နတ်ဆိုးကျင့်စဉ်
“ သူတိုက်ခိုက်ချင်နေတယ်။ လင်းဖန်တိုက်ခိုက်ချင်နေတယ် ”
လင်းဖန်ထံမှ အဖျက်အဆီးချီများနှင့် အတိုက်အခိုက်စွမ်းအင်များကို ခံစားမိသောအခါ လူအုပ်ကြီးမှာ မထိန်းချုပ်နိုင်ဘဲ တုန်ခါသွားသည်။ မည်မျှရဲတင်းလိုက်သည့်လူငယ်နည်း။သူက လင်းချီစုဆောင်းမှုအဆင့်သို့သာ ရောက်ရှိနေပြီး သူ၏ပြိုင်ဘက်နှင့် စွမ်းအားကွာခြားချက် လွန်စွာကြီးမားသည်။ သူ၏စိတ်ဓာတ်ခိုင်မာမှုက သံမဏိကဲ့သို့ဖြစ်ရာ ယုံကြည်ချက်အတိုင်း နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ လိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိပ်ပြောင်နေသောခေါင်းဆောင်က လင်းဖန်ကို နောက်ဆုံးသုံးကွက်အား ဘယ်လိုခုခံမလဲဟု မေးသော်လည်း မည်သည့်အတွက်ကြောင့် လင်းဖန်မှာလည်း တိုက်ခိုက်နိုင်စွမ်းရှိနေတာကို စဉ်းစားခြင်းမပြုရသနည်း။
လင်းဖန်က ရှောင်တိမ်းနေရာမှ ရပ်တန့်လိုက်ပြီး တိုက်ခိုက်ရန်ပြင်ဆင်နေတာကို မြင်သောအခါ ထိပ်ပြောင်နေသော ခေါင်းဆောင်သည်လည်း အံ့အားသင့်သွားရသည်။
လင်းယုန်ငှက်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး သန့်စင်သောချီကို အဆက်မပြတ်စုပ်ယူနေ၏။
လင်းဖန်သေရပေတော့မည်။
ထိုစဉ် လင်းဖန်သည် ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်အား ကြည့်လိုက်၏။ သူက လက်ကို ဆန့်တန်းကာ အေးစက်စက်အော်လိုက်သည်။
“ ဓား ”
စကားဆုံးသောအခါ လင်းဖန်၏လက်ထဲတွင် သန့်စင်သောချီများဖြင့် ပြုလုပ်ထားသော ဓားတစ်လက်ထွက်ပေါ်လာ၏။ ထိုဓားက စစ်နတ်ဘုရားတစ်ပါး၏ ဓားတစ်လက်ပမာ ထင်ရသည်။ယခုအချိန်တွင် လင်းဖန်၏ခန္ဓာကိုယ်က အလွန်တရာထက်မြက်သော ဓားတစ်လက်ပမာ ဖြစ်နေ၏။ သူ့ခန္ဓာကိုယ်မှ အံ့မခန်းများပြားသော ဓားချီများနှင့် အတိုက်အခိုက်စွမ်းအင်များ ထွက်ပေါ်နေသည်။
“ အတိုက်အခိုက်စွမ်းအင်တွေနဲ့ ဓားချီတွေက အရင်ဆုံးလာခဲ့တဲ့ သိန်းငှက်ရဲတိုက်ရဲ့ ခေါင်းဆောင်တစ်ယောက်ကို သတ်ခဲ့တုန်းကထက်တောင် အများကြီးအစွမ်းထက်နေတယ် ”
လူအုပ်ကြီးမှာ တအံ့တသြဖြစ်သွား၏။ သူက ထိပ်ပြောင်နေသော ခေါင်းဆောင်အား အမှန်တကယ်သတ်ဖြတ်တော့မည့်ပုံ ပေါ်သည်။
“ သန့်စင်တဲ့ချီတွေကနေ လုပ်တဲ့ရိုးရိုးဓားတစ်လက်ပဲ။ အဲ့ဒီထက်မပိုဘူး ”
ထိပ်ပြောင်နေသော ခေါင်းဆောင်က အေးစက်စွာပြုံး၍ ပြောလိုက်၏။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်လာပြီး ခေါင်းကိုမော့ကာ လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ အော်မြည်လိုက်ရာ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားသွားသည်။
ကျင့်ကြံသူတစ်ယောက်က ရွှမ်ချီအဆင့်ကို ရောက်ရှိသွားသောအခါ သူ၏စိတ်ဝိညာဉ်က သက်ရှိနှင့် ပို၍တူလာသည်။ အစွမ်းထက်သော စိတ်ဝိညာဉ်က တိုက်ပွဲတစ်ခုအတွင်းမှာ ကျင့်ကြံသူကို လွန်တရာအစွမ်းထက်စေပြီး ကျင့်ကြံရာမှာလည်း တိုးတက်မြင့်မားစေသည်။
![](https://img.wattpad.com/cover/189883167-288-k448281.jpg)