လော်ရှားကျောင်းတော်
ထိုစဉ် လူတစ်ယောက်သည် သက်ကယ်တဲထဲသို့ ဝင်ရောက်လာ၏။
မိန်းမပျိုလေးသည် ငြိမ်သက်စွာထိုင်နေသည်။ သူမက ခေါင်းလေးကို မော့ပြီး ဝင်ရောက်လာသော လူအား ကြည့်လိုက်၏။ ထိုလူက ကြေးရောင်မျက်နှာဖုံးကို တပ်ဆင်ထားသည်။ မိန်းမပျိုလေးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လက်နှစ်ဖက်ဖြင့် မြေပြင်ကိုထောက်ကာ နောက်သို့ ဆုတ်ခွာသွား၏။ ကြေးရောင်မျက်နှာဖုံးအောက်ရှိ မျက်လုံးအစုံက အေးစက်တင်းမာနေသော်လည်း မိန်းမပျိုလေးကို မကြည့်ဘဲ အတွေးတွေထဲ မျောနေသည့်ပုံပေါ်၏။
“ အံ့သြစရာကောင်းအောင် မိုချန်းလန်နဲ့ ပင်းဟဲတျန်းတို့ ဒီမြို့မှာ ရှိနေသေးတာပဲ။ မိုချန်းလန်ရဲ့လက်ထဲမှာလည်း ကောင်းကင်နဂါးကိုးကောင် ဆေးအမြုတေအိုး ရှိနေသေးတယ်။ ပင်းဟဲတျန်းကလည်း သူ့နောက်ကို ထပ်ကြပ်မကွာ လိုက်နေတုန်းပဲ ”
ပါသောက်တွေးနေမိ၏။ ဤသက်ကယ်တဲသည် သူနှင့်လင်းဖန်တို့နေရာ သခင်ဟောင်၏နေအိမ်နှင့် လွန်စွာနီးကပ်သော နေရာမှာ ရှိသည်။သက်ကယ်တဲအနီးသို့ သူလျှောက်လာစဉ် အေးစက်သောချီများကို ခံစားမိပြီး မိုချန်းလန်၏ ပင်းဟဲတျန်းအမည်ခေါ်သံကို ကြားလိုက်ရသဖြင့် တဲထဲသို့ အလျင်အမြန် ဝင်ရောက်လာရခြင်း ဖြစ်သည်။
အတန်ငယ်ဝေးသော နေရာတစ်ခုမှ တခြားအသံတစ်ခု ထွက်ပေါ်လာရာ ပါသောက်အံ့အားသင့်သွားရသလို တုန်လှုပ်သွားရ၏။ အဝေးသို့ သူခုန်ထွက်သွားလိုက်သည်။ ထပ်မံ၍ ဒုက္ခများဖြစ်ပွားလာမှာကို သူမလိုလားချေ။
“ ရပ်လိုက် ”
ရေခဲတမျှ အေးစက်သောအသံတစ်သံ ထွက်ပေါ်လာ၏။ ထိုစဉ် ပြင်းထန်သော စွမ်းအင်တစ်ခုက ပါသောက်၏ခန္ဓာကိုယ်ကို ဖိနှိပ်လာသည်။ ထို့နောက် လူတစ်ယောက်က လေထဲမှ ခုန်ပျံ၍ လက်သီးဖြင့် ထိုးလာရာ ပါသောက်က နှစ်ဖက်သွားဓားစွမ်းအင်ဖြင့် ခုခံပေးလိုက်၏။
အလွန်တရာကျယ်လောသော မြည်သံများက ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားသည်။ သက်ကယ်တဲလေးမှာ ကျိုးပျက်ကုန်၏။ ပါသောက်၏ခန္ဓာကိုယ်မှာ လုံးဝဖိနှိပ်ခံလိုက်ရပြီး မြေပြင်သို့ ဒူးထောက်ကျသွားသည်။