အကြောက်အရွံ့ကင်းမဲ့ခြင်း
“ ဟူကျုန်း ”
တပ်မှူးအဆင့်ရှိသူအခြားသုံးယောက်က တပြိုင်တည်း အော်ပြောလိုက်၏။ ဟူကျုန်း၏ အလောင်းကိုကြည့်ရင်း သူတို့၏မျက်နှာများမှာ ဒေါသကြောင့် နီရဲလာသည်။
ထို့နောက် သူတို့က ခေါင်းကိုမော့ကာ လင်းဖန်ကိုသတ်ချင်စိတ်အပြည့်ဖြင့် ကြည့်နေ၏။
“ ဟူကျုန်းကို မင်းသတ်ဝံ့တယ်ပေါ့?? ”
တပ်မှူးလေးတစ်ယောက်က လင်းဖန်ကိုစူးစိုက်ကြည့်ရင်း သွားကြားထဲမှထွက်သည့်လေသံဖြင့် အေးစက်စက်ပြောလိုက်သည်။
“ မင်းမမြင်ဘူးလား?? ”
လင်းဖန်က အကြောက်အလန့်မရှိ ပြန်မေးလိုက်၏။
လင်းဖန်သည် သူ၏ရန်သူကိုသတ်ရန်အခွင့်အရေးပေါ်သည်နှင့် မလွတ်တမ်းအသုံးချတတ်သူဖြစ်၏။ ဟူကျုန်းသည် လင်းချီစုဆောင်းမှုအဆင့် ၇ သို့ရောက်ရှိနေသူဖြစ်ပြီး အံ့မခန်းအစွမ်းထက်မြက်သူဖြစ်ကာ သူ၏တိုက်ခိုက်မှုမှ လင်းဖန်ကိုဒဏ်ရာရသွားစေခဲ့သည်။ အကယ်၍ သူသာ ဟူကျုန်းကို မသတ်ဖြတ်လျှင် ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်လိုက်သလို ဖြစ်သွားပေမည်။
စစ်ပွဲအတွင်းမှာ လူနှစ်ယောက်တိုက်ခိုက်လျှင် ရလဒ်က သေခြင်းနှင့်ရှင်ခြင်းနှစ်မျိုးသာ ရှိလေ၏။
“ ယား... ”
တပ်မှူးက အံကိုကြိတ်လိုက်သည်။ လင်းဖန်ကို သူအလွန်မုန်းတီးကာ သတ်ဖြတ်ချင်နေသော်လည်း မင်းသားမိုကျဲက လင်းဖန်အားအသက်ရှင်လျက် ဖမ်းခေါ်လယရန်အမိန့်ပေးခဲ့၏။
မိုကျဲ၏အမိန့်ကို ဘယ်သူမှမနာခံဘဲ မနေရဲချေ။
“ မင်းတို့လေးယောက်...သူ့ကို သွားဖမ်းလိုက် ”
တပ်မှူးတစ်ယောက်က မျက်နှာကိုဖုံးကွယ်ထားသည့်လူလေးယောက်ဘက်သို့ လှည့်ကာပြောလိုက်သည်။ သူ့အသံကအေးစက်ပြီး အမိန့်သံဆန်နေ၏။
“ မရဘူး။ အဲ့ဒီလိုမျိုး ငါတို့မလုပ်နိုင်ဘူး ”
သူတို့ထဲကတစ်ယောက်မှ ပြောလိုက်ရာ တပ်မှူးမှာအံ့အားသင့်သွားသည်။ သူ့မျက်နှာအမူအရာက ပို၍အေးစက်တင်းမာသွား၏။
