#Zawgyi
လွန်ခဲ့သော ဆယ့်ရှစ်နှစ်ဆီသို့…
“ ရှင်းရဲ့…အပြင်ဘက်လမ်းလျှောက်သွားရအောင် ”
လင်းဖန်သည် စစ်တုရင်ကွက်ပေါ်ရှိ ဖရိုဖရဲဖြစ်နေသော အရုပ်များအားကြည့်ကာ ပြောလိုက်၏။
သွမ့်ဝူရက သူ့ကိုလာရန်ဖိတ်ခေါ်ခိုင်းလိုက်သည်မှာ သွမ့်ရှင်းရဲ့ကြောင့် ဖြစ်ပုံရသည်။ ရှေးဟောင်းဆေးအမြုတေအိုးနှင့် သက်ဆိုင်ပုံမရချေ။ သို့ရာတွင် လန်ကျောက်နှင့် သွမ့်ဝူရက အတူတကွ ရှိနေကြသည်ဖြစ်ရာ လန်ကျောက်က ဒေါသမထိန်းနိုင်မှာကို သူစိုးရိမ်မိသည်။
ထို့ပြင် သွမ့်ဝူရက လန်ကျောက်နှင့်အလွန်တရာ နီးစပ်သော ဒေါ်လေးယွမ်ကို သတ်ဖြတ်ခဲ့၏။
“ အင်း ”
သွမ့်ရှင်းရဲ့က ခေါင်းညိတ်ပြလိုက်သည်။ ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး လင်းဖန်နှင့်အတူ ဝါးတောလေးကိုဖြတ်၍ လမ်းလျှောက်လာ၏။
ဝါးတော၏အတွင်းပိုင်းမှာ တသွင်သွင်စီးဆင်းနေသော ချောင်းငယ်လေးတစ်ခု ရှိသည်။ ထိုချောင်းငယ်လေးကိုကျော်ဖြတ်၍ တံတားလေးတစ်စင်းလည်း ပြုလုပ်ထားရာ မြင်ကွင်းက ပသာဒဖြစ်နေတော့၏။
သွမ့်ရှင်းရဲ့သည် ခေါင်းကလေးကို မော့လိုက်ရင်း ဝါးပင်လေး၏ထိပ်ဖျားမှာ နားနေသော ငှက်ကလေးအား ကြည့်ကာ ချက်ချင်းအတွေးတွေထဲမှာ နစ်မျောသွားပုံရပြီး နူးညံ့ညင်သာသော လေသံဖြင့် ပြောလာသည်။
“ တစ်နေ့ ဒီနေရာလေးမှာ ကိုယ်တကယ်ချစ်ရတဲ့လူနဲ့ အိမ်ကလေးဆောက်ပြီး အတူနေချင်တယ်။ အဲ့ဒီလိုဆိုရင် အရမ်းကြည်နူးဖို့ကောင်းမှာပဲနော် ”
လင်းဖန် အံ့အားသင့်သွားရပြီး ချက်ချင်းပင် အားတုံ့အားနာဟန်ဖြင့် ပြုံးလိုက်သည်။ အခြေအနေက သူ့အတွက် ကို့ရို့ကားယားဖြစ်နေ၏။ ထို့နောက် လင်းဖန်က
“ အလွမ်းတောအုပ်ကို ဖန်တီးခဲ့တဲ့သူက ဒီလိုအတွေးမျိုးရှိတဲ့အတွက် ဒီလောက်လှပတဲ့နေရာလေးကို ဖန်တီးခဲ့တာ ဖြစ်နိုင်တယ် ”ဟု ပြောလိုက်သည်။
“ ဟုတ်တယ်။ သူမက အရမ်းနုံအတယ်။ ချစ်သူအတွက်ကြောင့် သူမရဲ့မျိုးနွယ်စုနဲ့ အဆက်အသွယ်အားလုံး ဖြတ်တောက်ခဲ့ရတယ် ” သွမ့်ရှင်းရဲ့က ခေါင်းညိတ်ဖြေကြားလိုက်၏။
သွမ့်ရှင်းရဲ့၏စကားကို လင်းဖန်ကြားသောအခါ အလွန်တရာ သိချင်စိတ်ပြင်းပြသွားပြီး မထိန်းချုပ်နိုင်ဘဲ မေးလိုက်သည်။
“ အလွမ်းတောအုပ်ရဲ့ပိုင်ရှင်က ဘယ်သူလဲ ”
သွမ့်ရှင်းရဲ့က လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်ပြီး
“ တစ်နိုင်ငံလုံးမှာ အလှပဆုံး မိန်းမပျိုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ယွဲ့မိန်ဟဲပဲ ”
“ ရွှီယွဲ့နိုင်ငံရဲ့ အလှပဆုံး အမျိုးသမီး ”
လင်းဖန်အံ့အားသင့်သွားရသည်။ သွမ့်ရှင်းရဲ့သည် အလွန်တရာလှပပြီး အံ့မခန်း ပုံရိပ်မြင့်မားသူဖြစ်သော်လည်း “ တစ်နိုင်ငံလုံးမှာ အလှပဆုံး မိန်းမပျို ” ဟုသော ဘွဲ့ကို မရရှိခဲ့ပေ။ သို့ရာတွင် ယွဲ့မိန်ဟဲဆိုသော အမျိုးသမီးက ထိုဘွဲ့ကို ရခဲ့ရာ မည်ကဲ့သို့ ချောမောလှပသည့်အတွက်ကြောင့်လဲဆိုတာ လင်းဖန်မြင်ချင်သွား၏။
“ ယွဲ့မိန်ဟဲ ”
လင်းဖန် တီးတိုးရေရွတ်လိုက်ပြီး သွမ့်ရှင်းရဲ့ကို ကြည့်ကာ ပြောလိုက်သည်။
“ မျိုးရိုးနာမည်က ယွဲ့လား ”
သွမ့်ရှင်းရဲ့က ခေါင်းကိုညိတ်သည်ဆိုရုံမျှ ညိတ်ပြလိုက်ရင်း
“ ရှင်ခန့်မှန်းတဲ့အတိုင်း အဲ့ဒီအမျိုးသမီးက ယွဲ့မျိုးနွယ်စုကပါ။ ပြီးတော့ အရင်တုန်းက အဲ့ဒီအမျိုးသမီးဟာ ယွဲ့မျိုးနွယ်စုရဲ့ အထူးချွန်ဆုံး မျိုးဆက်သစ်တစ်ယောက် ဖြစ်ခဲ့တဲ့အပြင် တစ်နိုင်ငံလုံးမှာ အစွမ်းထက်ဆုံး အမျိုးသမီးတစ်ယောက်လည်း ဖြစ်တယ်။ ယောက်ျားလေးတွေထဲမှာတောင် အဲ့ဒီအမျိုးသမီးကို ယှဉ်နိုင်တဲ့လူ ရှားတယ် ”
လင်းဖန် ပို၍ သိချင်စိတ်ပြင်းပြလာမိ၏။ တစ်နိုင်ငံလုံးမှာ အလှပဆုံးနှင့် အထူးချွန်ဆုံး အမျိုးသမီးဆိုသည့်အပြင် ယောက်ျားလေးအနည်းငယ်သာ ထိုအမျိုးသမီးကို ယှဉ်နိုင်သည်ဆိုသော အရာများက လင်းဖန်၏သိချင်စိတ်ကို များစွာလှုံ့ဆော်ပေးနေသည်။
“ ဒါပေမယ့် ထူးဆန်းလွန်းတယ်။ အဲ့ဒီအမျိုးသမီးမှာ ဒီလောက် မြင့်မားတဲ့ ပုံရိပ်တွေရှိနေတာတောင် ဘာကြောင့် ယွဲ့မျိုးနွယ်စုက ပစ်ပယ်ခဲ့ရတာလဲ။ မျိုးနွယ်စုရဲ့ အဓိကလူတစ်ယောက်အဖြစ် ထားသင့်တာကို ဘာလို့ အဆက်အသွယ် မလုပ်ကြတော့တာလဲ ”
လင်းဖန်က နားမလည်နိုင်စွာ မေးမြန်းလိုက်၏။ ယွဲ့မျိုးနွယ်စုအနေဖြင့် အင်ပါယာမျိုးနွယ်စုနှင့် ယွီမျိုးနွယ်စုကို ယှဉ်ပြိုင်ချင်လျှင် အလွန်တရာ အစွမ်းထက်သော ပါရမီရှင်တစ်ယောက်က သူတို့အတွက်အကျိုးရှိစေမည်ဖြစ်ရာ မည်သည့်အတွက်ကြောင့် ထိုအမျိုးသမီးကို စွန့်ပယ်ပစ်ရပါသနည်း။
“ အဲ့ဒါတွေက လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်တုန်းက ဖြစ်ခဲ့တာ။ အဲ့ဒီအချိန်တုန်းက သွမ့်မျိုးနွယ်စု၊ ယွဲ့မျိုးနွယ်စုနဲ့ ယွီမျိုးနွယ်စုက အရမ်းအရှိန်အဝါကြီးမားနေခဲ့တယ်။ ဒါပေမယ့် သွမ့်မျိုးနွယ်စုနဲ့ ယွဲ့မျိုးနွယ်စုက ပိုင်ဆိုင်ထားတဲ့ စိတ်ဝိညာဉ်ကြောင့် ယွီမျိုးနွယ်စုထက် အစွမ်းထက်ခဲ့တယ်။ ချမ်းသာကြွယ်ဝမှုပိုင်းမှာဆိုရင်တော့ ယွီမျိုးနွယ်စုနဲ့ သွမ့်မျိုးနွယ်စုက ယွဲ့မျိုးနွယ်စုထက်သာတယ်။ အဲ့ဒီမျိုးနွယ်စုသုံးခုထဲမှာ သွမ့်မျိုးနွယ်စုက အစွမ်းထက်ဆုံးနဲ့ ချမ်းသာကြွယ်ဝဆုံးဖြစ်တာကြောင့် တခြားမျိုးနွယ်စုနှစ်ခုထက် အရှိန်အဝါကြီးမားခဲ့တယ်။ ယွဲ့မျိုးနွယ်စုကတော့ တိုင်းပြည်ရဲ့ ဒုတိယအရှိန်အဝါအကြီးမားဆုံး ဖြစ်ခဲ့တယ် ”
သွမ့်ရှင်းရဲ့သည် ဖြည်းညင်းစွာ ပြောလိုက်ပြီး ဆက်လက်၍
“ ရွှီယွဲ့နိုင်ငံမှာ မျိုးဆက်သစ်ပါရမီရှင်လေးယောက် ပေါ်ထွက်လာခဲ့တယ်။ တစ်ယောက်က သွမ့်မျိုးနွယ်စုကဖြစ်ပြီး တစ်ယောက်က ယွဲ့မျိုးနွယ်စုကဖြစ်တယ်။ သူတို့နှစ်ယောက်လုံးက မျိုးနွယ်စုရဲ့ အစွမ်းထက်တဲ့သွေးဝိညာဉ်ကို ပိုင်ဆိုင်ထားခဲ့တယ်။ နောက်တစ်ယောက်က ဓားပညာရှင်တွေရဲ့မျိုးနွယ်စုဖြစ်တဲ့ ကျူမျိုးနွယ်စုကပဲ။ အဲ့ဒီမျိုးနွယ်စုက သူတို့ရဲ့ဓားကျင့်စဉ်တွေကို မျိုးဆက်တစ်ဆက်ကနေ တစ်ဆက်အထိ အဆင့်ဆင့် လက်ဆင့်ကမ်းပေးလာခဲ့တယ်။ တတိယမြောက်ပါရမီရှင်ရဲ့ နာမည်က ကျူဝူချင်းပဲ။ လေးယောက်မြောက်လူက အရှိန်အဝါကြီးမားတဲ့ မျိုးနွယ်စုက မဟုတ်ဘူး။ သူဘယ်ကလာလဲဆိုတာ ဘယ်သူမှလည်း မသိဘူး။ သူ့မျိုးရိုးနာမည်က ရှင့်လိုပဲ လင်းဆိုတာပဲ ကျွန်မသိတယ်။ သူက အမြွှာဝိညာဉ်ကို ပိုင်ဆိုင်ပြီး အင်ပါယာမြို့မှာ ပါရမီရှင်တစ်ယောက်အဖြစ် ရုတ်တရက် ပေါ်ထွက်လာခဲ့တယ် ”
“ လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်တုန်းက ပါရမီရှင်လေးယောက်က အခုခေတ်က အဆင့်မြင့်အရာရှိရှစ်ယောက်ထက် အများကြီး အစွမ်းထက်သလို အရမ်းလည်း ကျော်ကြားတယ်။ အဲ့ဒီလေးယောက်ထဲမှာ ယောက်ျားလေးသုံးယောက်နဲ့ မိန်းကလေးတစ်ယောက် ပါဝင်တယ်။ အဲ့ဒီမိန်းကလေးက ရွှီယွဲ့နိုင်ငံရဲ့ အလှဆုံးမိန်းမပျိုဘွဲ့ရထားတဲ့ ယွဲ့မိန်ဟဲပဲ။ လင်းဖန်..ရှင်စဉ်းစားကြည့်.. အံ့မခန်းလှပသလို ယွဲ့မျိုးနွယ်စုရဲ့ အထူးချွန်ဆုံး ပါရမီရှင်မိန်းကလေးတစ်ယောက်က လုလင်ပျိုသုံးယောက်ရဲ့နှလုံးသားကို ဆွဲကိုင်လှုပ်နိုင်မလားဆိုတာ… ”
ဘာတွေဖြစ်ခဲ့သည်ဆိုတာကို လင်းဖန်တဖြည်းဖြည်းနားလည်လာသည်။
“ အံ့မခန်းပါရမီရှင်လူငယ်သုံးယောက်က အဲ့ဒီမိန်းမပျိုလေးရဲ့အလှအောက်မှာ ကျရှုံးခဲ့ရတယ်လေ ”
သွမ့်ရှင်းရဲ့က ပုံပြင်တစ်ပုဒ်ကို စိတ်ကူးဖြင့်ပုံဖော်ထုဆစ်နေသည့်အလား ရေရွတ်ပြောဆိုလိုက်၏။ ထိုအကြောင်းကို တစ်စုံတစ်ယောက်ထံမှ သူမကြားရသည့်အချိန်တိုင်း သို့မဟုတ် သူမပြောပြရသည့်အချိန်တိုင်း သူမ၏စိတ်နှလုံးသားများ လှုပ်ရှားသွားရပြီး ထိုသူရဲကောင်းဆန်သော မိန်းမပျိုကို အပြင်မှာ တွေ့ချင်လာမိသည်။
“ ဒါပေမယ့် ယွဲ့မိန်ဟဲက သူတို့ထဲက အစွမ်းထက်ဆုံးဆိုတဲ့ အင်ပါယာမျိုးနွယ်စုကလူကို မရွေးချယ်ခဲ့ဘူး။ ဓားသခင်ဝူချင်းကိုလည်း မရွေးချယ်ခဲ့ပဲ အမည်မသိလူငယ်လေးကိုသာ ချစ်ခဲ့တယ်။ ယွဲ့မိန်ဟဲနဲ့ အဲ့ဒီအမည်မသိလူငယ်တို့ အတူတူရှိနေတာကို ယွဲ့မျိုးနွယ်စုသာသိရင် ဘယ်လိုပြုမူမလဲဆိုတာ ရှင်စဉ်းစားကြည့်။ အဲ့ဒီမိန်းကလေးဟာ သူ့မျိုးနွယ်စုရဲ့ဖိအားတွေအောက်ကို ရောက်ခဲ့ရတယ် ”
လင်းဖန်ခေါင်းညိတ်ပြလိုက်၏။ ထိုအမျိုးသမီးသည် အစွမ်းထက်ဆုံးတစ်ယောက်ကိုသာမက ဓားသခင်ကျူဝူချင်းကိုလည်း မရွေးချယ်ခဲ့ဘဲ နောက်ခံအင်အားတောင့်တင်းခြင်းမရှိသော လူငယ်တစ်ယောက်ကို ရွေးချယ်ခဲ့ရာ သူမ၏မျိုးနွယ်စုက ဒေါသထွက်ပေလိမ့်မည်။
“ ဒါ့အပြင် အစက အင်ပါယာမျိုးနွယ်စုနဲ့ ယွဲ့မျိုးနွယ်စုမှာ သားသမီးချင်းလက်ဆက်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်တစ်ခုရှိတယ်။ အဲ့ဒါနဲ့ သူတို့က သွမ့်မျိုးနွယ်စုက ပါရမီရှင်နဲ့ ယွဲ့မျိုးနွယ်စုက ပါရမီရှင်ယွဲ့မိန်ဟဲကို လက်ဆက်ပေးဖို့ သဘောတူထားခဲ့ကြတယ်။ ဒါပေမယ့် သွမ့်မျိုးနွယ်စုရဲ့ပါရမီရှင်က အရမ်းခက်ထန်မောက်မာတဲ့ လူတစ်ယောက်ဖြစ်နေတယ် ”
သွမ့်ရှင်းရဲ့က ခေါင်းလေးကို ခါယမ်းလိုက်ရင်း ပြောလိုက်ရာ လင်းဖန်ကို မှင်တက်သွားစေ၏။ သို့ရာတွင် ယွဲ့မိန်ဟဲနှင့် သူမ၏မျိုးနွယ်စုအကြောင်းကို တဖြည်းဖြည်းနှင့်သူသိလာခဲ့ရသည်။
“ အဲ့ဒီနောက် အဲ့ဒီဖိအားက သူမရဲ့ပုခုံးပေါ်ကို ကျရောက်လာခဲ့တယ်။ သိပ်ချစ်ကြတဲ့စုံတွဲဟာ တိုင်းပြည်ကနေထွက်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျူဝူချင်းရဲ့နှလုံးသားတွေက ထောင်ပေါင်းများစွာ ကွဲကြေခဲ့ရတယ်။ ဓားလေ့ကျင့်ရင်းနဲ့သာ သူ့အချိန်တွေကို ကုန်ဆုံးလိုက်တော့တယ်။ ဒါ့အပြင် သူက ယွဲ့မိန်ဟဲအပေါ် မေတ္တာရှိပေမယ့်လည်း သူတို့နှစ်ယောက်ကို ခက်ခဲအောင် မလုပ်ခဲ့ဘူး ”
“ ဒါပေမယ့် အင်ပါယာမျိုးနွယ်စုနဲ့ ယွဲ့မျိုးနွယ်စုက လူတွေက ပုန်းကွယ်နေတဲ့ ယွဲ့မိန်ဟဲနဲ့ ပါရမီရှင်လုလင်ပျိုတို့ကို တွေ့ရှိသွားခဲ့တယ်။ အဲ့ဒီအချိန်မှာ ယွဲ့မိန်ဟဲက အကြောင်းကိစ္စတချို့ကြောင့် အင်အားလျော့နည်းနေခဲ့တယ်။ ပါရမီရှင်လုလင်ပျိုက သူတို့ထွက်ပြေးတာ မအောင်မြင်မှန်းသိလိုက်တဲ့အခါ ယွဲ့မိန်ဟဲကို ယွဲ့မျိုးနွယ်စုဆီပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြီးတော့ သွမ့်မျိုးနွယ်စုက ပါရမီရှင်နဲ့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့တယ်။ အဆုံးသတ်မှာ သွမ့်မျိုးနွယ်စုပါရမီရှင်က အနိုင်ရပြီးတော့ ပါရမီရှင်လုလင်ပျိုရဲ့ စိတ်ဝိညာဉ်ကို ချုပ်နှောင်ထားလိုက်တယ်။ အဲ့ဒီနောက် သူ့ကို အင်ပါယာမြို့ကနေ နှင်ထုတ်လိုက်တယ် ”
“ အမှန်တကယ်တော့ မယ်မယ်က အဲ့ဒီအကြောင်း ကျွန်မကို ခဏခဏ ပြောပြနေခဲ့ဖူးတော့ ကျွန်မသိနေတယ်။ အဲ့ဒီတိုက်ပွဲပြီးတဲ့နောက် မကြာမီမှာ ကျွန်မကို မွေးတာပဲ။ ပြီးတော့ ကျွန်မရဲ့ ခမည်းတော်နဲ့ မယ်တော်က အဲ့ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရဘူးလို့ တားမြစ်ထားတယ်။ လင်းဖန်..အဲ့ဒါကို ရှင်နဲ့ကျွန်မကြားက လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းပေးပါ ” သွမ့်ရှင်းရဲ့က စကားကို အဆုံးသတ်ရင်း ပြောလိုက်၏။
လင်းဖန်မှာ သူတို့မမွေးခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် သူ၏စိတ်နှလုံး မသာမယာဖြစ်သွားရသည်။
ထိုလူငယ်များသည် သူတို့ယုံကြည်ရာကို ရွေးချယ်ခဲ့ကြသည်။
မိန်းမလှတစ်ယောက်ကြောင့် သူတို့တိုက်ခိုက်ခဲ့ကြ၏။ အဆုံးသတ်တွင် အမည်မသိလူငယ်မှာ စိတ်ဝိညာဉ်ပိတ်လှောင်ခြင်း ခံလိုက်ရသည်။ သူ့နှလုံးသားထဲမှာ ဘယ်တော့မှ အရှုံးမပေးဘူးဆိုတာ သေချာသည်။
သို့ရာတွင် သူအရှုံးမပေးဘူးဆိုလျှင်ပင် သူဘာလုပ်နိုင်မည်လဲ။ သူအသက်ရှင်လျက် ထွက်ခွာသွားခွင့်ရသည်ကပင် အံ့သြစရာကောင်းနေ၏။