွမ့်ဖန်က သူ၏ပတ်လည်မှာ ရှိသော လူများကိုကြည့်ကာ မေးမြန်းလိုက်သည်။
“ မင်းသိစရာ မလိုဘူး ”
ထိုအုပ်စုထဲမှ တစ်ယောက်က အဖျက်အဆီးချီများကို ထုတ်ဖော်လိုက်ပြီး အေးစက်စက်ပြောလိုက်၏။
“ ခင်ဗျားနဲ့ကျုပ်က ရန်သူတွေမဟုတ်ဘူးလို့ ထင်တယ် ” ဟု သွမ့်ဖန်က ပြောလိုက်သည်။
“ လင်းဖန်နဲ့ရင်းနှီးနေတာကိုက မင်းတို့အတွက် ကံမကောင်းတာပဲ ”
ထိုအုပ်စုထဲမှ လူတစ်ယောက်က အေးစက်စက်လေသံဖြင့် ပြန်လည်ပြောဆိုလိုက်၏။ ကျင်းယွမ်နှင့် သွမ့်ဖန်တို့မှာ မျက်မှောင်ကြုတ်သွားသည်။ ဤလူများကား လင်းဖန်၏ရန်သူများဖြစ်နေပေသည်။
“ ခင်ဗျားတို့က အစ်ကိုလင်းဖန်ကို ဘာလို့မုန်းတာလဲ ”
“ လင်းဖန်ကို မုန်းတာလား ”
ထိုလူက အေးစက်စက်ပြုံးလိုက်ပြီး ဆက်လက်၍
“ မင်းကို ငါတစ်ခုပြောပြမယ်။ လင်းဖန်ရဲ့သူငယ်ချင်းတွေအကုန်လုံး သေကြလိမ့်မယ်။ အသက်ရှင်တဲ့သူ တစ်ယောက်မှ ကျန်မှာ မဟုတ်ဘူး။ မင်းတို့လည်း သေမယ့်အပြင် ကောင်းကင်ဘုံသင်တန်းကျောင်းမှာ ရှိနေတဲ့သူတွေလည်း သေသွားလိမ့်မယ်။ ငါတို့ရဲ့အစွမ်းထက်ဆုံး ကျင့်ကြံသူတွေက ကောင်းကင်ဘုံသင်တန်းကျောင်းမှာ ရှိနေတဲ့လူတွေကို သတ်ဖို့ အခုသွားနေလောက်ပြီ ”
( လင်းဖန်နှင့်ရင်းနှီးသည့်လူအားလုံး သေဆုံးသွားကြရမည်လား။ မိန်ချင်းရောလား။ သူမပါ အသတ်ခံရမှာလား။ )
သွမ့်ဖန်နှင့် ကျင်းယွမ်သည် ရေခဲတမျှ အေးစက်သော စွမ်းအင်များကို ချက်ချင်း ထုတ်ဖော်လိုက်ကြ၏။

Você leu todos os capítulos publicados.

⏰ Última atualização: Jun 24, 2020 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

PMG အတွဲ ( ၂ )Onde histórias criam vida. Descubra agora