Zawgyi
သူ့ကို ဘယ်သူသတ်မှာလဲ။
လင်းဖန် အမှန်တကယ် ကံမကောင်းချေ။ အင်အားကြီးအုပ်စုနှစ်စုက သူရန်စမိခဲ့ပေသည်။
ရွှီယွဲ့နိုင်ငံမှာ ယွီမျိုးနွယ်စုနှင့် ဝမ်ရှောက်ကျောင်းတော်ကား အံ့သြစရာကောင်းအောင် လူတစ်ယောက်ကို သေစေချင်နေ၏။
ဤတစ်ကြိမ်တွင် လင်းဖန် သေရတော့မည်မှာသေချာနေသည်။
လင်းဖန်၏ဘေးရှိ ရွှမ်ချီအဆင့်ကျင့်ကြံသူလေးယောက်က လင်းဖန်ကို လေးနက်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။ သူတို့နှင့်အတူ တိုက်ခိုက်နေသော လူငယ်က ရွှီယွဲ့နိုင်ငံမှာ ကျော်ကြားနေသော လင်းဖန်ဖြစ်ကြောင်း နားလည်စပြုလာသည်။
လင်းဖန်သည် အံမခန်းအစွမ်းထက်ပြီး ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်၏။
သို့သော် ယခုအချိန်မှာ လင်းဖန်သည် အခက်အခဲတွေ့နေပြီး သူတို့အနေဖြင့် သူ့ကို ကူညီနိုင်စွမ်းမရှိချေ။
ယွဲ့ချင်းရှန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသော်လည်း ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားသည်။
သူသည် သူ၏သမီးနှင့် ဆက်ဆံခြင်းမရှိတော့ဘဲ သူ့သမီးချစ်မြတ်နိုးသောသူကို မုန်းတီးနေပြီး လင်းဖန်ကို သူ့မျိုးဆက်သစ်တစ်ယောက်ဟု တရားဝင်ကြေညာခြင်းမရှိသော်လည်း သွေးက ရေထက်ပြစ်၏။ လင်းဖန်သည် သူ၏မြေးဖြစ်နေဆဲပင်။ ယွဲ့မျိုးနွယ်စုမှ အဖွဲ့ဝင်အားလုံးသည် သူ၏မြေးလင်းဖန်မည်မျှအစွမ်းထက်ကြောင်း တွေ့မြင်သွားပြီဖြစ်သည်။ ယွီမျိုးနွယ်သည်လည်း သူတို့၏ရည်မှန်းချက်အောင်မြင်အောင် ဆောင်ရွက်လိမ့်မည်။
“ ယွီလျန်ရှုန်…မင်းပြောနေတာ ယွီတျန်ရှင်းနဲ့ ယွီကျုံးကိုလား ”
ယွဲ့ချင်းရှန်က မထူးခြားသည့်လေသံဖြင့် ပြောလိုက်ရာ ယွီလျန်ရှုန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
“ ဟုတ်တယ် ”
“ မင်းရဲ့ငါးယောက်မြောက်သားက ပါရမီမရှိသလို ကြိုးစားခြင်းလည်း မရှိဘူး။ မျိုးနွယ်စုရဲ့ အရှိန်အဝါကို ဘယ်လိုအသုံးချရမလဲဆိုတာပဲ သိတယ်။ တကယ်လို့ မျိုးနွယ်စုနာမည်သာ မရှိရင် အကြိမ်အများကြီး သူသေပြီးပြီ။ အခုသူသေသွားတာက သူ့ကံကြမ္မာပဲ။ မင်းညီကတော့ အလွမ်းတောအုပ်မှာ ရမ်းကားခဲ့တယ်။ အပြစ်ပေးခံရလိမ့်မယ်လို့ သူမသိဘူးလား။ အဲ့ဒါတွေက အံ့သြစရာမရှိဘူး။ လူငယ်လေးတစ်ယောက်ကို သတ်ဖို့ အခုမင်းကိုယ်တိုင် လာရတယ်ပေါ့။ ဘယ်လောက်တောင် ဂုဏ်သိက္ခာရှိလိုက်သလဲ ”
ယွဲ့ချင်းရှန်က ပြောလိုက်ရာ လူအားလုံးကို အံ့သြမှင်တက်သွားစေ၏။ သူ့စကားလုံးများက ယွီတျန်ရှင်းနှင့် ယွီကျုံးတို့ သေသွားရခြင်းသည် သူတို့မိုက်မဲ၍ဖြစ်ကြောင်း ဆိုလိုနေသည်။
“ ပိုပြီး ဂုဏ်သိက္ခာအရှိဆုံးကတော့ ဝမ်ရှောက်ကျောင်းတော်ကလူတွေပဲ။ အဓိကကျောင်းသားတွေအုပ်စုက တခြားလူတွေရှာတွေ့ထားတဲ့ မြေကြောကို လုယူလိုက်ပေမယ့် ရှုံးနိမ့်သွားခဲ့တယ်။ ဒါ့အပြင် သူတို့ရဲ့တောရိုင်းကောင်တချို့နဲ့ အဖွဲ့ဝင်တွေလည်း အသတ်ခံလိုက်ရတယ်။ ဘယ်လောက်တောင် ရှက်စရာကောင်းသလဲ။ အဲ့ဒီကောင်တွေသေတာက ကိစ္စမရှိဘူး။ ဒါပေမယ့် တန်ဝူရှောက်…မင်းကိုယ်တိုင်ဒီနေရာကို ရောက်လာခဲ့တယ်ဆိုတော့ မင်းက တကယ်အရှက်မရှိတဲ့လူပဲ။ မင်းက ကမ်းကုန်အောင် ရှက်စရာကောင်းတဲ့လုပ်ရပ်တွေ လုပ်နေတယ် ”
“ အမ် ”
လူအုပ်ကြီးမှာ တအံ့တသြဖြစ်သွား၏။ ယွဲ့မျိုးနွယ်စုခေါင်းဆောင်က အံ့သြစရာကောင်းအောင် လင်းဖန်အတွက်ကြောင့် ယွီလျန်ရှုန်နှင့် တန်ဝူယောက်တို့ကို ရှုတ်ချနေသည်။
ယွီလျန်ရှုန်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။ ယွဲ့ချင်းရှန်သည် လင်းဖန်အတွက် ပြောနေ၏။ အဘိုးကြီးက လင်းဖန်ကို ဆွေမျိုးအဖြစ်သတ်မှတ်နေသေးပုံရသည်။
တန်ဝူယောက်၏ပုံစံမှာ အေးစက်သွားသည်။ သူကဲ့သို့ ကျောင်းတော်တစ်ခု၏ ခေါင်းဆောင်တစ်ယောက်ကို ယွဲ့ချင်းရှန်က အရှက်ခွဲဝံ့နေသည်မှာ စက်ဆုပ်ရွံရှာစရာ ကောင်းလှသည်။
“ ယွဲ့မျိုးနွယ်စုခေါင်းဆောင်က သူ့ကို မသတ်အောင် ကျုပ်တို့ကို တားဆီးနေတာလား ”
ယွီလျန်ရှုန်က အမှန်တရားကို ဖော်ထုတ်ရန် ကြိုးစားလိုက်၏။
“ လူငယ်တွေရဲ့ကိစ္စကို လူငယ်တွေပဲ ဖြေရှင်းသင့်တယ်။ ဘာလို့ လူကြီးတွေက ဝင်စွက်ဖက်ရမှာလဲ။ ဒီကောင်လေးအသက်ကို မင်းလိုချင်တယ်။ ကိစ္စမရှိဘူး။ သူနဲ့ရွယ်တူတစ်ယောက်ကို ဒီကောင်လေးသတ်ဖို့ လွှတ်လိုက်လေ။ ဒါပေမယ့် မင်းတို့က သူ့ကို ဝိုင်းထားပြီး လူအများကြီးနဲ့ တိုက်ခိုက်မယ်ဆိုရင်တော့ ကျုပ်ကို ဝင်စွက်ဖက်တယ်ဆိုပြီး အပြစ်မတင်နဲ့ ”
ယွဲ့ချင်းရှန်က မထူးခြားသည့်လေသံဖြင့် ပြောကြားလိုက်၏။ သူကူညီနိုင်သမျှက ဤမျှသာဖြစ်ပြီး ကျန်သောအရာကို လင်းဖန်သာ လုပ်ဆောင်ရလိမ့်မည်။
“ ဟဲဟဲ…သူက သာမန်ကောင်လေးတစ်ယောက်ပဲ။ ကျုပ်တို့လူကြီးတွေကိုယ်တိုင် ဒီကောင်လေးကို မတိုက်ခိုက်ဘူး။ ဝမ်ရှောက်ကျောင်းတော်က အံ့မခန်းထူးချွန်တဲ့ ပါရမီရှင်တွေနဲ့ ပြည့်နေတယ်။ သူ့ကိုသတ်ဖို့ဆိုရင် လူငယ်တစ်ယောက်နဲ့တင် လုံလောက်တယ် ”
ယွီလျန်ရှုန်က ဝမ်ရှောက်ကျောင်းတော်အား ကိစ္စကိုကိုင်တွယ်ရန် လွှဲပေးလိုက်ပြန်သည်။ ယခုအခါ လင်းဖန်သည် သူမ၏သားဆိုတာ သေချာသွား၏။ ယွီမျိုးနွယ်စုအနေဖြင့် လင်းဖန်ကို အလွယ်တကူသတ်နိုင်သော်လည်း ယွဲ့မျိုးနွယ်စုက ပါဝင်လာခြင်းမရှိပါဘူးဟု အာမခံနိုင်ပါမည်လော။
ဝမ်ရှောက်ကျောင်းတော်ကသာ တိုက်ခိုက်လျှင် များစွာကောင်းမွန်၏။
“ ကောင်လေးတို့။ ဒီကောင်လေးကို ဘယ်သူသတ်ချင်လဲ ”
တန်ဝူယောက်က သူ့နောက်ရှိ လူငယ်များကို အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်၏။ စောစောက လင်းဖန်သည် သူ၏ကျောင်းသားတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်ဖြစ်ရာ ကျောင်းသားတစ်ယောက်ကို သွားရောက်ပြီး လင်းဖန်ကို သတ်စေခြင်းက သူတို့၏ဂုဏ်သိက္ခာကို ပြန်လည်မြင့်တင်ပေးရာ ရောက်လိမ့်မည်။
သို့ဖြစ်၍ တန်ဝူရှောက်က လင်းဖန်ကို သတ်ရန်တာဝန်အား အလွယ်တကူလက်ခံလိုက်ခြင်းဖြစ်၏။
“ ဒီကောင့်ကို ကျွန်တော်သတ်မယ် ”
တောရိုင်းကောင်တစ်ကောင်အသွင်ရှိသော ဝူချင်းက ပြောလိုက်သည်။ စောစောက ယွဲ့တျန်မင်ကို အနည်းငယ်ကြောက်ရွံ့သည့်အတွက် မတိုက်ခိုက်ခဲ့ရပေ။ သို့သော် လင်းဖန်ကို သတ်ရမှာက လွယ်ကူ၏။
“ မလိုဘူး။ လင်းဖန်ကို သတ်ဖို့အတွက် မင်းကို ဘာလို့လိုမှာလဲ ”
တန်ဝူယောက်က ဝူချင်းကို တိုက်ခိုက်ခြင်းမှ တားမြစ်လိုက်၏။ လင်းဖန်ကို သတ်ရန် ဝူချင်းကို စေလွှတ်ခြင်းက သူတို့အတွက် ဂုဏ်သိက္ခာကို ပြန်လည်အဖက်ဆယ်နိုင်လိမ့်မည် မဟုတ်ဘဲ ကြီးမားသော အရှက်ရမှုတစ်ခုသာ ဖြစ်လိမ့်မည်။
“ ဝူချင်း…ခေါင်းဆောင်ပြောတာမှန်တယ်။ ဒီကောင့်ကို သတ်ဖို့အတွက် မင်းမလိုဘူး။ ဒီကိစ္စကို ငါနဲ့ဆို လုံလောက်တယ် ”
ဝမ်ရှောက်ကျောင်းသားတစ်ယောက်က ပြောလိုက်၏။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ထိုလူငယ်မှာ ကြီးမားသော လက်မောင်းနှင့် ခြေထောက်များ ရှိပြီး သူ့ကိုကြည့်ရသည်မှာ အလွန်အစွမ်းထက်သည့်ပုံပေါ်၏။ သူသည် အနိမ့်ဆုံးနှစ်မီတာ မြင့်ပြီး သူ့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းအားလုံးတွင် ပြင်းထန်သော စွမ်းအားများနှင့် ပြည့်နေသည့်အလား ထင်ရသည်။
တန်ဝူယောက်သည် သူ့ကိုတစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
“ ကောင်းပြီ။ ဒူရန်…မင်းပဲ သူ့ကိုသွားသတ်လိုက် ”
“ ဟုတ် ”
ဒူရန်က ပြောလိုက်ပြီး ရှေ့သို့ တက်သွားလိုက်သည်။ သူ၏ခြေလှမ်းတိုင်းမှာ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလာသည့်ပုံပေါ်သည်။ သူ၏ကြီးမားသော ခန္ဓာကိုယ်က လေထဲသို့ မြောက်သွားပြီး လင်းဖန်ကို အပေါ်စီးမှ ကြည့်နေသည်။
“ သေစမ်းကွာ ”
ဒူရန်က အပိုစကားမဆိုဘဲ ပြောလိုက်သည်။ ထို့နောက် လင်းဖန်ဆီသို့ ညင်သာစွာ ခုန်ဝင်သွား၏။
လင်းဖန်သည် ဒူရန်ကို ကြည့်ကာ တောရိုင်းတစ်ကောင်က သူ့ကိုတိုက်ခိုက်ရန် ပြေးလာသည့်ပမခာ ခံစားလိုက်ရသည်။ ရက်စက်ကြမ်းကြုတ်သော ချီများကိုလည်း သူခံစားလိုက်ရ၏။
“ ဘယ်လောက်တောင် မြန်လိုက်လဲ ”
လူအုပ်ကြီးမှာ တအံ့တသြဖြစ်သွားသည်။ ဒူရန်သည် အလွန်တရာ ကြီးမားသော ခန္ဓာကိုယ်ရှိသူဖြစ်သော်လည်း အလွန်လျင်မြန်၏။
“ ဘေးဖယ် ”
လင်းဖန်က အော်ပြောလိုက်ရာ ချက်ချင်းပင် ကျင့်ကြံသူလေးယောက်သည် သူ၏လမ်းမှ ဖယ်ပေးလိုက်လေသည်။ လင်းဖန်၏လက်ထဲတွင် သန့်စင်သောချီဓားတစ်လက် ထွက်ပေါ်လာ၏။ လင်းဖန်က လင်းဖန်၏ဓားစွမ်းအင်များသည် ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားပြီး ဒူရန်ဆီသို့ ပြေးဝင်စပြုလာသည်။
“ ဘုန်း ”
ဒူရန်၏ခန္ဓာကိုယ်ကြီးသည် တဝီဝီမြည်နေသော ဓားစွမ်းအင်များနှင့် ထိပ်တိုက်တွေ့ဆုံသွား၏။ လေထုကြီးတုန်ခါသွားပြီး သန့်စင်သောချီဓားသည် ပြင်းထန်သော ဖိအားကြောင့် ကွဲအက်စပြုလာ၏။
“ ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ ”
လူအုပ်ကြီးမှာ တအံ့တသြဖြစ်နေသည်။ ဒူရန်က ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲစွမ်းအားကိုသုံးကာ သန့်စင်သောချီဓားကို ဖျက်ဆီးပစ်လိုက်၏။
“ တိရစ္ဆာန်ခွာတွေ ”
လင်းဖန်သည် ခေါင်းကိုမော့လိုက်ပြီး ဒူရန်၏ခြေထောက်ကို ကြည့်လိုက်သည်။ ဒူရန်၏ခြေထောက်သည် လူသားတစ်ယောက်၏ ခြေထောက်ဟု မခေါ်နိုင်တော့ဘဲ တောရိုင်းကောင်ခြေထောက်ပမာ ဖြစ်နေသည်။ ၎င်းခြေများက မည်းနက်နေပြီး အမွှေးထူများဖြင့် ဖုံးအုပ်ထားရာ သည်းထိတ်ရင်ဖိုစရာ ကောင်းနေ၏။
လင်းဖန်၏ခန္ဓာကိုယ်က လှစ်ခနဲလှုပ်ခါသွားပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။
“ ဘုန်း ”
ဒူရန်၏ကြီးမားသော ခွာများသည် မြေပြင်ကို ထိတွေ့သွားပြီး ကြီးမားသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားသည်။ ဒူရန်က ဤမျှဖြင့် ရပ်တန့်မသွားချေ။ လင်းဖန်နောက်ဆုတ်ရာသို့ ဒူရန်၏လက်က နီးကပ်စွာလိုက်ပါနေရာ လေပြင်းများဖြစ်ပေါ်နေသည်။
မည်မျှလျင်မြန်လိုက်သနည်း။ သူ၏လှုပ်ရှားမှုများက ပုံရိပ်ယောင်တစ်ခုပမာဖြစ်နေသည်။
လင်းဖန်သည် ပျံသန်း၍ နောက်သို့ ဆုတ်ခွာနေ၏။ လေပြင်းများက သူ့ကို တိုက်ခတ်သွားပြီး သူ့မျက်လုံးနာကျင်သွားရသည်။ ဒူရန်၏ခြေထောက်က ခွာများဖြစ်နေသည်သာမက သူ့လက်များသည်လည်း ပြောင်းလဲနေသည်။ သို့ရာတွင် သူ၏စိတ်အာရုံများက လူသားတစ်ယောက်ပမာ စူးရှထက်မြက်နေဆဲပင်။
လူအုပ်ကြီးမှာ တအံ့တသြဖြစ်နေကြသည်။ ဝမ်ရှောက်ကျောင်းတော်မှာ အံ့မခန်းထက်မြက်သော ကျောင်းသားများစွာ ရှိနေ၏။ ဒူရန်သည် သာမန်ဟုသာ ထင်ရသော်လည်း အံ့မခန်းအစွမ်းထက်သူဖြစ်နေသည်။
တန်ဝူယောက်သည် အေးစက်စွာ ပြုံးနေ၏။ ဒူရန်သည် အလွန်တရာ ပါရမီရှိသူမဟုတ်သော်လည်း သူ၏ခွာများက အမှန်တကယ် အစွမ်းထက်သည်။ သူသည် လက်ရှိကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့၏။ သူနှင့်အဆင့်တူ ကျောင်းသားများထဲတွင် သူက အများစုထက် အသက်ကြီးသည်။ သို့သော် သူသည် သူ့ကိုယ်သူအမြဲတမ်းအားကိုး၏။ သူ၏ခိုင်မာသော စိတ်ဓာတ်တို့ကြောင့် နောက်ဆုံးတွင် ရွှမ်ချီအဆင့်သုံးသို့ ရောက်ရှိခဲ့သည်။ သို့ဖြစ်၍ သူ၏ကျင့်ကြံခြင်းက အလွန်အခြေခိုင်သည်။ သာမန်ရွှမ်ချီအဆင့်သုံးကျင့်ကြံသူတစ်ယောက်က သူ့ကို မတိုက်ခိုက်နိုင်ပေ။ ထို့ကြောင့် လင်းဖန်အတွက် အသက်ရှင်ရန် အခွင့်အရေးနည်းပါး၏။
“ မင်းက ထွက်ပြေးချင်တာလား …”
ဒူရန်သည် နောက်သို့ ဆုတ်နေသော လင်းဖန်ကို မြင်သောအခါ ရေခဲတမျှ အေးစက်သောလေသံဖြင့် ပြောကြားလိုက်သည်။ သူ၏ကြီးမားသောလက်က လင်းဖန်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာ၏။ ထိုတိုက်ကွက်က ရိုးရှင်းသော်လည်း အလွန်တရာပြင်းထန်သော လေများကို ဖန်တီးပေးရာ လင်းဖန်နှင့် သူ၏အင်္ကျီများမှာ လေထဲတွင် တဖျပ်ဖျပ်လွင့်ကာ ကြီးမားသော ဖိအားကို ခံစားနေရသည်။
“ ဒီကောင်က ရွှမ်ချီအဆင့်သုံးကို ရောက်နေပြီ။ ငါ့ထက်နှစ်ဆင့်မြင့်တယ်။ ငါ့ထက် အစွမ်းထက်တဲ့အပြင် အရမ်းမြန်တယ်။ သူ့ကို အနိုင်တိုက်ဖို့အတွက် အနက်ရောင်ကြာပွင့်ကို သုံးရမယ်ဆိုရင် မလွယ်ဘူး ”
လင်းဖန်တွေးလိုက်မိ၏။ အနက်ရောင်ငရဲမီးကြာပွင့်သည် သူ၏နောက်ဆုံးလက်နက်ဖြစ်ပြီး အချိန်မတိုင်သေးခင်အထိ လင်းဖန်မသုံးချင်ပေ။
ယခုအချိန်မှာ သူသည် ဒူရန်ကို နိုင်၊မနိုင် မသိချေ။ အကယ်၍ သူ၏အနက်ရောင်ကြာပွင့်ကို ဒူရန်အား သတ်ရန် အသုံးပြုလိုက်လျှင် သူ့မှာ သန့်စင်သောချီများ ကျန်ရှိတော့မည် မဟုတ်ချေ။ နောက်တစ်ယောက်က သူ့ကို တိုက်ခိုက်ချင်လာခဲ့လျှင် သူ့အတွက် အလွန်တရာ အန္တရာယ်ရှိလိမ့်မည်။
သို့ဖြစ်၍ အနက်ရောင်ကြာပွင့်ကို အရေးကြုံသောအခါမှသာ ထုတ်သုံးရန် စဉ်းစားနေခြင်းဖြစ်သည်။
သူ့နောက်တွင် ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ရိုက်ခတ်သွား၏။ များစွာသော ခရမ်းရောင်အကောင်လေးများသည် လေထဲတွင် ပြည့်လာသည်။ လျှပ်တစ်ပြက်အတွင်း ခရမ်းရောင်မြွေတပ်တစ်ခုက လင်းဖန်ကို ဝိုင်းရံထား၏။
“ ဒါ သူ့ရဲ့ စိတ်ဝိညာဉ်လား ”
လင်းဖန်၏ခရမ်းရောင်ဝိညာဉ်ကို မြင်သောအခါ ယွဲ့ချင်းရှန်၏မျက်လုံးများ အရောင်လက်သွားသည်။ ၎င်းက တောရိုင်းကောင်ဝိညာဉ်ဟု ခံစားရသော်လည်း တောရိုင်းကောင်ဝိညာဉ်နှင့်မတူချေ။ လင်းဖန်က သူ့အမေထံမှ ယွဲ့မျိုးနွယ်စု၏သွေးဝိညာဉ်ကို အမွေဆက်ခံရရှိခဲ့သည့်ပုံမပေါ်ချေ။
![](https://img.wattpad.com/cover/189883167-288-k448281.jpg)