ကောင်းကင်အဏ္ဏဝါမြို့
နှစ်လကြာပြီးနောက် မြို့စားအဆောက်အဦသည် ယခင်နှင့် လုံးဝမတူတော့ဘဲ ရန်ကျုံးမြို့အတွင်းမှာ မြို့ငယ်လေးတစ်မြို့ကို အသစ်တည်ဆောက်ထားသည့်ပမာ ဖြစ်သွား၏။
မြို့စားခြံဝင်းသည်လည်း ယခင်ထက်များစွာကြီးမားလာသည်။ နန်းတော်များ၊အဆောက်အဦးများနှင့် တပ်စခန်းတို့လည်း ရှိရာ လွန်စွာခန့်ညားထည်ဝါနေလေသည်။
ထို့အပြင် ဤမျှနှင့်ပင် မပြီးသေးချေ။ သူတို့က ခံတပ်ရိုးအချို့ကို ဆောက်လုပ်ခြင်းမပြုရသေးသည့်တိုင် အပြင်ကိုတိုးချဲ့ကာ ဆက်လက်ဆောက်လုပ်လျက်ရှိသည်။
မြို့စားခြံဝင်းမှာ သွေးနီတပ်သားများအပြင် တခြားလူများလည်း ရှိသည်။ နေ့စားငှားထားသော လူများရှိသကဲ့သို့ တာဝန်ခံများအဖြစ်လုပ်နေသော လူအချို့ရှိသည်။
ယခုအချိန်၌ ရန်ကျုံးမြို့မှာ လူအားလုံးက မြို့စားခြံဝင်းသို့ သွားရောက်ပြီး အလုပ်သမားအဖြစ် လုပ်ကိုင်ချင်နေကြသည်။ ကျင့်ကြံသူများအတွက် လွန်စွာအကျိုးရှိစေသည့် အံ့မခန်းများပြားသော သန့်စင်သောချီများကို မြို့စားခြံဝင်းမှာ ရရှိသောကြောင့်ဖြစ်၏။
ကျင့်ကြံခြင်းလမ်းစဉ်မှာ ကောင်းကင်နှင့် မြေကြီးမှရသော သန့်စင်သောချီက အရိုးများ၊ အသားများ၊ သွေးများကို ပြောင်းလဲပေးနိုင်ပြီး ကျင့်ကြံရာတွင် တိုးတက်မှုကို ဖြစ်စေသည်။ သို့ဖြစ်ရာ သန့်စင်သောချီများ ပြည့်ဝနေသော နေရာတစ်ခုကို ကျင့်ကြံသူတစ်ယောက်က အလွန်သဘောကျနှစ်သက်ရခြင်းလည်း ဖြစ်သည်။
ထို့အပြင် ရန်ကျုံးမြို့ရှိလူအများစုမှာ သန့်စင်ခြင်းကျောက်တုံးများ မရှိကြချေ။ သန့်စင်ခြင်းကျောက်တုံးကို အသုံးပြု၍ ကျင့်ကြံခြင်းပြုလုပ်နိုင်သူများမှာ လူကုံထံများသာ ဖြစ်သည်။ သာမန်လူများက ပတ်ဝန်းကျင်မှ ကောင်းကင်နှင့်မြေကြီး၏သန့်စင်သောချီများကိုသာ စုပ်ယူနိုင်ကြသည်။ ဤရက်များအတွင်းမှာ မြို့စားခြံဝင်းအတွင်းက သန့်စင်သောချီများဖြင့် ပြည့်နေရာ မြို့စားခြံဝင်းအတွင်းသို့ သွားရောက်အလုပ်လုပ်သူများအတွက် များစွာအကျိုးရှိသည်။ အလုပ်သိမ်းပြီးနောက် ညနေခင်းချိန်တွေမှာ သူတို့အနေဖြင့် အပြင်ဘက်ပိုင်းမှာ ကျင့်ကြံခြင်းကို ပြုလုပ်နိုင်၏။
မြို့စားခြံဝင်းကို အပြင်ဘက်ပိုင်းနှင့် အတွင်းပိုင်းဟူ၍ နှစ်ပိုင်းခွဲထားသည်။ အတွင်းပိုင်းမှာ သွေးနီတပ်သားများ၊ အဓိကအဖွဲ့ဝင်များသာ ရှိပြီး အပြင်လူဝင်ရောက်ခြင်းကို ပြင်းထန်စွာတားမြစ်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က အတွင်းပိုင်းသို့ ဝင်ရောက်ရန်ကြိုးစားလျင် နေရာမှာပင် သတ်ပစ်ခြင်းခံရလိမ့်မည်ဖြစ်သည်။
ထိုစဉ် လူတစ်စုက မြို့စားခြံဝင်းအတွင်းပိုင်းမှ အပြင်ဘက်သို့ ထွက်လာ၏။ ထိုလူစုမှာ သွေးနီတပ်သားများဖြစ်ပြီး မြင်းကိုဒုန်းစိုင်းစီးနင်းလာရာ ဖုန်လုံးများလွင့်ပျံနေသည်။
“ ခေါင်းဆောင်လင်းဖန်က သူရဲကောင်းဆန်တဲ့လူငယ်တစ်ယောက်ပဲ ”
“ ဟုတ်တယ်..ကောလဟလတွေထွက်နေသလို သူကငယ်ငယ်လေးပဲရှိသေးတယ်။ ခေါင်းဆောင်လင်းဖန်ကို မြင်တွေ့ခွင့်ရတာဟာ ဂုဏ်ယူစရာ ကိစ္စတစ်ခုပဲ ”
အပြင်ဘက်ပိုင်းတွင် သွေးနီမြင်းများ ဖြတ်ကျော်သွားတာကို ကြည့်နေကြသော လူတစ်စုရှိသည်။ သူတို့၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်နေသည်။ ဤရက်တွေအတွင်း ရန်ကျုံးမြို့မှာ လင်းဖန်က သူတို့အတွက် ဒဏ္ဍာရီတစ်ခုပမာ ဖြစ်နေသည်။ သူ့အမည်က လူတိုင်း၏ပါးစပ်ဖျားမှ ရေပန်းစားနေပြီး လင်းဖန်ကို မြင်တွေ့ရခြင်းက သူတို့အတွက် ဂုဏ်ယူစရာကောင်းသောကိစ္စတစ်ရပ် ဖြစ်နေသည်။ လင်းဖန်က ရန်ကျုံးမြို့စားဖြစ်သော်လည်း သူတို့က “ ခေါင်းဆောင် လင်းဖန် ” ဟူ၍ခေါ်ရတာကို ပိုသဘောကျနေသည်။
