သူစိတ်ကြိုက်သတ်ဖြတ်နိုင်သည်တဲ့လား။
“ ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ဓားစွမ်းအင်ချီတွေနဲ့ စွမ်းအားတွေလဲ။ ရက်စက်လိုက်တဲ့လူ ”
လူအုပ်ကြီးထဲရှိ လူများ၏နှလုံးသားများမှာ ပြင်းထန်စွာ ခုန်သွားရသည်။ထို့ပြင် ဟောက်ယွဲ့ကျောင်းတော်၏ ကျောင်းသားလေးယောက်မှာ စကားမပြောနိုင်လောက်အောင် အံ့သြမှင်တက်သွား၏။ ကောင်းကင်နန်းစားသောက်ဆိုင်မှာ လင်းဖန်ကို သူတို့ရန်စခဲ့သည်။ လိန်ယွဲ့က အလွန်တရာခက်ထန်စွာဖြင့် ပြုမူခဲ့၏။ လင်းဖန်တို့ဘေးရှိစားပွဲခုံကို ထက်ခြမ်းပိုင်းဖြတ်ကာ ခြိမ်းခြောက်ခဲ့သည်။ သို့သော်လည်း လင်းဖန်က အလွန်တရာတည်ငြိမ်နေခဲ့သည်။
လင်းဖန်ကို သူရဲဘောကြောင်သူတစ်ယောက်ဟု သူတို့ထင်ခဲ့သော်လည်း ယခုအခါ လင်းဖန်ထုတ်လွှတ်နေသော စွမ်းအားများနှင့် ချီတို့ကို ကြည့်ကာ ယခင်တုန်းက လင်းဖန်မတိုက်ခိုက်ခဲ့ခြင်းသည် ကြောက်ရွံ့သောကြောင့်မဟုတ်ဘဲ သူ၏ပြိုင်ဘက်ဟူ၍ပင် သဘောမထားသောကြောင့်ဖြစ်ကြောင်း နားလည်သွားသည်။
အံ့မခန်းပြင်းထန်သော စွမ်းအင်များကို ခံစားမိသောအခါ လိန်ယွဲ့မှာ မျက်မှောင်ကြုံ့သွား၏။ ယခုအခါ လင်းဖန်က သူသည် လိန်ယွဲ့ထက်အစွမ်းထက်ကြောင်း ပြသနေပေ၏။ နောက်ဆုံးမှာ သူ၏စစ်မှန်သောသရုပ်ကို ထုတ်ဖော်ပြသတာလည်း ဖြစ်နိုင်သည်။
သို့ရာတွင် နှစ်ဖက်သွားဓားကျင့်ကြံသူများသည် ပင်ကိုယ်အားဖြင့် ခက်ထန်ကြမ်းတမ်းသူများဖြစ်၏။ သူတို့၏နှစ်ဖက်သွားဓားဖြင့် အရာအားလုံးကို ချေမှုန်းနိုင်သည်။ ပြိုင်ဘက်က အလွန်တရာ အစွမ်းထက်နေမည်ဆိုလျှင်သော်မှ လိန်ယွဲ့က အကြောက်အလန့်မရှိသည့်ပမာ ရှိနေသည်။ သူက နှစ်ဖက်သွားဓားစွမ်းအင်ချီကို စုဆောင်းနိုင်သည်။ နှစ်ဖက်သွားဓားတွေကို သူချစ်မြတ်နိုးသည်။ နှစ်ဖက်သွားဓားများကို သူနားလည်၏။ ထိုဓားများဘယ်လိုအလုပ်လုပ်လဲဆိုတာ စေ့စေ့ငှငှသူသိထားသည်။ “ နှစ်ဖက်သွားဓားသခင် ” ဆိုသော သူ၏နာမည်ပြောင်က ကောလဟလသက်သက်မျှသာ မဟုတ်ချေ။ သူက မောက်မာဝင့်ကြွားသူတစ်ယောက် ဖြစ်နေခဲ့မည်ဆိုလျှင်သော်မှ ဤကမ္ဘာမှာ သူသာ အတော်ဆုံးဖြစ်ပြီး ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သူတွေးနေသည်။