Zawgyi
မိစ္ဆာဓား
ရွှီယွဲ့နိုင်ငံမှာ နဂါးကိုးကောင်တောင်တန်းအကြောင်း ကောင်းစွာသိထားကြသူများမှာ ယွဲမျိုးနွယ်စုမှ ဖြစ်၏။
ယွဲ့မျိုးနွယ်စုသည် နဂါးကိုးကောင်တောင်တန်းဟု မည်သည့်အတွက်ကြောင့် အမည်ပေးခဲ့လဲဆိုတာကို သေချာသိရှိထားသည်။ ၎င်းက သူတို့မျိုးနွယ်စုနှင့် ဆက်စပ်နေခဲ့၏။
ကောလာဟလများအရ အလွန်တရာ အစွမ်းထက်သော ဓားပညာရှင်များသည် သာမန်တောင်ကိုးလုံးဆီသို့ သွားရောက်ကာ ဓားကျင့်စဉ်များကို လေ့ကျင့်ခဲ့ကြပြီး ၎င်းတောင်များကို ဓားများအသွင်ဖန်တီးထားခဲ့ကြသည်ဟူ၍။
သို့သော် ယွဲ့မျိုးနွယ်စု၏ အဓိက အဖွဲ့ဝင်များသာ ထိုဓားတောင်ကိုးလုံး ဖြစ်ပေါ်လာပုံကို သိရှိကြသည်။ လွန်ခဲ့သော ရာစုနှစ်များက သူတို့၏ဘိုးဘေးတစ်ယောက်သည် အလွန်တရာ အစွမ်းထက်သော ဓားပညာရှင်တစ်ယောက်နှင့် ကြီးကျယ်ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့၏။ ထိုအလွန်အစွမ်းထက်သော ဓားပညာရှင်သည် သေရန်ငြင်းဆန်ခဲ့ပြီး အံ့မခန်းများပြားသော ဖိအားများဖြင့် သူ၏သက်စောင့်ဝိညာဉ်ကို လောင်မြိုက်စေကာ မိစ္ဆာဓားအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် သူက မိစ္ဆာဓားကိုအသုံးပြုပြီး ယွဲ့မျိုးနွယ်စု၏ ဘိုးဘေးကို ပြင်းထန်စွာ ဒဏ်ရာရစေသည်အထိ တိုက်ခိုက်နိုင်ခဲ့သည့်အပြင် သတ်ဖြတ်လုနီးပါး အခြေအနေသို့ ဆိုက်ရောက်စေခဲ့၏။
အဆုံးသတ်တွင် ယွဲ့မျိုးနွယ်စုဘိုးဘေးသည် ထိုစဉ်က အလွန်အစွမ်းထက်သော ကျင့်ကြံသူတခြားတစ်ယောက်နှင့် ပူပေါင်းကာ ထိုမိစ္ဆာဓားကို အတူတိုက်ခိုက်လိုက်ကြပြီး စွမ်းအားများကို ကိုးပိုင်း ခွဲပစ်ကာ နဂါးကိုးကောင်ဟု အမည်ပေးခဲ့သည်။
သူတို့က ဓားကိုးစင်းတောင်များဟုလည်း ခေါ်ခဲ့၏။ ထိုအချိန်မှစ၍ ယွဲ့မျိုးနွယ်စု၏ အစွမ်းထက်သော ကျင့်ကြံသူများသည် နဂါးကိုးကောင်တောင်တန်းနှင့် ငါးဆယ်ကီလိုမီတာ အကွာအဝေးမှာ နေထိုင်ခဲ့၏။
မိုးကုတ်စက်ဝိုင်းထက်တွင် အနက်ရောင်တိမ်စိုင်များ စတင်စုစည်းလာသည်။ ဆံပင်များဖြူဆွတ်နေသော အဘိုးအိုသည် ထိုအနက်ရောင်တိမ်တိုက်များကို မြင်သောအခါ သက်ပြင်းကိုလေးပင်စွာ ချလိုက်၏။
