အပိုင်း ( ၂၄၂ )

1.3K 131 0
                                        

အရာရှိတစ်ဦး သေဆုံးသွားခြင်း…

မိန်ချုန်း၏ခန္ဓာကိုယ်ကြီးသည်ကား ထောင်ပေါင်းများစွာသော မြားတွေစိုက်ဝင်လျက် မြို့တော်၏ဂိတ်ပေါက်မှာ တွဲလောင်းကျနေလေသည်။ လူအားလုံးမှာ အံ့သြထိတ်လန့်လွန်း၍ စကားမပြောနိုင်အောင် ဖြစ်သွားရ၏။

မြို့ရိုးထိပ်မှာ ရှိနေသောလူများက ထိုအခြင်းအရာကို သူတို့မမြင်တွေ့လိုက်ရသော်လည်း မြားမိုးရွာကျတာကို သူတို့အားလုံးမြင်တွေ့လိုက်ရသည့်အတွက် ဖြစ်ပျက်တာကို မှန်းဆနိုင်သည်။ ထို့ပြင် အင်ပါယာမြို့တော်ရှိတပ်သားများကလည်း မင်းသမီးကို သတ်ရန်ကြိုးစားသည့်အတွက် သူ့အား အပြစ်ပေးခဲ့ခြင်းလည်း ဖြစ်ပေသည်။

အကြောင်းပြချက်က ခိုင်လုံနေသောကြောင့် ဘယ်သူမှ မပြောကြချေ။ မိန်ချုန်းက မင်းသမီးအား သတ်ရန်အမိန့်ပေးလိုက်တာကို လူအားလုံး သက်သေရှိပေသည်။

မိန်ဂူဖန်းကား တုန်ယင်နေ၏။ သူ့မျက်လုံးများက ပြူးကျယ်နေပြီး ဆွံ့အနေတော့သည်။

“ မိန်ချုန်း!”
မိန်ဂူဖန်းက အလွန်တရာကျယ်လောင်စွာ အော်ခေါ်လိုက်လေသည်။ ထို့နောက် မြို့ရိုး၏အစွန်းသို့သွားကာ အောက်သို့ငုံ့ကြည့်လိုက်၏။ လျှပ်တပြက်အတွင်းမှာ သူ့မျက်နှာက နီရဲသွားသည်။

သူ၏သားလေးကား မြို့ရိုးမှာ ချိတ်ဆွဲထားလျက်ရှိနေပေ၏။ သနားစရာကောင်းလိုက်သည့် လူကလေး…

“ အား….လင်းဖန်!”
မိန်ဂူဖန်းက ဒေါသတကြီး အော်ပြောလိုက်သည်။ ထို့နောက် ချာခနဲလှည့်ကာ လင်းဖန်ကို သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်လေ၏။

“ ငါ့သားကို သတ်တဲ့ကောင်!”

မိန်ဂူဖန်း၏အသံက အဖြစ်အပျက်ကို လက်မခံနိုင်ဟန်ဖြစ်နေပြီး လင်းဖန်ကို စူးစိုက်ကြည့်နေပေသည်။
“ ကျေးဇူးပြုပြီး ဂိတ်ပေါက်ကို ဖွင့်လိုက်ပါ။ မင်းသမီးနဲ့ ငါ မြန်မြန်သွားမှရမယ် ”
လင်းဖန်က မထူးခြားသည့်အသံဖြင့် ပြောလိုက်၏။ သူ့ပုံစံက လွန်စွာ တည်ငြိမ်နေပေသည်။

“ ဂိတ်ကို ဖွင့်ရမှာလား?”
မိန်ဂူဖန်း၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းသည့် လှောင်ပြုံးတစ်ရပ်ဖြစ်ပေါ်လာ၏။ ထို့နောက် သူက ကြမ်းကြုတ်စွာဖြင့် ဆက်လက်ပြောဆိုလိုက်သည်။
“ လင်းဖန်..မင်းဟာ အင်ပါယာမြို့တော်ကို ချိုးဖောက်ဝင်ရောက်ခဲ့ပြီးတော့ ငါ့လို တပ်မှူးတစ်ယောက်ရှေ့မှာ ငါ့သားကို သတ်ခဲ့တယ်။ ဒါဟာ ရွှီယွဲ့နိုင်ငံတော်ရဲ့ ရာထူးမြင့်မားတဲ့ လူတစ်ယောက်ကို မလေးမစားလိုက်တာပဲ ”

“ ဟမ်?”
လင်းဖန်အံ့အားသင့်သွား၏။ သို့သော် ချက်ချင်းပင် အေးစက်စက်သူပြုံးလိုက်လေသည်။ မိန်ဂူဖန်းကား လင်းဖန်ကို စွပ်စွဲရန် ကြိုးစားနေ၏။
မြေခွေးအိုကြီး…သတ်ဖြတ်ချင်စိတ်ရှိနေတာတောင် သူ့ရဲ့အမှားကို လာပြောနေတယ်။ လင်းဖန်ဆိုသော သူ့ကို သတ်ရတာ အများကြီးလွယ်တယ် ထင်နေလေသလား…

“ အရာရှိမိန်…မိန်ချုန်းက မင်းသမီးကို သတ်ဖို့ကြိုးစားခဲ့တယ်။ အဲ့ဒါကို လူအားလုံးမြင်တယ်။ သူ့အပြုအမူကြောင့် သူအသတ်ခံလိုက်ရတာပဲ။ ကျွန်တော်က အမှန်အတိုင်းလုပ်ခဲ့တာကို လူအားလုံးတွေးနေကြတယ်။ ဒါ့အပြင် အရာရှိကို ကျွန်တော်ထပ်ပြောရလိမ့်မယ်။ မင်းသမီးနဲ့ ကျွန်တော်က အရေးကြီးတဲ့ကိစ္စလုပ်စရာ ရှိတာကြောင့် မင်းသမီးကို အင်ပါယာမြို့ထဲဝင်စေဖို့အတွက် ဂိတ်တံခါးဖွင့်ခိုင်းရတာပါ ”

လင်းဖန်၏အသံက အေးစက်ခြင်းအတိ..သူ့စကားလုံးတွေက ပြတ်သားနေပြီး ထိမိလှပေသည်။

“ အရေးကြီးတဲ့ကိစ္စ လုပ်စရာရှိတယ်ပေါ့။ မင်းက လျန်ချန်းလန်ကို ကယ်နိုင်မယ်လို့ ထင်နေတာလား ”
မိန်ဂူဖန်းက လင်းဖန်ကို စိုက်ကြည့်ကာ ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး ဆက်လက်ပြောဆိုလိုက်၏။
“ အိပ်မက်မက်နေတယ် ”

“ ဘုန်း!”

မိန်ဂူဖန်း၏စကားဆုံးသောအခါ လင်းဖန်၏ကိုယ်မှ ရေခဲတမျှပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာသည်။ မိန်ဂူဖန်းမှာ အံ့အားသင့်သွားပြီး ပြောလိုက်လေ၏။
“ မင်းဘာလုပ်နေတာလဲ?”

လင်းဖန်ကား တိတ်ဆိတ်ငြိမ်သက်နေမြဲ…ရုတ်တရက် သူက လှစ်ခနဲလှုပ်ရှားလိုက်ပြီး သူ့လက်က ဓားတစ်လက်ပမာ ပတ်ဝန်းကျင်ကို ထိုးခွဲလျက် ထွက်ပေါ်လာသည်။

မိန်ဂူဖန်းထံမှာ ခြောက်ခြားဖွယ်ရာအသံကြီးတစ်ခုကို လူအားလုံး ကြားလိုက်ရ၏။ မိန်ဂူဖန်းက လင်းဖန်၏တိုက်ခိုက်မှုကို သူ့လက်များဖြင့် တားဆီးရန်ကြိုးစားလိုက်သော်လည်း လင်းဖန်ကသူ့လက်ကို ဖြတ်သွားလေသည်။

ထိုတိုက်ခိုက်မှုက လူအားလုံးကို တအံ့တသြဖြစ်သွားစေပြန်၏။ မိန်ဂူချင်း၏တပ်သားများသည် အစက လင်းဖန်ကို တိုက်ခိုက်ချင်ခဲ့သော်လည်း ရိန်ချင်းကွမ်နှင့် မိန်ချင်းတို့က သူတို့ကို ရှေ့တက်၍ မရအောင် ဟန့်တားထားခဲ့သည်။ သို့ဖြစ်၍ သူတို့မှာ မြင်ကွင်းကိုသာ ငြိမ်သက်စွာ ကြည့်နေရတော့၏။

“ မိန်ချုန်းက မင်းသမီးကို သတ်ချင်နေခဲ့တယ်။ ငါက မင်းသမီးကို ကာကွယ်ပေးရတဲ့အတွက် မိန်ချုန်းကို သတ်လိုက်ရတယ်။ အဲ့ဒီအတွက်ကြောင့် မိန်ဂူဖန်းက ငါ့အပေါ်အငြိုးအတေး ထားခဲ့တဲ့အပြင် မင်းသမီးကို အင်ပါယာမြို့တော်ထဲ ဝင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တယ်။ အဲ့ဒါဟာ ရွှီယွဲ့နိုင်ငံတော်ရဲ့ ရာထူးကြီးလှတဲ့ လူတစ်ယောက်ကို မခန့်လေးစားလုပ်လိုက်တာပါ။ ငါလင်းဖန်အနေနဲ့ မင်းသမီးရဲ့ လုံခြုံရေးအတွက် နှောင့်ယှက်လာသူတိုင်းကို သတ်ဖြတ်ပစ်ရမှာပဲ ”

လင်းဖန်က နေရာမှာပင် ရပ်နေပြီး သူ့ဆံပင်များက လေအဝှေ့တွင် တဖျပ်ဖျပ်လွင့်နေတော့သည်။ သူ့အသံက မိုးကုတ်စက်ဝိုင်းဆီသို့တိုင် ပဲ့တင်ထပ်နေပြီး လူအားလုံး၏နှလုံးသားမှာလည်း တဒိန်းဒိန်းခုန်နေတော့သည်။
လင်းဖန်ကား မိန်ချုန်းကိုသတ်ခဲ့သည်သာမက မိန်ဂူဖန်းကိုလည်း သတ်ဖြတ်ခဲ့လေပြီ။

သူက သူ့လမ်းမှာ ရှိနေသမျှ မည်သူ့ကိုမဆို သတ်ပေလိမ့်မည်။

စကားဆုံးသောအခါ လင်းဖန်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး မိန်ဂူဖန်းကို ထိုးလိုက်လေ၏။ ချက်ချင်းပင် မိန်ဂူဖန်း၏မျက်နှာကြီးမှာ သွေးဆုတ်ဖြူရောလာပြီး သူ့ပါးစပ်မှ သွေးများထွက်ကျလာတော့သည်။ သို့သော် လင်းဖန်ကို ခက်ထန်စွာဖြင့် သူစိုက်ကြည့်နေဆဲ….

မိန်ဂူဖန်းသည်လည်း လင်းဖန်ကဲ့သို့ လင်းချီစုဆောင်းမှုအဆင့် ရှစ်ကို ရောက်ရှိနေသူဖြစ်၏။ သို့သော် လင်းဖန်က ကမ္ဘာမြေနှင့် တသားတည်းအဆင့်ကို နားလည်နေလေရာ သူ့ကို များစွာလျင်မြန်သူ ဖြစ်သွားစေသည်။ မိန်ဂူဖန်းက နမောနမဲ့နိုင်ခဲ့သည့်အတွက်လည်း သူ့လက်နှစ်ဖက်ကို ဖြတ်ခြင်းခံလိုက်ရတာ ဖြစ်ပေ၏။

“ ခင်ဗျားက ခင်ဗျားလျှောက်မယ့်လမ်းကို ရွေးချယ်ခဲ့ပြီပဲ ”

လင်းဖန်၏လက်မှ အံ့မခန်းဓားစွမ်းအားများထွက်ပေါ်လာပြီး ချက်ချင်းပင် မိန်ဂူဖန်း၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားရာ သူ့အရေးကြီးအဂါင်္များကို ဖျက်ဆီးခြင်းခံလိုက်ရတော့သည်။

လင်းဖန်က မိန်ဂူဖန်းကို ဆွဲကိုင်လျက် မြို့ရိုးအစွန်းမှ ချလိုက်ရာ အင်ပါယာမြို့တော်၏အပြင်ဘက်မှာ ရှိနေသော တပ်သားများက မြားတွေဖြင့် ပစ်လွှတ်လိုက်လေရာ လေခွင်းသံတဝီဝီမြည်လျက် ထွက်ပေါ်လာပြီး မိန်ဂူဖန်း၏ခန္ဓာကိုယ်ကို စိုက်ဝင်သွားပြီး မြို့ရိုးရှိ သူ့သား၏ဘေးတွင်ကပ်ကာ ချိတ်ဆွဲထားလျက်ရှိနေတော့သည်။

လင်းဖန်က သူတို့နှစ်ယောက်လုံးကို ပြစ်ဒဏ်ကျူးလွန်သူများအပြစ် သတ်မှတ်ကာ အပြစ်ပေးခဲ့ပေ၏။

ကျင့်ကြံခြင်းကမ္ဘာမှာ ခွန်အားရှိခြင်းသာ အဓိကဖြစ်ပေသည်။ တရားမျှတမှုကိုလည်း ခွန်အားဖြင့် လုပ်ယူနိုင်ပေ၏။

လင်းဖန်က ချာခနဲလှည့်ကာ တပ်သားများကို ကြည့်လိုက်လေသည်။ နောက်ဆုံးတွင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်အား တွေ့မြင်သွား၏။

PMG အတွဲ ( ၂ )Onde histórias criam vida. Descubra agora