နောက်ဆုံးနေ့ရက်
“ လင်းဖန် ဘယ်မှာလဲ?”
မိန်ချင်း၏အသံက လွန်စွာအေးစက်နေသည်။ မိန်းမပျိုကား ရေခဲတုံးပမာ အေးစက်နေပြီး မလှုပ်မရှားရှိနေ၏။
“ ဟမ်?”
အဘိုးအိုက ချာခနဲလှည့်လိုက်ပြီး အထက်စီးဆန်စွာပြောဆိုနေသော မိန်းမပျိုအား ကြည့်လိုက်သည်။ ထို့နောက် သူက အေးစက်စက်ပြောလိုက်လေ၏။
“ လင်းဖန်ကို ဘာလို့ရှာနေတာလဲ ?”
“ လင်းဖန်ဘယ်မှာလဲ ?”
မိန်ချင်းက ထပ်မံမေးလိုက်ပြန်သည်။ သူမ၏အသံက အလွန်တရာအေးစက်နေဆဲ။ အဘိုးအို၏အမေးကို ပြန်လည်ဖြေကြားခြင်းမပြုဘဲ သူမက သိလိုရာကိုသာ မေးမြန်းလိုက်၏။ ယခုအချိန်တွင် သူမအသိချင်ဆုံးမှာ လင်းဖန်ဘယ်နေရာကို ရောက်နေလဲဆိုတာပင် ဖြစ်လေသည်။
ကောင်းကင်ဓားတပ်စုသည်လည်း အဘိုးအိုကို ကြည့်လိုက်ကြ၏။ ထိုစဉ် အဘိုးအိုမှာ သူတို့၏ကိုယ်မှထွက်ပေါ်လာသော ချီစွမ်းအားများကို ခံစားလိုက်မိသည်။
“ ဟမ့်!”
အဘိုးအိုက အင်္ကျီလက်ကို ခါယမ်းလိုက်၏။ သူ့မျက်နှာအမူအရာက လွန်စွာအေးစက်သွားလေသည်။ သိပ်မကြာခင်အချိန်က သူ၏မိသားစုကို လင်းဖန်က ရက်စက်စွာသတ်ဖြတ်သွားခဲ့၏။ အဘိုးအို၏ဝမ်းဗိုက်မှာလည်း ကြက်ခြေခတ်အမှတ်အသား လုပ်ခဲ့ပြီး သူ့ကို အရှက်ခွဲခဲ့သည်။ ထိုစဉ် ရဲတင်းလွန်းသည့် လူတစ်စုက လင်းဖန်ကို လာရှာပေရာ အဘိုးအိုမှာ လုံးဝအရှက်ခွဲခံနေရသလို ခံစားလာရတော့၏။
“ လင်းဖန်ကို ငါသတ်လိုက်ပြီ ”
အဘိုးအိုက အေးစက်စက်ပြောလိုက်သည်။ လူငယ်များသာပါသည့်ထိုအုပ်စုက အထက်စီးမှပြုမူနေသည့်အတွက် အဘိုးအိုကို ဒေါသထွက်သွားစေတော့၏။
“ သူ့ကို ရှင်သတ်လိုက်တယ်ပေါ့ ?”
မိန်ချင်းမှာ ဆွံ့အသွားလျက် ထပ်ခါမေးမြန်းလိုက်သည်။ သူမ၏နှလုံးသားက ပြင်းထန်စွာခုန်လာလေသည်။
“ ဟုတ်တယ်။ သူ့ကို ငါသတ်လိုက်တာပဲ..သူ့ကို ငါသတ်လိုက်တာကို ဒီမှာရှိနေတဲ့လူတွေအားလုံးသိကြသလို သဘောကျနှစ်သက်ကြတယ် ”
အဘိုးအိုက အေးစက်စက်ပြုံး၍ ပြောလိုက်၏။
မိန်ချင်းမှာ တိတ်ဆိတ်သွားလေသည်။ ထို့နောက် သူမ၏မျက်လုံးလေးများမှာ လူသတ်ချင်သည့်အငွေ့အသက်များနှင့် ပြည့်လာပြီး လင်လက်လာလေ၏။ ထိုအေးစက်စက်မျက်ဝန်းလေးများက ထိုကဲ့သို့ စိတ်ခံစားချက်ကို ထုတ်ဖော်လာသည်မှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပေသည်။
သူမ၏ခန္ဓာကိုယ်က ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သတင်းဆိုးကို ကြားလိုက်ရသည့်အလား တုန်ယင်လာတော့၏။
ကောင်းကင်ဓားတပ်စုသည်လည်း ငြိမ်သက်သွားလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ မိုးခြုန်းသံများ တဂျုံးဂျုံးမြည်ဟည်းလာပြီး ကောင်းကင်ဓားတပ်စု၏ပတ်လည်ရှိလေထုထဲမှာ အံ့မခန်းတောက်ပသောအလင်းရောင်များ ဖြစ်ပေါ်လာလေသည်။ အဆုံးအစမဲ့များပြားသောချီများထွက်ပေါ်လာပြီး ဟာရီကိန်းမုန်တိုင်းတစ်ခုပမာ ဖြစ်လာ၏။ ထိုအခါ လူအုပ်ကြီးတစ်ခုလုံးမှာ ပြင်းထန်သောဖိအားကြောင့် အသက်ရှူကြပ်လာသလို ခံစားလာရသည်။
“ ဘယ်လောက်တောင်အစွမ်းထက်လိုက်သလဲ ! ဒီအုပ်စုက အစွမ်းနိမ့်ဆုံးသူတောင် လင်းချီစုဆောင်းမှုအဆင့်သုံးမှာရှိတယ်။ သူတို့က ဘယ်လိုလူတွေလဲ။ လင်းဖန်ကရော…?? ”
လူအုပ်ကြီးမှာ ပြင်းထန်သောချီစွမ်းအားကို ခံစားမိသောအခါ သူတို့၏နှလုံးများစတင်တုန်ခါလာတော့သည်။
“ မင်းတို့အားလုံးသေစေရမယ်!”
အံ့မခန်းကျယ်လောင်ပြီးကြေကွဲဖွယ်အသံတစ်ခုက လေထဲသို့ ပျံ့လွင့်လာ၏။ အစွမ်းထက်သောချီများက လေထုကို ဖြတ်၍ ပျံ့နှံ့လာလေသည်။ သွေးနီတပ်သားများကား ဒေါသများထွက်လာလေပြီ။
လေထဲမှာ သွေးများလွင့်ပျံနေတော့သည်။ သွေးနီတပ်သားများက လူအုပ်ကိုဖြတ်၍ ပြေးလွှားတိုက်ခိုက်လေရာ လျှပ်ပြက်သည့်အလား နေရာတစ်ခုလုံးမှာ သွေးချောင်းစီးလာတော့၏။ သူတို့က လူအားလုံးကို တုန့်ဆိုင်းခြင်းမရှိဘဲ သတ်ဖြတ်နေကြတော့သည်။
နာကျင်စွာအော်ဟစ်သံများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ပျက်နေတော့၏။ သွေးများက လေထဲသို့ပင် လွင့်ပျံနေတော့သည်။
မိန်ချင်းကား ကောင်းကင်သို့သာ တွေတွေလေးကြည့်နေ၏။ သူမစိတ်ထဲဘယ်လိုရှိမလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။
