Zawgyi
ပုံတူပန်းချီကား
အင်ပါယာမြို့မှာ လူအများစုက ယွဲ့မျိုးနွယ်စုသည် အထူးဆန်းဆုံးဖြစ်ပြီး ကိစ္စရပ်များကို အလွန်လျှို့ဝှက်စွာ ကိုင်တွယ်သည်ဟု ထင်ကြသည်။ ၎င်းမျိုးနွယ်စုမှ မျိုးဆက်သစ်များပင် သူတို့၏မျိုးနွယ်စု မည်သည့်အတွက်ကြောင့် အရှိန်အဝါကြီးမားနေလဲဆိုတာပင် မသိကြချေ။ တခြားပြောစကားများကိုသာ ယုံကြည်ကြရသည်။ တစ်ခါတရံတွင် အကြီးအကဲများက ယွဲ့မျိုးနွယ်စုကို ဘယ်သူမှ ဘာကြောင့် အပြစ်မပြုဝံ့လဲဆိုတာကို ပြောပြကြ၏။
မြို့၏အရှေ့စူးစူးတွင် ဝါးပင်များဖြင့် ဖုံးလွှမ်းထားသော ရှုမောဖွယ်ကောင်းသည့် တောင်တန်းတစ်ခု ရှိသည်။ တောင်တန်းနှစ်ခုကြားတွင် အဆောက်အဦတစ်ခုရှိသော အစိမ်းရောင်တောက်ပနေသည့် မြေပြင်ကျယ်တစ်ခုရှိ၏။ ၎င်းနေရာက ယွဲ့မျိုးနွယ်စု၏တည်နေရာလည်း ဖြစ်သည်။
ထိုစဉ် ဝါးတော၏အလယ်တွင် လူနှစ်ယောက်က စစ်တုရင်ကစားနေကြ၏။ သူတို့ထဲမှ တစ်ယောက်သည် သက်လတ်ပိုင်းအရွယ်ရှိပြီး ဖြောင့်တန်းသော မျက်ခုံးမွှေး၊ တောက်ပသော မျက်လုံးများနှင့် ယောက်ျားပီသကာ ချောမောခန့်ညားသည်။ တခြားတစ်ယောက်မှာ ဆံပင်များဖြူဆွတ်နေသော အဘိုးအိုတစ်ယောက်ဖြစ်၏။ သို့ရာတွင် သူ့ပုံစံက ကျန်းမာကြံ့ခိုင်သည့်အသွင်ရှိသည်။
“ အဖေ…မကြာသေးခင်က မိန်ဟဲဒုက္ခတွေ့နေတယ် ”
သက်လတ်ပိုင်းအရွယ်လူက စကားပြောလိုက်ရင်း အကွက်ရွှေ့လိုက်၏။ဆံပင်များဆွတ်ဆွတ်ဖြူနေသော အဘိုးအိုက စကားပြန်မပြောဘဲ စစ်တုရင်ခုံကိုကြည့်ကာ တခဏမျှစဉ်းစားပြီး စစ်တုရင်ကွက်ကို ရွှေ့လိုက်ရင်း ပြောလိုက်သည်။
“ အချို့နယ်ရုပ်တွေက ကစားပွဲအပြင်ဘက်မှာ ရှိနေတာတောင် အကျိုးသက်ရောက်မှုရှိနေတုန်းပဲ ”သက်လတ်ပိုင်းအရွယ်လူက စစ်တုရင်ကွက်ကို ရွှေ့ခြင်းမရှိဘဲ စစ်တုရင်ရုပ်များကို ထိလိုက်ရင်း တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ပြောလိုက်သည်။
“ ဟုတ်တယ်။ သူတို့ကို အပြင်မှာ နေခွင့်ပြုသင့်လား ဒါမှမဟုတ် မီးကို ကျွန်တော်တို့ ငြိမ်းသတ်သင့်လား ”