Zawgyi
ဓားတောင်
“ အတူတူလုပ်ကြရအောင်။ ဘယ်လိုသဘောရလဲ ”
လင်းဖန်က တခဏကြာတိတ်ဆိတ်ပြီးနောက် ပြောလိုက်၏။ ဤနေရာနှင့် သူရင်းနှီးခြင်းမရှိပေ။ အကယ်၍ သူသာ နေကိုးစင်းမြက်ကို ရှာဖွေတွေ့ရှိမည့်အပြင် သူ၏ဓားစွမ်းရည်ကိုလည်း တိုးတက်အောင်လုပ်မည်ဆိုလျှင် နေကိုးစင်းတောင်မှာ အချိန်များစွာ ကုန်သွားနိုင်သည်။
ဤကဲ့သို့ အခွင့်အရေးက အလွန်တရာ ရှားပါး၏။
ဖန်ထင်းက တိတ်ဆိတ်ငြိမ်သက်နေပြီး လင်းဖန်၏အမေးကို လျစ်လျူရှုထားသည်။ ထို့နောက် ဖန်ထင်း၏ဘေးမှရှိသော အဘိုးအိုထံမှ စကားသံထွက်ပေါ်လာ၏။
“ ဝမ်းနည်းပါတယ်။ ငါတို့က တစ်ယောက်ကိုတစ်ယောက် လိုအပ်မှာ မဟုတ်ဘူး။ ကိုယ့်လမ်းကိုယ်သွားတာ အကောင်းဆုံးဖြစ်လိမ့်မယ် ”
“ ဟုတ်တယ်။ ပြီးတော့ မင်းက ငါတို့နဲ့ ဘာလို့နေချင်တာလဲ။ မင်းဘယ်သူလဲ ”
အစောင့်အရှောက်တစ်ယောက်က အထူးသတိထားလျက် ပြောလိုက်၏။
လင်းဖန်က မျက်လုံးဝှေ့ကြည့်လိုက်ရင်း အေးစက်စက်စွမ်းအင်များကို ထုတ်ဖော်လိုက်ရာ လူအုပ်ကြီးကို အံ့အားသင့်သွားစေသည်။ သူတို့အားလုံးမှာ နေရာမှာပင် အေးခဲသွားတော့မည်ကဲ့သို့ ခံစားလိုက်ရ၏။ မည်မျှအေးစက်လိုက်ပါသနည်း။ သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
“ အဲ့ဒီလိုဆိုရင် ကျုပ်သွားတော့မယ် ”
လင်းဖန်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ရင်း ပြောလိုက်၏။ အကယ်၍ မိန်းမပျိုကသာ လင်းဖန်ကို လက်ခံခဲ့လျှင် သူမအတွက် ကြီးစွာသော အထောက်အကူဖြစ်လိမ့်မည်။ လင်းဖန်သာ သူမနှင့်အတူ ရှိနေလျှင် သူမအတွက် အန္တရာယ်မဖြစ်နိုင်ပေ။ သို့သော် သူမက ငြိမ်သက်နေ၏။
လင်းဖန်က သူ့လမ်းအတိုင်း လျင်မြန်စွာ ဆက်လျှောက်သွားသည်။ ဖန်ထင်း၏မျက်လုံးများက တလက်လက်တောက်ပလာ၏။ ဤကဲ့သို့ လူမျိုးကား ရှားပါးလှသည်။ လင်းဖန်က နေကိုးစင်းမြက်ကို ဘယ်နေရာမှာ ရှာရမလဲဟု မေးမြန်းခဲ့သည့်အပြင် သူတို့နှင့်အတူ သွားလို့ရမလားဟု မေးခဲ့၏။ ထို့အပြင် သူ၏တောင်းဆိုချက်ကို သူတို့ငြင်းပယ်သောအခါတွင်လည်း လင်းဖန်က မနှောင့်ယှက်ဘဲ ထွက်ခွာသွားသည်။
