#zawgyi
လောင်ကျွမ်းပြီး သေလိုက်..
လင်းဖန်သည် ကောင်းကင်ဘုံသင်တန်းကျောင်း၏ စစ်ရေးကျောင်းသားများ နေထိုင်သော အဆောက်အဦနားသို့ တရွေ့ရွေ့ချဉ်းကပ်လာ၏။
ယခုအချိန်မှာ သူ့ဆံပင်များက အလွန်ရှုပ်ပွနေပြီး သူ့အဝတ်အစားများတွင်လည်း ဖုန်များပေကျံကာ ညစ်ပတ်နေသည်။ အချိန်ကြာမြင့်စွာ ပြင်းထန်သော အပူရှိန်အောက်မှာ ထိုင်နေခဲ့ရသည့်အတွက် သူ့ကိုယ်မှ ချေးစော်များ နံစော်နေ၏။ သို့အတွက်ကြောင့် လူများက သူ့လက်ရှိပုံစံနှင့် ချဉ်းကပ်လာတာကို သဘောမကျကြပေ။
သို့ရာတွင် လင်းဖန်၏မျက်လုံးများက ယခင်အတိုင်း တောက်ပနေဆဲဖြစ်ပြီး လေးနက်တည်ကြည်နေ၏။
" လင်းဖန် "
စိတ်လှုပ်ရှားသည့်လေသံဖြင့် ခေါ်လိုက်သော အသံတစ်သံထွက်ပေါ်လာသည်။ လင်းဖန်က ခေါင်းကိုမော့လိုက်ပြီး ကြည့်လိုက်ရာ သူ့ဆီသို့ လျှောက်လာနေသော ပြုံးရွှင်နေသည့်လူတစ်ယောက်အား တွေ့မြင်လိုက်ရ၏။
" ကိစ္စရှိလို့လား "
လင်းဖန်က မေးလိုက်သည်။ ထိုလူကို အရင်တုန်းက သူမမြင်ဖူးခဲ့ရာ သူ့ကို လင်းဖန်မသိချေ။
" မရှိပါဘူး။ မင်းနဲ့ကျင့်ကြံခြင်းအကြောင်း ပြောရအောင် ငါတွေးနေတာပါ။ မင်းအသက်ငယ်ငယ်လေးနဲ့ ဒီလောက် ကြောက်စရာကောင်းနေအောင် မင်းဘယ်လိုကျင့်ကြံလဲ "
ထိုလူက ပြုံး၍မေးလိုက်၏။ လင်းဖန်အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပြုံးလိုက်သည်။
" မျက်လုံးကို မှိတ်ထားလိုက်ရုံပဲလေ "
လင်းဖန်က ပြုံး၍ ပြန်လည်ဖြေကြားလိုက်ရာ
" ဟမ် "
ထိုလူ၏မျက်လုံးများ တလက်လက်တောက်ပလာသည်။ လင်းဖန်ဆိုလိုတာကို သူနားမလည်ပေ။
" ကျုပ်မျက်လုံးကို မှိတ်လိုက်တယ်။ ဒါက ကျုပ်ရဲ့ ကျင့်ကြံတဲ့နည်းလမ်းပဲ "
လင်းဖန်က ယခင်အတိုင်း နွေးထွေးစွာပြုံး၍ ပြောလိုက်၏။
တဒင်္ဂကြာ အတွေးတွေထဲမှာ ထိုလူနစ်မျောသွားသည်။ သို့သော် ချက်ချင်းပင် သူခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
" ဟုတ်ပြီ "
စကားဆုံးသည်နှင့် သူ့မျက်လုံးကို ဖြည်းညင်းစွာ မှိတ်လိုက်၏။
သို့ရာတွင် သူ့မျက်လုံးကို မှိတ်လိုက်သော အချိန်မှာပင် ပြင်းထန်သော လေတိုးသံတစ်ခုက သူ့နားထဲသို့ ဝင်ရောက်လာသည်။ မျက်လုံးများ မှိတ်ထားသော ထိုလူသည် ရုတ်တရက် နောက်သို့ အရှိန်ပြင်းစွာ ဆုတ်သွား၏။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ကြောက်မက်ဖွယ်ရာကောင်းသော သန့်စင်သည့်ချီများ ဝန်းရံလာသည်။
