နဂါးအသွင်ပြောင်းလဲခြင်း
မိန်းမပျိုလေးယောက်၏မျက်လုံးများထဲတွင် ထူးဆန်းသည့် အလင်းရောင်များ လက်သွားသည်။ သူတို့၏အဝတ်စများက လေထဲတွင် တဖျပ်တဖျပ်လွင့်နေပြီး လင်းဖန်ထံသို့ မြွေတစ်ကောင်အလား လေးဘက်လေးတန်မှ တိုးဝင်သွားလေ၏။
ထိုမိန်းမပျိုလေးယောက်သည် ရွှမ်ချီအဆင့်တစ်သို့သာ ရောက်ရှိနေသော်လည်း သူတို့၏ပြိုင်ဘက်မှာ လင်းချီစုဆောင်းမှုအဆင့်သာ ရှိသည်။ ဒေါ်လေးယွမ်က လင်းဖန်ကို မြန်မြန်သေစေရန်အတွက် ထိုလူလေးယောက်အား တာဝန်ပေးလိုက်ခြင်းဖြစ်၏။ အချိန်တွေကြာပြီး ပြဿနာများ ထပ်မံထွက်ပေါ်လာမှာကို မလိုချင်သည့်အတွက်ကြောင့်လည်း ဖြစ်သည်။
နူးညံ့ပျော့ပျောင်းသည့် သန့်စင်သောချီတစ်ခုက တဝီဝီမြည်လျက် လင်းဖန်ထံသို့ ရောက်ရှိလာ၏။ သာမန်လင်းချီအဆင့်မှာ ရှိသော ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ထိုတိုက်ခိုက်မှုကြောင့် သေသွားနိုင်သည်။
“ ဝှစ်….”
လင်းဖန်၏ခရမ်းရောင်ဝိညာဉ်က ကြီးမားသော ခရမ်းရောင်နဂါးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသွား၏။ အရှည်မှာ ဆယ့်နှစ်မီတာရှိသည်။ ၎င်းက လင်းဖန်၏ခန္ဓာကိုယ်ကို ရစ်ပတ်လျက် ၎င်း၏ခေါင်းထက်သို့ ရွေ့လျားစေလိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ လင်းဖန်သည် ဆယ့်နှစ်မီတာ အမြင့်ရှိသည့် လေထဲသို့ ရောက်သွားပြီး လူအားလုံးကို အပေါ်စီးမှကြည့်နေ၏။
“ ကြောက်စရာကောင်းလိုက်တဲ့ စိတ်ဝိညာဉ် ”
လူအုပ်ကြီးသည် ခရမ်းရောင်နဂါးကြီးကို မြင်သောအခါ တအံ့တသြဖြစ်သွား၏။ လင်းဖန်၏စိတ်ဝိညာဉ်က ဘာအမျိုးအစားလဲဆိုတာ သူတို့မသိသော်လည်း အံ့မခန်းအစွမ်းထက်သည့်ပုံပေါ်သည်။
ထိုစဉ် လင်းဖန်၏မျက်လုံးများသည် မှိတ်ထားပြီး ပြင်းထန်သော ချီများကို ထုတ်လွှတ်ကာ ပိုလျှံသက်စောင့်ဝိညာဉ်ပညာရပ်အား ထုတ်ဖော်နေ၏။
“ သေစမ်း ”
မြေပြင်ထက်တွင်ရှိသော မိန်းမပျိုလေးယောက်က အော်ပြောလိုက်သည်။ သူတို့က လေထဲသို့ ခုန်တက်လိုက်ပြီး လင်းဖန်ထံသို့ ပြေးဝင်လာ၏။
