အပိုင်း ( ၃၉၆ )

372 45 0
                                    

Zawgyi

တန်ဝူယောက်၏ ဒေါသ

ကြောင်ကား လျှပ်တစ်ပြက်အတွင်း ထွက်ပြေးလွတ်မြောက်ကာ ပျောက်ကွယ်သွားခဲ့လေပြီ။
တျန်အဆင့်တောရိုင်းကောင်သည် ဤနေရာကို ဘုရင်တစ်ပါးပမာ အုပ်ချုပ်ခဲ့သည်။ ထို့နောက် အန္တရာယ်နှင့်တွေ့ဆုံခဲ့ရပြီး သာမန်ရွှမ်အဆင့်တောရိုင်းကောင်အဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားခဲ့ကာ ပုန်းအောင်းရန် နေရာရှာဖွေရလေ၏။
“ ဂါး…”
တဒင်္ဂမျှကြာပြီးနောက် အောတင်ပံကျားသည် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး ရူးသွပ်သွားသည့်ပမာ ဘေးပတ်လည်သို့ ပြေးနေသည်။ ထို့ပြင် ၎င်း၏ချီများကိုလည်း ထုတ်ဖော်ထား၏။
၎င်း၏ဟိန်းသံက ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပဲ့တင်ထပ်သွားပြီး လေထုကို တုန်ခါသွားစေသည်။ အတောင်ပံကျားသည် ၎င်း၏ရင်ထဲမှာ သိမ်းဆည်းထားခဲ့ရသော ဒေါသများကို ပွင့်အန်ထွက်နေ၏။ ကြောင်က ၎င်းကို အရှက်ခွဲထားခဲ့သည်မှာ ဆယ်နှစ်ကြာမြင့်ခဲ့သည်။ နောက်ဆုံးမှာ အတောင်ပံကျားသည် လွတ်လပ်သွားခဲ့လေပြီ။
သို့ရာတွင် လင်းဖန်၏မျက်လုံးများက တွင်းနက်ကြီးနှစ်ခုပမာ နက်မှောင်နေဆဲ။ သူ၏မျက်လုံးများကိုကြည့်ရသည်မှာ ရေခဲတမျှအေးစက်နေကာ ခံစားချက်ကင်းမဲ့နေသည့်အသွင်ရှိသည်။ လင်းဖန်သည် ဓားလေးလက်၏အစွမ်းကို မထိန်းချုပ်နိုင်ကြောင်း သိ၏။ ယခုအချိန်မှာ ဓားနှစ်လက်က လေထဲမှာ တဝီဝီမြည်လျက် ဟိုမှသည် ရွေ့လျားနေပြီး အမှောင်တိမ်တိုက်များက ကောင်းကင်ပြင်တွင် ဖုံးလွှမ်းနေသည်။ လင်းဖန်မှာ ထိုဓားများကို ထိန်းချုပ်ခြင်းမပြုနိုင်ဘဲ ထိုဓားများက သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်းထိန်းချုပ်လာနေသည်ဟု ခံစားလာရ၏။
“ ပြန်လာခဲ့စမ်း ”
လင်းဖန်က နက်ရှိုင်းသောလေသံဖြင့် အော်ပြောလိုက်ရာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသော ဓားသည် ခန္ဓာကိုယ်ထဲသို့ တင်းကြပ်စွာ ပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားသည်။ ထို့နောက် လင်းဖန်သည် သူ၏သက်စောင့်ဝိညာဉ်ကို ဓားတွေနှင့် လျင်မြန်စွာ ခွဲထုတ်လိုက်ကာ ဓားတွေ၏လွှမ်းမိုးခြင်းမခံရအောင် လုပ်ဆောင်လိုက်၏။
သို့ရာတွင် လင်းဖန်သည် သွေးဆုတ်ကာ ဖြူရော်နေ၏။
“ ပြန်လာစမ်း ”
လင်းဖန်က ဒေါသတကြီး အော်ပြောလိုက်သည်။ သူ၏သက်စောင့်ဝိညာဉ်အစွမ်းက လေထုထဲသို့ ထိုးထွက်သွားကာ ဓားနှစ်လက်ကို လွှမ်းခြုံလိုက်၏။
သို့ရာတွင် မိစ္ဆာဓားနှစ်လက်သည် တုန်ယင်နေကာ လေခွင်းသံများ ထွက်ပေါ်နေသည်။ ၎င်းတို့သည် လင်းဖန်၏ခန္ဓာကိုယ်ထဲသို့ ပြန်မသွားလိုဘဲ ဆန့်ကျင်ဘက်အနေဖြင့် လင်းဖန်၏သက်စောင့်ဝိညာဉ်ကို ဝါးမြိုချင်နေသည်။ တစ်ချိန်တည်းမှာပင် လင်းဖန်၏ခန္ဓာကိုယ်ထဲသို့ မိစ္ဆာချီများ ဝင်ရောက်လာရာ သူ၏ခံစားချက်ကင်းမဲ့နေသော မျက်လုံးများသည် ရုတ်တရက် ဒေါသထွက်သွားသည့်အသွင် ဖြစ်သွား၏။
ဤမိစ္ဆာဓားများကား မိစ္ဆာချီများနှင့် သူ၏ခန္ဓာကိုယ်ကို ညစ်ညမ်းအောင် ပြုလုပ်ချင်နေပေသည်။
“ ပြန်လာခဲ့ ”
လင်းဖန်က သူ၏ခေါင်းကို မော့ကာ အော်ပြာလိုက်သည်။ သူ၏သက်စောင့်ဝိညာဉ်သည် အစိတ်အပိုင်းများအဖြစ်သို့ ကွဲထွက်သွားကာ မိစ္ဆာဓားများကို ရစ်ပတ်ထားလေ၏။ တစ်ချိန်တည်းမှာပင် သက်စောင့်ဝိညာဉ်အစိတ်အပိုင်းများက ဓားများကို သူ၏ခန္ဓာကိုယ်သို့ ဆွဲယူလာသည်။ လေထဲတွင် ဓားများသည် လင်းဖန်၏သက်စောင့်ဝိညာဉ်အောက်တွင် ရုန်းကန်နေသည်။
လင်းဖန်၏ခန္ဓာကိုယ်က ယခုအခါ မိစ္ဆာချီများဖြင့် ပြည့်နေသော်လည်း သူ၏ဦးနှောက်က ကြည်လင်နေဆဲပင်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မိစ္ဆာတိမ်တိုက်များ လွင့်မျောနေပြီး ဓားနှစ်လက်သည် လင်းဖန်၏ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းဝင်ရောက်သွားကာ ဘာမှမဖြစ်ပွားသည့်အလား ပြန်လည်ပျောက်ကွယ်သွားသည်။
“ မင်းရောပဲ ”
လင်းဖန်က သူဆုပ်ကိုင်ထားသော ဓားကို ပြောလိုက်၏။ ထို့နောက် ဓားသည် သူ၏ခန္ဓာကိုယ်ထဲသို့ အသာအယာ ပြန်လည်ဝင်ရောက်သွားသည်။ ထိုဓားက လင်းဖန်အရင်းနှီးဆုံးဓားဖြစ်ပြီး သူထိန်းချုပ်နိုင်သော ဓားတစ်လက်လည်း ဖြစ်၏။
မိစ္ဆာဓားလေးလက်ပျောက်ကွယ်သွားသည်နှင့် မိစ္ဆာတိမ်တိုက်များသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
လင်းဖန်၏နှုတ်ခမ်းထောင့်စွန်းမှ အနက်ရောင်သွေးစီးကြောင်းတစ်ခု စီးကျလာ၏။ လင်းဖန်၏ခန္ဓာကိုယ်သည် ယခုအခါ ဓား၏အစွမ်းအားလုံး မရှိတော့ရာ မြေပြင်ထက်သို့ အားအင်ကုန်ခမ်းကာ အရုပ်ကျိုးပြတ်ကျဆင်းသွားသည်။
“ ဝှစ် ”
အတောင်ပံကျားသည် မြေပြင်သို့ ကျဆင်းလာသော လင်းဖန်၏ခန္ဓာကိုယ်ဆီသို့ လျှပ်ပြက်သည့်အလား သွားကာ ဖမ်းယူလိုက်၏။ ထို့နောက် လင်းဖန်ကို ရေတံခွန်ဘေးရှိ ကျောက်တုံးကြီးတစ်တုံးဘေးမှာ ညင်သာစွာ ချထားလိုက်သည်။
လင်းဖန်သည် ထိုနေရာမှာ ဆက်လက်လဲလျောင်းနေ၏။ သူသည် မြင့်မြတ်သော စိတ်ဝိညာဉ်မှ ဖန်တီးထားသော အမှောင်ကမ္ဘာထဲမှ ထွက်လာပြီး တဖြည်းဖြည်း သတိရလာခဲ့သည်။ သူ၏မျက်နှာတွင် ချွေးများစိုရွှဲနေသည်။ သူ၏ရင်ဘတ်ကြီးသည် ဖားဖိုကြီးပမာ နိမ့်လိုက်မြင့်လိုက်ဖြင့် အသက်ကို ခဲယဉ်းစွာ ရှူရှိုက်နေ၏။
မိစ္ဆာဓားများကို ဆွဲထုတ်ခြင်းက လွန်စာ ကြောက်မက်ဖွယ်ကောင်းသည်။ လင်းဖန်သည် ၎င်းဓားများကို ဆွဲထုတ်လိုက်သောအခါ မိစ္ဆာချီများ၏ ရိုက်ခတ်လာမှုကို ခံခဲ့ရသည်။
လင်းဖန်သည် သူ့အစွမ်းနှင့် ဓားတစ်ချောင်းတည်းကိုသာ အသုံးပြုနိုင်၏။ သူ့မှာရှိသေ သန့်စင်သည့်ချီများအားလုံးကို အသုံးပြုခဲ့ရသည်ဟု သူခံစားနေရ၏။ မိစ္ဆာဓားများသည် လင်းဖန်၏ခန္ဓာကိုယ်မှာ ရှိနေသော သန့်စင်သည့်ချီများထက် ပိုမိုလိုအပ်သည်။ ထို့အပြင် သူသာ မိစ္ဆာဓားများကို မကြာခဏအသုံးပြုလျှင် သူ၏ခန္ဓာကိုယ်သည် သူ့နှလုံးသားကို လာရောက်ရိုက်ခတ်ရန် ကြိုးစားနေသော မိစ္ဆာချီများ၏ မကောင်းသောအငွေ့အသက်များကို ခံစားရလိမ့်မည်။ ၎င်းက သူ့နှလုံးသားကို ရိုက်ခတ်ပြီး သူ၏သက်စောင့်ဝိညာဉ်ကို ဖြည်းညင်းစွာ ဝါးမြိုရန် ကြိုးစားလိမ့်မည်။ ထို့နောက် သူ့ခန္ဓာကိုယ်က အရုပ်တစ်ရုပ်ပမာ ဖြစ်သွားမည်။ သူက မိစ္ဆာဓားအတွက် အရုပ်တစ်ရုပ်ပမာ ဖြစ်သွားပြီး ၎င်း၏ဒေါသတွေကို ကမ္ဘာမြေသို့ ချပြရာတွင် အသုံးချခံဖြစ်သွားလိမ့်မည်။
မိစ္ဆာဓားများသည် ၎င်းတို့၏ စိတ်များဖြင့် ပြည့်နေပြီး ကိုယ်ပိုင်အသက်ရှိပုံရသည်။ လင်းဖန်သည် တစ်ချိန်တည်းမှာ ဓားတစ်လက်ထက်ပိုပြီး မထုတ်နိုင်ချေ။
“ ဓားတစ်လက်ထက် ပိုထိန်းချုပ်နိုင်ရင် တျန်အဆင့်တောရိုင်းကောင်တွေကို ငါသတ်နိုင်မလား သိချင်တယ် ”
လင်းဖန်သည် တီးတိုးရေရွတ်လိုက်၏။ အကယ်၍ တစ်နေ့မှာ သူသာ မိစ္ဆာဓားများကို ထိန်းချုပ်နိုင်ခဲ့လျှင် ရွှီယွဲ့နိုင်ငံမှာ ထိန်းချုပ်မရနိုင်သော ဘုရင်တစ်ပါးသဖွယ် ဖြစ်လာလိမ့်မည်။
လင်းဖန်သည် အနည်းငယ်လှုပ်ရှားလိုက်ရာ သူ၏ဘေးတွင် သန့်စင်သောကျောက်တုံးများစွာ ထွက်ပေါ်လာ၏။ ထို့နောက် သူသည် မျက်လုံးကိုမှိတ်လိုက်ပြီး သန့်စင်သောချီများကို ချက်ချင်း စုပ်ယူလိုက်သည်။
လင်းဖန်သည် သန့်စင်သောချီများကို အသုံးပြုထားသည့်အတွက်ကြောင့် သန့်စင်သောကျောက်တုံးမှ သန့်စင်သောချီများကို အငမ်းမရ စုပ်ယူနေ၏။
အတောင်ပံကျားသည် လင်းဖန်၏ဘေးမှာ ရပ်ကာ လင်းဖန်ကို ၎င်း၏ကြီးမားသော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။ ၎င်းကိုကြည့်ရသည်မှာ အတွေးတွေထဲ မျောနေသည့်ပုံပေါ်၏။
ကြောင်က အဝေးသို့ ပြေးထွက်သွားသော်လည်း ယခုအခါ လင်းဖန်က သူ၏သခင်ဖြစ်သည်။ သို့ရာတွင် လင်းဖန်က သူ့ကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်ပမာ ဆက်ဆံမည်မဟုတ်ဘဲ ကျားတစ်ကောင်အဖြစ် ဆက်ဆံမည်ဖြစ်ကြောင်း ပြောထားခဲ့သည်။
ကြောင်နှင့် တိုက်ပွဲတွင် လင်းဖန်သည် သတ္တိရှိပြီး သစ္စာရှိသူဖြစ်ကြောင်း အတောင်ပံကျားတွေ့မြင်ခဲ့ရ၏။ လင်းဖန်က သူ့ကို ကြောင်ကဲ့သို့ လှည့်စားကာ အရှက်ခွဲလိမ့်မည့်သူ မဟုတ်ပေ။
အတောင်ပံကျားသည် တွေးတောနေရင်း ဝပ်ကာ ကောင်းကင်သို့ ကြည့်လိုက်၏။ ၎င်းက ရှေးဟောင်းတောရိုင်းကောင်ဖြစ်ပြီး ၎င်း၏ကံကြမ္မာက လင်းဖန်၏လက်ထဲမှာ ရှိနေသည်။ လင်းဖန်နှင့် ကျားတို့သည် ကံကြမ္မာကြောင့် တွေ့ဆုံခဲ့ရသည်။
လင်းဖန်နှင့် အတောင်ပံကျား၏ပတ်လည်တွင် နှောင့်ယှက်သူတစ်ယောက်မှ မရှိချေ။ သူတို့က နဂါးကိုးကောင်တောင်တန်း၏ သီးသန့်နေရာမှာ တည်ရှိနေ၏။ လူသားကျင့်ကြံသူများသည် တောင်၏အနက်ပိုင်းသို့ ဘယ်တော့မှ လာလေ့မရှိကြပေ။ တောရိုင်းကောင်များသည် တျန်အဆင့်တောရိုင်းကောင်၏ချီများကို အာရုံခံမိပြီး မိစ္ဆာတိမ်တိုက်များကို မြင်သောအခါ အနီးအနားမှာပင် မနေရဲတော့ဘဲ ထိုနေရာမှ အဝေးသို့ ထွက်ပြေးသွားခဲ့ကြသည်။
ထိုနေရာမှ တောရိုင်းကောင်များသည် အလွန်တရာ အသိဉာဏ်ရှိကြပြီး ပါးနပ်၏။ သူတို့သည် သိချင်စိတ်ကြောင့် ရူးမိုက်စွာဖြင့် ဤနေရာသို့ လာခြင်းမရှိကြပေ။
ထိုစဉ် လင်းဖန်နှင့် အတောင်ပံကျားတို့ရှိရာ ငါးဆယ်ကီလိုမီတာ အတွင်းသို့ လူတချို့ဝင်ရောက်လာ၏။
မိစ္ဆာတိမ်တိုက်နှင့် သားရဲချီများက မီတာတစ်ရာကို ကျော်ဖြတ်ကာ အတန်ငယ်ဝေးသောနေရာထိ ရိုက်ခတ်လာရာ လူများသည် ထိုချီများကို အာရုံရနေသည့်အပြင် မြင်နေရသည်။
ထိုလူများသည် ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်များဖြစ်၏။ သူတို့က လင်းဖန်နှင့် ဝူကျိန်းကို လိုက်ရှာနေခြင်းဖြစ်သည်။ သူတို့၏ မျှော်လင့်ချက်များ တရွေ့ရွေ့ပျောက်ကွယ်လာပြီး ဝူကျိန်းသေဆုံးသွားနိုင်သည်ဟု နားလည်လာသော်လည်း ထိုအတွေးကို လက်ခံရန် သူတို့ငြင်းဆန်နေကြဆဲပင်။
သားရဲချီများနှင့် မိစ္ဆာတိမ်တိုက်များကို အာရုံခံရသောအခါ သူတို့သည် နောက်ပြန်လှည့်ရန် ပြင်လိုက်၏။
“ ခေါင်းဆောင်…ဒီမိစ္ဆာချီတွေက မိစ္ဆာဓားတွေထဲက တစ်ခုဖြစ်ရမယ်။ အံ့မခန်းအစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်က အဲ့ဒီဓားကို ဆွဲကိုင်ပြီး တောနက်ထဲမှာ အမဲလိုက်နေတာ ဖြစ်နိုင်တယ် ”
ဝမ်ရှောက်ကျောင်းတော်၏ ဒုတိယခေါင်းဆောင်ဖြစ်သော တန်ဝူရှန်က သူ၏အကိုကြီး တန်ဝူယောက်ဆီသို့ ချည်းကပ်သွားရင်း လေသံကိုနှိမ့်၍ ပြောဆိုလိုက်သည်။ တန်ဝူယောက်က ခေါင်းညိတ်ပြလိုက်၏။ မိစ္ဆာတိမ်တိုက်များတွင်လည်း ဓားစွမ်းအင်များ ပါဝင်နေပြီး မိစ္ဆာဓားများထဲမှ တစ်လက်ထံမှ ဖြစ်မည်မှာ သံသယဖြစ်စရာပင် မလိုချေ။ အံ့အားသင့်စရာကောင်းအောင်ပင် လူတစ်ယောက်က မိစ္ဆာဓားတစ်လက်ကိုပိုင်ဆိုင်နေပြီး ၎င်းကိုထိန်းချုပ်ကာ အသုံးပြုနိုင်နေပေသည်။
သို့ရာတွင် မိစ္ဆာဓားများကို ရရှိသွားခဲ့သော အံ့မခန်းအစွမ်းထက်သည့် ကျင့်ကြံသူက လင်းဖန်ဆိုတာနှင့် ထိုဓားများ၏အစွမ်းအနည်းငယ်ကိုသာ ထိန်းချုပ်နိုင်သေးကြောင်း သူတို့မသိကြချေ။
ထိုကဲ့သို့ဖြစ်နိုင်လိမ့်မည်ဟု ဘယ်သူမှပင် မတွေးကြချေ။ ဓားတောင်ကိုးလုံး ပြိုပျက်သွားခဲ့စဉ်က ထိုနေရာမှာ လင်းဖန်ရှိနေခဲ့သော်လည်း လင်းဖန်က အစွမ်းနိမ့်ကျလွန်းသည့်အတွက်ကြောင့် ဒဏ္ဍာရီလာမိစ္ဆာဓားများကို ပိုင်ဆိုင်သူဖြစ်ကြောင်း ဘယ်သူမှပင် မတွေးကြချေ။ သူ့မှာ အချုပ်အနှောင်များကို ဖြိုခွဲနိုင်သော အစွမ်းရှိလား။ မိစ္ဆာဓားများကို သူက ဆွဲဆောင်နိုင်သလား စသော အကြောင်းအရာများကြောင့် ဘယ်သူမှ ထိုအတွေးကိုမစဉ်းစားကြခြင်းပင်။
အလွန်တရာ အစွမ်းထက်သောကျင့်ကြံသူကသာ ထိုမိစ္ဆာဓားများကို ရရှိသွားလိမ့်မည်ဟု သူတို့ထင်နေခဲ့ကြ၏။
“ ဒါ မိစ္ဆာချီတင်မဟုတ်ဘူး။ တျန်အဆင့်တောရိုင်းကောင်ရဲ့ချီတွေလည်း ပါတယ် ”
တန်ဝူယောက်က တီးတိုးပြောဆိုလိုက်၏။ အကယ်၍ သူတို့သာ တျန်အဆင့်တောရိုင်းကောင်ကို ရရှိခဲ့လျှင် မည်မျှကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။ ကံမကောင်းစွာပင် သူတို့မှာ ထိုကဲ့သို့အရာများကို ရရှိရန် စိတ်ကူးသာယဉ်နိုင်၏။
“ ခေါင်းဆောင်..ကျုပ်တို့ ဆက်သွားမှာလား။ ဒါမှမဟုတ် ထွက်သွားသင့်လား ”
တန်ဝူရှန်က လေသံကိုနှိမ့်၍ ပြောဆိုလိုက်သည်။
တန်ဝူယောက်သည် ခဏကြာ တိတ်ဆိတ်ငြိမ်သက်နေ၏။ သူ့ကိုကြည့်ရသည်မှာ မရေရာသည့်အသွင်ရှိသည်။ ထို့နောက်သူက အေးစက်စက်လေသံဖြင့်
“ ပြန်ကြမယ်။ အံ့မခန်းအစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်က မိစ္ဆာဓားတေါကို ရသွားရင်ဖြစ်ဖြစ် ဒါမှမဟုတ် တျန်အဆင့်တောရိုင်းကောင်ဖြစ်ဖြစ် ငါတို့ကို လွယ်လွယ်လေး သတ်နိုင်တယ်။ လင်းဖန်က တောနက်ထဲမှာ သေသွားတာဖြစ်ရမယ် ”
“ တကယ်တော့ သူသေသွားခဲ့ရင်တောင် သူနဲ့ရင်းနီးတဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေအားလုံးကို သတ်ပစ်ချင်တယ် ”
တျန်ဝူယောက်က ရိုးတွင်းခြင်ဆီသို့တိုင် အေးစက်သွားစေမည့်လေသံဖြင့် ပြောလိုက်၏။ အမှန်တကယ်တော့ သူ၏သားဝူကျိန်းသေသွားသည်မှာ သေချာလုနီးပါးဖြစ်နေသည်။ ဝူကျိန်းသေသွားသည်ဟု လူအများစု သိနေကြသော်လည်း ဘယ်သူမှ ထိုအကြောင်းကို မထုတ်ဖော်ရဲကြချေ။ ထိုအရာက ခေါင်းဆောင်ကို နာကျင်စေ၏။
မည်ကဲ့သို့ ဝူကျိန်းသေဆုံးသွားရလဲဆိုတာ ဘယ်သူမှ မသိကြပေ။ လင်းဖန်က ဝူကျိန်းကို သတ်နိုင်လိမ့်မည်ဟု သူတို့မယုံကြည်ကြချေ။ သူသေဆုံးသွားရသည့် အကြောင်းအရာများက ထူးဆန်းနေဆဲပင်။
“ ပြန်ကြမယ် ”
တန်ဝူယောက်က နက်ရှိုင်းသောလေသံဖြင့် အော်ပြောလိုက်၏။ သူက ချာခနဲလှည့်ကာ ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်အားလုံးကို နဂါးကိုးကောင်တောင်တန်းမှ ထွက်ခွာရန် အမိန့်ပေးလိုက်သည်။ သူတို့သည် သက်ပြင်းချလိုက်ကြပြီး စတင်ထွက်ခွာသွားကြလေ၏။
ဝမ်ရှောက်ကျောင်းတော်၏ အစွမ်းထက်သော ကျင့်ကြံသူများသည် သူတို့၏တောရိုင်းကောင်များနှင့်အတူ ထွက်သွားနေကြသည်။ အကယ်၍ သူတို့ကို အစွမ်းထက်သော တောရိုင်းကောင်တစ်ကောင်ကသာ တိုက်ခိုက်လာခဲ့လျှင် များပြားလှသော သူတို့အုပ်စုက ခုခံနိုင်လိမ့်မည်။
အဖြစ်အပျက်များက ရွှီယွဲ့နိုင်ငံမှာ မုန်တိုင်းတစ်ခုပမာ ရိုက်ခတ်သွား၏။ ယွဲ့မျိုးနွယ်စုသည် မြေကြောကို ရရှိသွားခဲ့၏။ ယွီမျိုးနွယ်စုက ဘာမှမရခဲ့သလို ဆုံးရှုံးသွားခြင်းလည်း မရှိချေ။ ဝမ်ရှောက်ကျောင်းတော်က ထိခိုက်ခံရမှုအများဆုံးဖြစ်၏။ အဓိကကျောင်းတော်သားများ အသတ်ခံခဲ့ရသည့်အပြင် ခေါင်းဆောင်၏သားလည်း အသတ်ခံခဲ့ရသည်။
ဤကိစ္စ၏အဓိကလူက လင်းဖန်ဖြစ်သည်။ သူသည် တန်ဖိုးကြီးမားသော ရတနာများကို ရရှိသွားခဲ့သူဖြစ်၏။ သန့်စင်သောကျောက်တုံးများ၊ နေကိုးစင်းမြက်၊ မိစ္ဆာဓားနှင့် ရှေးဟောင်းတောရိုင်းကောင်ကို့ပင် သူရရှိသွားခဲ့သည်။
ဤအချိန်က ကြီးမားသော မုန်တိုင်းတစ်ခုမလာခင် ခဏတာ တိတ်ဆိတ်ငြိမ်သက်ခြင်းသာဖြစ်မည်။ မည်သည့်အချိန်မှာ ရွှီယွဲ့တစ်နိုင်ငံလုံးကို အသက်ရှုရပ်တန့်သွားအောင် လုပ်လိမ့်မလဲ။

PMG အတွဲ ( ၂ )Où les histoires vivent. Découvrez maintenant