ပါရမီရှင်လား။
လင်းဖန်၏အအေးစွမ်းအင်များက လိန်ယွဲ့ကို တွေဝေမသွားစေခဲ့ပေ။ ထိုအစား မိန်ချင်းကို တပ်မက်သည့်မျက်လုံးများဖြင့် ကြည့်နေ၏။ ထို့နောက် သူ့မျက်လုံးများက နှစ်ဖက်သွားဓားတစ်မျှ ချွန်ထက်လာပြီး ပြောလိုက်သည်။
“ စကြမယ် ”စကားဆုံးသောအခါ လိန်ယွဲ့က လင်းဖန်ထံသို့ အနည်းငယ်လှမ်းလိုက်သည်။ သူ့ခြေလှမ်းများက ကျယ်ခြင်းမရှိသည့်တိုင် အလွန်တရာလျင်မြန်နေသည်။
မြေပြင်မှ ဖုန်မှုန့်များ လွင့်ပျံလာပြီး အချို့နှစ်ဖက်သွားဓားစွမ်းအင်များသည်လည်း ဖုန်မှုန်နှင့်အတူ ရောနှောထွက်ပေါ်လာ၏။ လိန်ယွဲ့က ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လေထဲမှာရှိသော နှစ်ဖက်သွားဓားစွမ်းအင်များက ပိုမိုသိပ်သည်းလာသည်။ မျက်တောင်တစ်ချက်ခတ်အတွင်းမှာ သူက ခြေဆယ့်နှစ်လှမ်းမျှ လှမ်းပြီးဖြစ်ရာ သူ၏နှစ်ဖက်သွားဓားစွမ်းအင်များက အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားသည်။ ထိုစွမ်းအားများကို သူထုတ်ဖော်လိုက်သောအခါ လေများတဝီဝီမြည်ဟည်းလျက် ထွက်ပေါ်လာသည်။
တချိန်တည်းမှာ ပင်းယွမ်ကလည်း တိုက်ခိုက်လိုက်၏။ နှင်းနှင့်ရေခဲများက ကောင်းကင်ယံမှ ဆင်းသက်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်သွားလေရာ ခပ်လှမ်းလှမ်းမှ ကြည့်နေကြသော လူအားလုံးမှာ တုန်ယင်သွားကြ၏။
“ ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ ”
အတန်ငယ်ဝေးသောနေရာမှာရှိသည့် လူအုပ်ကြီးမှာ တအံ့တသြဖြစ်သွားသည်။ နှစ်ဖက်သွားဓားသခင် လိန်ယွဲ့က သူ၏ဓားကဲ့သို့ စူးရှထက်မြက်လှဥည်။ နှင်းရေခဲတောင်ရွာမှ ပင်းယွမ်က ပတ်ဝန်းကျင်တစ်ခုလုံးကို အေးခဲသွားစေနိုင်သည့် ရေခဲများကို ထိန်းချုပ်နိုင်သူဖြစ်သည်။ သူ့စွမ်းရည်အောက်မှာ မြေပြင်က နှင်းနှင့် ရေခဲများဖြင့် ဖုံးလွှမ်းသွားသည်။ဤလူနှစ်ယောက်က အလွန်တရာအစွမ်းထက်လှပြီး သူတို့မျိုးဆက်၏အထူးချွန်ဆုံးမျိုးဆက်သစ်လူငယ်များ ဖြစ်သည်။ သူတို့က စစ်မှန်သော ပါရမီရှင်များဖြစ်၏။
“ နှစ်ဖက်သွားဓား ကျရောက်လာတဲ့အခါ သူ့ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွားလိမ့်မယ် ”
ဟောက်ယွဲ့ကျောင်းတော်သားတစ်ယောက်က ဝင့်ကြွားစွာပြောလိုက်သည်။