Zawgyi
နဂါး၏ခေါင်းများ
ဓားတောင်နေရာမှာ ဝမ်ရှောက်ကျောင်းတော်သည် ဝူကျိန်းပြန်အလာကို တိတ်ဆိတ်စွာ စောင့်နေလေ၏။
ယွဲ့မျိုးနွယ်စုက မြေကြောကို ရရှိသွားသည်။ ဝမ်ရှောက်ကျောင်းတော်နှင့် ယွဲ့မျိုးနွယ်စုက ထိုအတွက် တိုက်ခိုက်ခြင်း မပြုကြတော့ပေ။ အကယ်၍ သူတို့တိုက်ခိုက်ခဲ့မည်ဆိုလျှင်ပင် မြေကြောကို ရရန် မသေချာပေ။ ယွဲ့မျိုးနွယ်စု၏အစွမ်းကို မည်သူမျှ အလောင်းအစားမလုပ်ဝင့်ကြပေ။
ယခုအချိန်မှာ လူအုပ်ကြီးသည် အတန်ငယ်ဝေးသောနေရာသို့ စိတ်မရှည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်နေကြ၏။ အထူးသဖြင့် ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်များအားလုံး၏အသွင်က သည်းမခံနိုင်တော့သည့်ပုံ ပေါ်နေသည်။ သူတို့၏စိတ်မရှည်နိုင်သည့် အသွင်အပြင်များနောက်ကွယ်တွင် ရက်စက်ကြမ်းကြုတ်မှုတစ်ခု ရှိနေသည်။
သို့ရာတွင် အချိန်အတော်ကြာပြီးနောက် ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့အချို့သည် မျက်မှောင်ကြုတ်လာကြ၏။ ဝူကျိန်းက မည်သည့်အတွက်ကြောင့် ပြန်မရောက်လာခဲ့ရသနည်း။
ထိုအဓိကကျောင်းသားများသည် ဝူကျိန်းမည်မျှအစွမ်းထက်လဲဆိုတာကို သိထားကြ၏။ လင်းဖန်ကို သတ်ခြင်းက သူ့အတွက် ပြဿနာမဟုတ်ပေ။ သို့သော်လည်း လင်းဖန်ကို သတ်ရာတွင် အချိန်များစွာ လိုအပ်နေလေသလား။ ဝူကျိန်းထွက်သွားသည်မှာ အချိန်အတော်ကြာနေလေပြီ။
“ ဝူကျိန်းက လင်းဖန်ကိုသတ်ပြီး တွေ့တဲ့တောရိုင်းကောင်တချို့ကို သိမ်းသွင်းနေတာ ဖြစ်မယ် ”
တန်ဝူယောက် တွေးလိုက်၏။ သူသည်လည်း ဝူကျိန်းပြန်ရောက်မလာသည့်အတွက် ထူးဆန်းသော ခံစားချက်တစ်ခု ရရှိနေသည်။ သို့ရာတွင် ဝူကျိန်းကို သူလုံးဝယုံကြည်ထားရာ ထိုအကြောင်းနှင့် ပတ်သက်ပြီး အများကြီးမတွေးပေ။
ထို့ပြင် တခြားသူများသည်လည်း ဝူကျိန်းက လင်းဖန်၏ခေါင်းကို အောင်ပွဲရအထိမ်းအမှတ်အဖြစ် ယူလာမှာကို မစောင့်နိုင်အောင် ဖြစ်နေသည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာခြင်းနှင့်အတူ ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်များသည်လည်း ပို၍ စိတ်မရှည်နိုင်အောင် ဖြစ်နေသည်။
“ ကျုပ်သွားကြည့်သင့်တယ်ထင်တယ် ”
တန်ဝူယောက်က တန်ဝူယောက်၏ နားထဲသို့ တီးတိုးပြောဆိုလိုက်သည်။ တန်ဝူယောက်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ယွဲ့မျိုးနွယ်စုကို တွေးကာ ချက်ချင်းခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်၏။
“ မလိုဘူး။ ဝူကျိန်းက ထင်ထားတာထက် ပိုပြီး စွမ်းဆောင်နိုင်တယ်။ ဘာမှ မမှားနိုင်ဘူး ”
တန်ဝူရှန်သည် ခေါင်းကိုအနည်းငယ် ညိတ်ပြလိုက်ပြီး နောက်သို့ ဆုတ်လိုက်သည်။ သူဘာမှမပြောတော့ဘဲ တည်ငြိမ်စွာဖြင့် ဆက်လက်စောင့်လိုက်၏။
အချိန်က အလွန်တရာ နှေးကွေးလွန်းလှသည်ဟု ခံစားနေရသည်။
“ တန်ဝူယောက်…မင်းနောက်ထပ် စောင့်မနေသင့်တော့ဘူး ”
ယွဲ့ချင်းရှန်က မထူးခြားသည့်လေသံဖြင့် ပြောဆိုလိုက်၏။
လင်းဖန်က လွတ်မြောက်သွားတာဖြစ်နိုင်ပြီး ဝူကျိန်းက လင်းဖန်ကို လိုက်ရှာနေတာကြောင့် ပြန်မလာတာ ဖြစ်နိုင်သည်။
တန်ဝူယောက်သည် ယွဲ့ချင်းရှန်၏ သူတို့ကိုဟာသလုပ်နေသည့်ပမာ ပြောစကားကို ကြားရသောအခါ မျက်နှာအိုသွားပြီး ချက်ချင်းပြောလိုက်၏။
“ လင်းဖန်က ဝူကျိန်းလက်ထဲကနေ လွတ်ချင်တယ်ဆိုရင်တောင် လွတ်နိုင်ပါ့မလား ”
ထိုစကားများကို သူပြောလိုက်ရသောလည်း သူပြောတာနှင့်ပတ်သက်ပြိး ယုံကြည်မှုမရှိတော့ချေ။ သူသည် အကျီင်္စကို သိမ်းလိုက်ရင်း တောင်တန်းထဲမှ တောနက်ထဲသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် ဝူကျိန်းချန်ထားခဲ့သော ချီအတိုင်း နောက်မှ လိုက်သွားလေ၏။
“ ငါတို့လည်း လိုက်မယ် ”
ယွီလျန်ရှုန်သည် မထူးခြားသည့်လေသံဖြင့် ပြောဆိုလိုက်၏။ သူ့ခန္ဓာကိုယ်သည်လှစ်ခနဲလှုပ်ရှားသွားပြီး ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်များနောက်မှ နီးကပ်စွာ လိုက်ပါသွားသည်။ ယွီမျိုးနွယ်စုအဖွဲ့ဝင်များသည်လည်း သူ့နောက်မှ လိုက်ပါသွား၏။ ထို့နောက် သူတို့သည် နဂါးကိုးကောင်တောင်တန်း၏ တောနက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။ သူတို့သည်လည်း ဝူကျိန်းက လင်းဖန်ကို သတ်ဖြတ်လိုက်လား သို့တည်းမဟုတ် လင်းဖန်ကို ရှာနေတာလားဆိုတာ သိချင်နေကြသည်။
ယွဲ့ချင်းရှန်၏ မျက်လုံးများသည် တလက်လက်တောက်ပလာပြီးနောက် ရှေ့သို့ လျှောက်သွားလိုက်ရင်း မထူးခြားသည့်လေသံဖြင့် ပြောလိုက်သည်။
“ သွားကြမယ် ”
ယွဲ့မျိုးနွယ်စုသည်လည်း ထိုလူများ၏နောက်မှ လိုက်ပါသွားလေ၏။
ထို့ပြင် ကျန်နေသေးသော တခြားလူများသည်လည်း ထိုအုပ်စုကြီးများနောက်မှ လိုက်ပါသွားသည်။ ထိုသို့လိုက်ပါသွားခြင်းက သူတို့အနေဖြင့် တောရိုင်းကောင် အန္တရာယ်ကို ကြောက်ရန်မလိုအပ်ဘဲ တောနက်ပိုင်းထဲမှ သူတို့မမြင်ဖူးသည့်အရာများကို တွေ့မြင်နိုင်၏။ ထို့ပြင် လင်းဖန်၏တိုက်ပွဲအဖြေကို သူတို့လည်း သိချင်နေကြသည်။ လင်းဖန်နှင့်အတူ ရှိနေခဲ့သော ကျင့်ကြံသူလေးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ နောက်ဆုံးတွင် သူတို့စိတ်သက်သာရာ ရသွားသည်။ သူတို့သည် အသက်ကိုဝအောင် ရှူလိုက်၏။ သူတို့လေးယောက်လုံး အသတ်ခံရမည့်ဘေးမှ ကင်းလွတ်သွားခဲ့လေပြီ။
ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်များက သူတို့ကို သတ်ချင်နေတာ ဖြစ်ရမည်။ သို့ရာတွင် သူတို့အသတ်ချင်ဆုံးလူက လင်းဖန်ဖြစ်နေခဲ့၏။
“ လင်းဖန်သာ ဒီနေရာမှာ ရှိမနေဘူးဆိုရင် ငါတို့ သေနေလောက်ပြီ ”
ကျင့်ကြံသူလေးယောက် တွေးနေကြ၏။ လင်းဖန်ကို သူတို့အလွန်ကျေးဇူးတင်နေကြသည်။ အကယ်၍ လင်းဖန်သာ ဤနေရာမှာ ရှိမနေခဲ့လျှင် ကျိဖန်းက သူတို့ကို သတ်သွားလိမ့်မည်။ ကံကောင်းထောက်မစွာပင် လင်းဖန်သည် တိုက်ပွဲအတွင်းမှာ သူတို့ကိုကာကွယ်ရန် လုံလောက်သော စွမ်းအင်ရှိနေခဲ့၏။
…………
ထိုအချိန်တွင် လင်းဖန်သည် လေထဲမှာ ရပ်ကာ အတွေးတွေထဲ မျောနေသည်။
ယခုအချိန်မှာ လင်းဖ်၏ခြေထောက်အောက်ရှိ မြင်ကွင်းတစ်ခုလုံးသည် ပျက်စီးခြင်းများ ကြီးစိုးနေ၏။ သူ့ပတ်လည်မှာ ရှိနေသမျှ အရာအားလုံးကား ကမ္ဘာပျက်သည့်ပမာ အပျက်အစီးများဖြင့် ဖုံးလွှမ်းနေသည်။ အကျိုးအကြေအပိုင်းအစများကလွဲပြီး ဘာမှ မရှိတော့ပေ။ နေရာတစ်ခုလုံးတွင် သက်ရှိဟူ၍ မရှိတော့ရာ အသံများထွက်ပေါ်လာခြင်းလည်း မရှိချေ။
ငရဲမီးနှင့် အမှောင်နတ်ဆိုးတိုက်ကွက်၏ ထိပ်တိုက်တွေ့ဆုံခြင်းမှာ ဤမျှအံ့မခန်းပြင်းထန်သော အဖျက်အဆီးစွမ်းအားများ ရှိနေ၏။ လင်းဖန်၏နှလုံးသားမှာ ကြောက်ရွံ့ခြင်းနှင့် အံ့အားသင့်ခြင်းတို့ကြောင့် တလှပ်လှပ် ခုန်နေဆဲ။ သူ၏အနက်ရောင်ကြာပွင့်ကား ကြောက်စရာကောင်းလွန်းလှသည်။
တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဉ်ကြောင့်လည်း စကားမပြောနိုင်အောင် အံ့သြမှင်တက်နေ၏။ သူ၏ကောင်းကင်စွယ်ဝိညာဉ်နှင့် ခရမ်းရောင်ဝိညာဉ်တို့သည် အံ့သြစရာကောင်းအောင် ပေါင်းစပ်သွားခဲ့ပြီး အံ့မခန်းအစွမ်းထက်လာသည်။ ပေါင်းစပ်စိတ်ဝိညာဉ်က အမှောင်ဝိညာဉ်နှင့် ဝူကျိန်းကိုပင် ဝါးမြိုသွားခဲ့သည်။
ဝူကျိန်းနှင့် အမှောင်ဝိညာဉ်အစားခံလိုက်ရပြီးနောက် တစ်နေရာလုံးတွင် လင်းဖန်တစ်ယောက်ထဲသာ ကျန်တော့၏။
ကောင်းကင်စွယ်ဝိညာဉ်မှာ ခေါင်းခြောက်လုံးရှိပြီး ခရမ်းရောင်စွမ်းအင်များက ဝန်းရံထားကာ အံ့မခန်းအစွမ်းထက်နေခဲ့သည်။
“ စိတ်ဝိညာဉ်တွေက ပေါင်းစပ်နိုင်တာလား ”
လင်းဖန်တွေးလိုက်၏။ သူ့နှလုံးသားက အရှိန်ပြင်းစွာ ခုန်လာသည်။ ပြဿနာတစ်ခုရှိနေပြီဖြစ်ကြောင်း သူချက်ချင်းနားလည်လိုက်သည်။ အမြွာဝိညာဉ်ရှိသော လူများကို ကျင့်ကြံခြင်းလမ်းစဉ်မှာ ပါရမီရှင်များဟု အသိအမှတ်ပြုကြ၏။ အမြွှာဝိညာဉ်ရှိခြင်းက အစွမ်းထက်သော သက်စောင့်ဝိညာဉ်ကို ပေးသည့်အတွက်ကြောင့်လော။
အကယ်၍ လူတစ်ယောက်မှာ စိတ်ဝိညာဉ်နှစ်မျိုးရှိနေပြီး တစ်ခုက တိုက်ပွဲမှာ အသုံးမဝင်ဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင် စိတ်ဝိညာဉ်နှစ်ခုရှိခြင်းက မည်ကဲ့သို့ အကျိုးရှိမည်နည်း။
စိတ်ဝိညာဉ်များသည် သက်စောင့်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ောကာင်း လင်းဖန်သိသည်။ အမြွှာဝိညာဉ်ရှိသော လူများသည် အလွန်တရာ သန်မာသော သက်စောင့်ဝိညာဉ်များ ရှိကြ၏။ သို့ရာတွင် အမြွှာဝိညာဉ်ရှိသူများကို အထင်ကြီးလေးစားကြသည့် တစ်ခုတည်းသောအကြောင်းအရာက ထိုအတွက်ကြောင့်လား။
စိတ်ဝိညာဉ်များ၊ သက်စောင့်ဝိညာဉ်များနှင့် ပတ်သက်ပြီး ဘာမှ မသိသေးကြောင်း လင်းဖန်ချက်ချင်း နားလည်သွားသည်။
ကျင့်ကြံခြင်းလမ်းစဉ်မှာ လူတစ်ယောက်သည်သည် ကျယ်ပြန့်သော ဗဟုသုတရှိရန်လိုအပ်၏။ တမူထူးခြားစွာ အစွမ်းထက်သော ကျင့်ကြံခြင်းလမ်းစဉ်များစွာ ရှိသည်။ ကောင်းကင်တိမ်တိုက်ကိုးခုဒေသမှာ လူအားလုံးက အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက် ဖြစ်ရန် ကြိုးစားနေကြသော်လည်း အဆုံးသတ်တွင် များစွာသော ကျင့်ကြံခြင်းလမ်းစဉ်များကို လုံးဝနားလည်ထားသည့်လူက ထိပ်ဆုံးသို့ ရောက်သည်မဟုတ်လော။
ဥပမာအနေဖြင့် ရွှီယွဲ့နိုင်ငံမှာ ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ကို အလွန်တရာ အစွမ်းထက်သူဟု ယူဆထားကြ၏။ ထို့အပြင် ရွှမ်ချီအဆင့်ငါးအထက်ရှိ ကျင့်ကြံသူများကို တိုင်းပြည်၏ အံ့မခန်းအစွမ်းထက်သော ကျင့်ကြံသူများအဖြစ် မှတ်ယူထားသည်။ သူတို့ကို နတ်ဘုရားများသဖွယ် ယူဆနေကြ၏။ တျန်ချီအဆင့်သို့ ရောက်ရှိသွားသော ကျင့်ကြံသူဟူ၍ လင်းဖန်တစ်ခါမှ မကြားဖူးခဲ့ချေ။
သို့ရာတွင် ကောင်းကင်တိမ်တိုက်ကိုးခုဒေသတွင် ရွှမ်ချီအဆင့်ကျင့်ကြံသူများကို ရွှီယွဲ့နိုင်ငံမှာ ချီအဆင့်ကျင့်ကြံသူများကို ခေါ်ဆိုသလိုပင် မှတ်ယူထားကြ၏။ သူတို့က တိမ်တိုက်ကိုးခုဒေသရှိ တခြားကျင့်ကြံသူများနှင့်ယှဉ်လျှင် အသေးအဖွဲ့ပမာ ဖြစ်သွားသည်။
လူဘယ်လောက်များများက ရေကန်လေးထဲမှာ ငါးကြီးတစ်ကောင်အဖြစ် တစ်သက်လုံးနေထိုင်ပြီး မင်းမူနေခဲ့သလဲ။ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး အံ့မခန်းစိတ်ကူးစိတ်သန်းရှိသောလူများ ဘယ်လောက်များများ ရှိနေသလဲ။
စိတ်ဝိညာဉ်များနှင့်ပတ်သက်ပြီး မေးခွန်းများစွာ ရှိနေ၏။ မည်သည့်အတွက်ကြောင့် ကျင့်ကြံသူများက စိတ်ဝိညာဉ်တစ်ခုနှင့်အတူ မွေးဖွားလာခဲ့တာလဲ။ အချို့စိတ်ဝိညာဉ်များက မည်သည့်အတွက်ကြောင့် စောစီးစွာ နိုးထလာခဲ့ရသနည်း။ ထိုအကြောင်းအရာများကို လင်းဖန်လုံးဝနားမလည်ပေ။
လင်းဖန်သည် ခေါင်းကိုခါယမ်းလိုက်ပြီး အတွေးကမ္ဘာထဲမှ ထွက်လိုက်၏။ သူက ရွှမ်ချီအဆင့်သာ ရောက်ရှိနေသေးသည်။ သူ့ကိုယ်သူ ဂုဏ်ယူနေ၍ မရပေ။ ကောင်းကင်တိမ်တိုက်ကိုးခုဒေသကို အံ့အားသင့်သွားစေနိုင်လောက်သည့် အစွမ်း သူ့မှာ မရှိပေးချေ။
“ အခုချိန်မှာ ငါလိုအပ်တာက ပိုအစွမ်းထက်လာဖို့ပဲ။ တျန်ချီအဆင့်ကို ရောက်ရှိဖို့ လိုအပ်နေသေးတယ်။ အဲ့ဒီအချိန်ရောက်ရင် ရွှီယွဲ့နိုင်ငံကို အပေါ်စီးက ဆက်ဆံရမယ်။ ငါ့ကို အနိုင်ကျင့်ခဲ့တဲ့လူတွေ ပြန်ပြီး သင်ခန်းစာပေးရမယ် ”
လင်းဖန်တီးတိုးရေရွတ်လိုက်၏။ အရာအားလုံးဖြစ်ပွားခဲ့ရသည်မှာ သူအစွမ်းနိမ့်လွန်းနေသည့်အတွက်ကြောင့်သာ ဖြစ်သည်။ သူ့ကိုအနိုင်ကျင့်သည်။ အထင်သေးစွာ ဆက်ဆံကြသည်။ မြေကြောကို သူတွေ့ခဲ့သော်လည်း အတင်းအကြပ်ဖိအားပေးကာ လုယူခြင်းခံရသည်။
လင်းဖန်စိတ်အပျက်ရဆုံးအချိန်မှာ ယွဲ့မျိုးနွယ်စုနှင့် ဝမ်ရှောက်မျိုးနွယ်စုက မြေကြောအတွက် တိုက်ခိုက်နေကြသည့်အချိန် ဖြစ်သည်။ မြေကြောကို သူအရင်ဆုံးတွေ့ထားခဲ့သော်လည်း ဝင်ရောက်ပြောဆိုရန်အခွင့်အရေး သူ့မှာ မရှိခဲ့ချေ။
မည်သူထက်မဆို သူအစွမ်းထက်ရန် လိုအပ်နေ၏။ ထိုအရာက လင်းဖန်၏အဖြစ်ချင်ဆုံးဆန္ဒတစ်ခုဖြစ်ပြီး အမှန်တကယ်ဖြစ်လာစေရန် သူခိုင်မာစွာ ကြိုးစားရမည်။ ကမ္ဘာကြီးကို အပေါ်စီးမှ သူဆက်ဆံကြည့်ချင်သည်။ ထို့အတွက်ကြောင့် သူ၏အစွမ်းက ကောင်းကင်ယံကို ခူးဆွတ်နိုင်သည်အထိ အစွမ်းထက်ရန် လိုအပ်နေ၏။
“ ကွဲထွက်သွားလိုက်စမ်း ”
လင်းဖန်က တီးတိုးပြောဆိုလိုက်ရာ ကောင်းကင်စွယ်ဝိညာဉ်နှင့် ခရမ်းရောင်ဝိညာဉ်တို့ ကွဲသွား၏။ ခေါင်းခြောက်လုံးနဂါးသည် ကောင်းကင်ယံကို ကြည့်နေပြီး ခရမ်းရောင်နဂါးသည်လည်း အေးစက်စက်မျက်လုံးများဖြင့် ၎င်း၏ပုံစံအမှန်ကို ပြန်လည်ရရှိလာသည်။
“ ငါ့စိတ်ဝိညာဉ်ရဲ့ချီက အစွမ်းနိမ့်နေသေးတယ်။ ဒါပေမယ့် မတူညီတဲ့ စိတ်ဝိညာဉ်တွေ ပေါင်းစပ်လိုက်တဲ့အခါ ထူးခြားဆန်းကြယ်တဲ့ပြောင်းလဲမှုတွေ ဖြစ်လာတဲ့ပုံပဲ ”
လင်းဖန်တွေးလိုက်၏။ စောစောက သူသည် ဝူကျိန်းကို အလွန်အမင်း သတ်ဖြတ်ချင်နေခဲ့သည်။ သူသည် စိတ်ဝိညာဉ်နှစ်ခုကို မသိလိုက်ဘဲ အတင်းအကြပ်ပေါင်းစည်းရန် ဖိအားပေးသလိုဖြစ်သွားပြီး အံ့မခန်းအစွမ်းကို ရရှိသွားခဲ့၏။ ခရမ်းရောင်စိတ်ဝိညာဉ်နှင့် ခေါင်းခြောက်လုံးနဂါးဝိညာဉ်တို့က အလွန်တရာ အစွမ်းထက်နေခဲ့သည်။ ဝူကျိန်းနှင့် သူ၏မှော်ဝိညာဉ်တို့ကို တစ်ချက်တည်း ဝါးမြိုနိုင်ရာ မည်မျှကြောက်စရာ ကောင်းလိုက်သနည်း။
“ အမ် ”
ထိုစဉ် လင်းဖန်၏နှလုံးခုန်နှုန်းမှာ ရုတ်ချည်း လျင်မြန်လာ၏။ ခရမ်းရောင်ဝိညာဉ်သည် ချက်ချင်းပင် တွန့်လိမ်ကွေးကောက်လာသည်။ ခေါင်းခြောက်လုံးနဂါးက အော်မြည်လိုက်သကဲ့သို့ လေထဲတွင် မကောင်းဆိုးယါးချီများ စတင်ထွက်ပေါ်လာ၏။ ကောင်းကင်စွယ်ဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်မှာ အစိတ်အပိုင်းလေးတစ်ခု တိုးထွက်လာပြီး နဂါး၏နောက်ထပ်ခေါင်းတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
ယခင်က ကောင်းကင်စွယ်ဝိညာဉ်မှာ ခေါင်းခြောက်လုံးသာ ရှိခဲ့သော်လည်း ယခုအခါ ခေါင်းခုနစ်လုံးဖြစ်လာ၏။
“ ဒါ…….. ဒါ မှော်ဝိညာဉ်ပဲ ”
လင်းဖန် ချက်ချင်းမျက်မှောင်ကြုတ်သွားသည်။ ခုနစ်လုံးခြောက်ခေါင်းနှင့် တခြားခေါင်းများသည် ကွဲပြားခြားနားနေ၏။ နဂါးခေါင်းအသစ်သည် ရေခဲတမျှအေးစက်ကာ သားရဲဆန်သည်။ ၎င်း၏မျက်လုံးတစ်လုံးက အနက်ရောင်ဖြစ်ပြီး တခြားတစ်လုံးက အဖြူရောင်ဖြစ်၏။ အံ့အားသင့်စရာကောင်းအောင် ၎င်းက မှော်ဝိညာဉ်ဖြစ်နေခဲ့ပေသည်။
မှော်ဝိညာဉ်ကို နဂါးက ဝါးမြိုလိုက်ပြီး နောက်ထပ်ခေါင်းတစ်လုံးအဖြစ်သို့ ပြောင်းလဲလိုက်တာလား။
လင်းဖန်၏နှလုံးသားက အရှိန်ပြင်းစွာ ခုန်လာသည်။ မည်မျှအံ့သြစရာကောင်းလိုက်သနည်း။
ယခင်က သူ၏ကောင်းကင်စွယ်ဝိညာဉ်နှင့် တောရိုင်းကောင်အချို့နှင့် မိန်ချင်း၏ ရေခဲချီများကို စုပ်ယူနိုင်ခဲ့ပြီး အပိုဝိညာဉ်တစ်ခုကို သူ့အားချီးမြင့်ခဲ့၏။ ပုံရိပ်ယောင်နတ်ဆိုးဝိညာဉ်၊ ရေခဲဝိညာဉ်နှင့် ခရမ်းရောင်ရေကန်တို့ကို နဂါးက စုပ်ယူခဲ့ပြီးနောက် မူလကစုပ်ယူထားခဲ့သည့် စိတ်ဝိညာဉ်နေရာမှာ အစားထိုးသွားခဲ့သည်။ ဤတစ်ကြိမ်မှာ သူ၏ကောင်းကင်စွယ်ဝိညာဉ်သည် မှော်ဝိညာဉ်ကို စုပ်ယူလိုက်သော်လည်း တခြားစိတ်ဝိညာဉ်များနေရာမှာ အစားမထိုးဘဲ နဂါးကိုယ်ပေါ်မှာ နောက်ထပ်ခေါင်းတစ်လုံးအဖြစ် ပေါ်ထွက်လာခဲ့လေသည်။
