ကိုယ့်ကိုယ်သတ်သေပါ..
“ လင်းဖန် ”
“ အဲ့ဒါလင်းဖန်ပဲ။ ငါအမြင်မှားနေတာများလား ”
သွေးနီတပ်ဖွဲ့၏ခေါင်းဆောင်က အံ့အားသင့်စရာကောင်းအောင် လင်းဖန်ဖြစ်နေသည့်အတွက် သူတို့၏နှလုံးများ ပြင်းထန်စွာ လှုပ်ရှားသွားလေသည်။ ယခင်အချိန်တုန်းက လင်းဖန်သည် သူ၏ပြောင်မြောက်လှသောစွမ်းရည်များကို ပြသခဲ့သော်လည်း လင်းမျိုးနွယ်စုနှင့် နလန်မျိုးနွယ်စုက သူ့ကို သူတို့၏ရန်သူအဖြစ် သတ်မှတ်လိုက်ကြပြီး မြို့မှ ထွက်ခွာသွားရန် ဖိအားပေးခဲ့ကြသည်။
ယခု နလန်ရှုန်၏မိတ်ဆုံစားပွဲမှာ ရှိနေကြသော လူများအားလုံးက ရန်ကျုံးမြို့ရှိ လူကုံထံအသိုင်းအဝိုင်းများမှ ဖြစ်ကြပြီး ယခင်နှစ်က ကျင်းပခဲ့သော နှစ်ပတ်လည်တွေ့ဆုံပွဲရှိ ပြိုင်ပွဲတွင်လည်း လင်းဖန်ကို သူတို့ကိုယ်တိုင် တွေ့မြင်ဖူးခဲ့သည်။ သို့ဖြစ်ရာ လင်းဖန်က ပါရမီရှိသော လူငယ်တစ်ယောက်ဆိုတာကိုလည်း သူတို့သိခဲ့၏။
မနှစ်က သူတို့သိခဲ့သော ပါရမီရှင်လူငယ်လေးက ယခုအခါ မြို့ကို တုန်ခါသွားစေနိုင်သည့် အစွမ်းထက်သောတပ်ဖွဲ့၏ ခေါင်းဆောင်တစ်ယောက်ဖြစ်နေခဲ့ပေပြီ။
ထိုကဲ့သို့ အရာမျိုးဖြစ်ပွားလာလိမ့်မည်ဟူ၍လည်း မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။
ထို့အပြင် လင်းဖန်၏အသက်အရွယ်ကို ကြည့်လျှင်လည်း ဆယ့်ရှစ်နှစ်ပင် ပြည့်သေးပုံမပေါ်ချေ။ သို့သော်လည်း သွေးနီတပ်ဖွဲ့၏ခေါင်းဆောင်တစ်ယောက်ဖြစ်နေခဲ့ပြီ ဖြစ်သလို မြို့စားတစ်ယောက်ပင် ဖြစ်နေခဲ့ပြီ။ ထောင်ပေါင်းများစွာသော တပ်သားများက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်မှာ အံ့အားသင့်စရာကောင်းသော ကိစ္စတစ်ရပ်သာ ဖြစ်သည်။ လူအားလုံးက လင်းဖန်ကို ကြည့်နေကြပြီး သူတို့၏ပါးစပ်ထဲတွင် ပြောစရာ စကားလုံးများနှင့် ပြည့်နေပေမယ့် သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။
သွေးနီတပ်ဖွဲ့၏ခေါင်းဆောင်က လင်းဖန်ဆိုသည့်အတွက်ကြောင့် နလန်ရှုန်သည်လည်း တုန်ယင်နေသည်။ ယခင်က လင်းဖန်ကို အသုံးမကျသူတစ်ယောက်အဖြစ် ယူဆခဲ့ပြီး လင်းမျိုးနွယ်စုမှ ထုတ်ပယ်ခဲ့၏။ ထိုသူက ယခုအခါ မြို့စားတစ်ယောက်ဖြစ်နေပေသည်။ လင်းဖန်နှင့်ပတ်သက်ပြီး သူသိခဲ့သော အရာအားလုံးနှင့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
အမှန်တကယ်တော့ အံ့အားသင့်ဆုံးဖြစ်နေသူမှာ နလန်ဖန်းဖြစ်၏။ လင်းဖန်က သူ၏မျက်နှာဖုံးကို ချွတ်လိုက်စဉ် သူမနှလုံးခုန်နှုန်းတွေ မြန်ဆန်သွားရသည်။ ချက်ချင်းပင် သူမ၏နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ပြီး လင်းဖန်အား အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေတော့သည်။
ယခင်နှစ် နှစ်ပတ်လည်တွေ့ဆုံပွဲအတွင်း သူမက အထူးချွန်ဆုံးသူတစ်ယောက်ဟု ထင်မြင်နေခဲ့၏။ လင်းချန်သာလျှင် သူမ၏ပြိုင်ဘက်ဖြစ်နိုင်သည်ဟူ၍ တွေးထားခဲ့သည်။ သို့သော်လည်း အရာအားလုံးက သူမထင်သလို ဖြစ်မလာခဲ့ချေ။ ပိုင်ယွမ်ဟောက်နှင့် လင်းဖန်တို့ ထွက်ပေါ်လာခဲ့ကြပြီး သူမ၏နေရာကို ခိုးယူသွားခဲ့ပေသည်။ သို့သော်လည်း ပြိုင်ပွဲအတွင်းမှာ လင်းဖန်နှင့် သူမက အဆင့်တူနေပြီး နောင်တစ်ချိန်မှာ လင်းဖန်ကို သူမကဖြတ်ကျော်သွားလိမ့်မည်ဟူ၍လည်း တွေးထားခဲ့၏။
သို့သော်လည်း လင်းဖန်က အံ့မခန်းဂုဏ်ပုဒ်တွေနှင့် သူမရှေ့မှာ နောက်တစ်ကြိမ်ပေါ်ထွက်လာခဲ့သည်။ သူက သွေးနီတပ်ဖွဲ့၏ခေါင်းဆောင်တစ်ယောက်ဖြစ်နေသလို ရန်ကျုံးမြို့ကိုလည်းအပိုင်စားရနေသည်။ ဂုဏ်အရှိန်အဝါကြီးမားလှသော သူမချစ်သူ၏လက်တစ်ဖက်ကိုလည်း သူဖြတ်ပစ်ခဲ့သည်။ လင်းဖန်ကား ကြောက်ရွံ့စိုးရိမ်နေဟန်မပြဘဲ သူမချစ်သူ၏လက်ကို ဖြတ်ပစ်ရန် အလွယ်တကူပင် အမိန့်ပေးလိုက်ချေသည်။ ဤကိစ္စက သူ့အတွက် သာမန်လောက်သာ ဖြစ်နေခဲ့သည်။
ဒူဂူရှောက်သည် အင်ပါယာအမတ်များနှင့် သွေးသားတော်စပ်သည့်အတွက် ပုံရိပ်မြင့်မားသူဖြစ်၏။ သူမနှင့်အတူ ရန်ကျုံးမြို့သို့လိုက်လာခဲ့သည့်အတွက် နလန်ဖန်းအလွန်ဝင့်ကြွားခဲ့သည်။ သူမချစ်သူကြောင့် ရန်ကျုံးတစ်မြို့လုံးက သူမကို လေးစားခဲ့ကြသည်။ သူမအား ကပ်ဖားရပ်ဖားလုပ်ခဲ့ကြ၏။ သူမ၏မျိုးနွယ်စုပင် သူမချစ်သူကို ကြိုဆိုရန် မြို့ထဲရှိ အချမ်းသာဆုံးလူများကို ဖိတ်ကြားကာ စားသောက်ပွဲတစ်ခု လုပ်ပေးခဲ့သည်။
ယခုအခြေအနေအတွက် နလန်ဖန်းပြင်ဆင်ထားခဲ့ခြင်း မရှိပေ။ ယခုကဲ့သို့ အလဲလဲအကွဲကွဲဖြစ်လာလိမ့်မည်ဟူ၍လည်း သူမ ထင်မှတ်မထားခဲ့ချေ။
