တားမြစ်နယ်မြေ
ကျစ်အုပ်စိုးသူနယ်မြေရှိ ရွှေရောင်အဆင်တန်ဆာများဖြင့် ပြည့်နေသော အဆောက်အဦတစ်ခုမှာ ခရမ်းရောင်တစ်ခုက လင်းလက်နေ၏။
တောင်ထိပ်ရှိ အဆောက်အဦက လုံးဝပြောင်းလဲသွားပုံပေါ်သည်။ အတွင်းထဲတွင် အလွန်ကျယ်ပြီး အခြားအရာများထက်မြင့်သည့် စင်္ကြံလမ်းတစ်ခုရှိ၏။
ယခုအချိန်မှာ နန်းတော်ထဲရှိ ရှည်လျားသောစင်္ကြံလမ်း၏ ရှေ့ဆုံးမှာ ခန့်ညားထည်ဝါသော ရွှေရောင်ကျစ်လူမျိုးရုပ်ထုကြီးရှိသည်။ ထိုရုပ်တုသည် ကျစ်ဘိုးဘေးများကို ကိုယ်စားပြုသည့်ရုပ်တုဖြစ်၏။ ကျစ်အုပ်စိုးသူနယ်မြေနှင့် သွေးသားတော်စပ်သူများသာ သက်ဆိုင်သော ရုပ်တုလည်း ဖြစ်ပေသည်။ သူတို့က ဘိုးဘေးများကို လေးစားသည့်အနေဖြင့် ထိုရုပ်တုကို အလေးပြုကြရ၏။ ရုပ်တုနောက်တွင် ကြီးမားသောကျောက်တံခါးကြီးများနှင့် နန်းတော်၏တားမြစ်နယ်မြေရှိလေသည်။ ထိုနေရာသို့ ကျစ်အုပ်စိုးသူနယ်မြေနှင့် သွေးသားတော်စပ်သူများသာ ဝင်ရောက်ခွင့်ရှိ၏။
တောင်၏အလယ်တွင် လူပေါင်းများစွာက ထိုနန်းတော်ထဲသို့ လျှောက်လာကြသည်။ ကြီးမားသောရုပ်တုကြီးနှင့် ကျယ်ပြန့်လှသော နန်းတော်ကြီးက သူတို့ကို လှိုက်လှဲစွာ ကြိုဆိုနေ၏။
သာမန်အချိန်များမှာဆိုလျှင် တားမြစ်နယ်မြေကို အမြဲတမ်းပိတ်ထားသည်။ မည်မျှပင် ပုံရိပ်မြင့်မားသူဖြစ်နေပါစေ..ဝင်ခွင့်မရချေ။
ထိုစဉ် လူတစ်စုက စင်္ကြံလမ်းတစ်လျှောက်လာနေပြီး ရုပ်တုရှေ့သို့ ရောက်သွား၏။ သူတို့က ဒူးထောက်လိုက်ပြီး ရုပ်တုကို သုံးကြိမ်ဂါရဝပြုပြီးနောက် ရုပ်တု၏ဘေးတွင် တန်းစီလိုက်သည်။
လူများက ပိုမိုများပြားလာ၏။ ထိုလူများထဲတွင် ကျစ်အုပ်စိုးသူနယ်မြေနှင့် သွေးသားတော်စပ်သူများ ပါသကဲ့သို့ ခင်မင်ရင်းနှီးသူများလည်း ပါလေသည်။ ဤပွဲက လွန်စွာကြီးကျယ်သောအဖြစ်အပျက်တစ်ခုဖြစ်၏။ သို့သ်ေလည်း ကျစ်အုပ်စိုးသူနယ်မြေနှင့် သွေးသားတော်စပ်သူနှင့် မတော်စပ်သူများက လွန်စွာကွဲပြားသည်။ သွေးသားတော်စပ်သူများက တားမြစ်နယ်မြေထဲသို့ မဝင်နိုင်ခင် ယဇ်ပူဇော်ခြင်းကို ပြုလုပ်ကြ၏။ သို့ဖြစ်၍ သူတို့ကို နှောင့်ယှက်ခြင်း မပြုနိုင်စေရန်အတွက် ပြင်ပလူအနည်းငယ်ကိုသာလျှင် တက်ရောက်ခွင့်ပြုသည်။
ထိုစဉ် ကျစ်လင်းနှင့်လင်းဖန်သည်လည်း ရောက်ရှိလာ၏။ လင်းဖန်သည် ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထားဆဲပင်ဖြစ်ရာ မည်သည့်အတွက်ကြောင့်ဆိုတာကို ကျစ်လင်းမှာနားမလည်နိုင်အောင် ဖြစ်နေရသည်။
“ ကျစ်ယီရောက်လာပြီ ”
ကျစ်လင်းက အဝေးကိုကြည့်လိုက်ရာ ကျစ်ယီနှင့် လင်းဟောက်ကျဲတို့ အတူတူလျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။ များမကြာမီ သူတို့နှစ်ယောက်က ကျစ်လင်းရှေ့သို့ ရောက်လာသည်။
“ ကျစ်လင်း..ဘယ်လိုလုပ် သူနဲ့အတူတူရှိနေရသေးတာလဲ ”
ကျစ်ယီက မျက်မှောင်ကြုတ်လျက် အေးစက်စက်ပြောလိုက်၏။
လင်းဖန်က ကျစ်ယီကို ကြည့်ကာ ကမ္ဘာမြေနှင့်ပေါင်းစပ်ခြင်းအဆင့်ကို အသုံးပြုလိုက်သည်။ သူ့အာရုံခံနိုင်စွမ်းက အလွန်တရာတိကျနေ၏။ ကျစ်ယီမှာ တစ်စုံတစ်ခုပြောင်းလဲသွားတာကို လင်းဖန်သိသွားသည်။
