ချုံခိုတိုက်ခိုက်ခြင်း
သွမ့်ရိန်မြို့၏ပတ်လည်တွင်ရှိနေသော သွေးနီတပ်သားများက မြို့ကိုတောက်လောက်နေသော မီးတောက်များကို ကြည့်နေသည်။ ထို့နောက် အမိန့်ပေးလိုက်သည်နှင့်တပြိုင်နက် သူတို့အားလုံးက သွမ့်ရိန်မြို့ဆီသို့ မြင်းများကို တရကြမ်း စီးနင်းလိုက်၏။
မျက်တောင်တစ်ချက်ခတ်အတွင်း သွေးနီမြင်းတပ်များသည် လေးများကိုကိုင်ကာ သွမ့်ရိန်မြို့ရှေ့သို့ ရောက်ရှိသွားသည်။ မီးတောက်များက ပိုမိုအရှိန်ပြင်းလာ၏။ သွေးနီတပ်သားအားလုံးက ယခုလိုမျိုးဖြစ်လာစေရန်အတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့နောက် မြားခေါင်းများကို မီးစွဲစေပြီး လေးကိုဆွဲကာ မြို့ထဲသို့ပစ်လွှတ်လိုက်၏။ မြို့ထဲတွင် မီးမြားမိုးတစ်ခုရွာကျနေသည့်အလား ရှိနေတော့သည်။
လောင်ကျွမ်းနေသော အဆုံးအစမဲ့မြားမိုးက မြို့ထဲသို့အဆက်မပြတ် ရွာကျနေလေရာ မြင်ကွင်းက ထည်ဝါနေသလို အပျက်အစီးများလေ၏။
မိုယွဲ့တပ်သားများသည် ကောင်းကင်မှကျဆင်းလာသော မီးမြားမိုးကိုကြည့်ကာ တအံ့တသြဖြစ်နေသည်။ မိုးကောင်းကင်က သူတို့ကို အပြစ်ပေးသည့်ပုံပေါ်၏။
သွေးနီတပ်သားများသည် ပထမအကြိမ်မြားတွေကို ပစ်လွှတ်ပြီးနောက် မြို့၏နေရာတိုင်းသို့ စတင်ပစ်လွှတ်လိုက်ရာ မြင်ကွင်းတစ်ခုလုံးက အရှိန်တညီးညီးဖြင့် နေဝန်းကြီးတောက်ပလာသည့်အလား....များမကြာမီ သွမ့်ရိန်မြို့တစ်ခုလုံးက မီးပင်လယ်တစ်ခုလိုဖြစ်လာ၏။ ယခုအချိန်တွင် မိုယွဲ့တပ်သားများမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ ဤကဲ့သို့ ရုတ်တရက်တိုက်ခိုက်လိုက်ခြင်းက သူတို့ကို အံ့အားသင့်သွားစေကာ မီးတွေဖြင့် လှောင်ပိတ်ခြင်းခံလိုက်ရ၏။
တစ်ချိန်တည်းမှာပင် မြို့တော်အတွင်း၌ လင်းဖန်နှင့်လက်ရွေးစင်တပ်သားများသည် ပရမ်းပတာအခြေအနေကို ထိန်းချုပ်ရန်ကြိုးစားနေသော ဗိုလ်ချုပ်များကို လုပ်ကြံသတ်ဖြတ်နေသည်။
အကယ်၍ သူတို့သာ ကြိုတင်ပြင်ဆင်ထားလျှင် တိုက်ပွဲက ခက်ခဲပေလိမ့်မည်။ သို့သော်လည်း မီးစွဲနေသော မြားတွေက လင်းချီစုဆောင်းမှု့အဆင့်သုံးနှင့် ပို၍မြင့်သောအဆင့်သို့ရောက်ရှိနေသူများကိုပင် ဒဏ်ရာရခြင်းသို့မဟုတ် အသက်သေဆုံးခြင်းတို့ကို ဖြစ်စေ၏။ အမှန်တကယ်တော့ သန်မာသောသိုင်းပညာရှင်များကို ဒဏ်ရာရအောင်လုပ်ခြင်းက လွန်စွာခက်ခဲသည်။ သို့သော် သူတို့ပတ်လည်တွင်ရှိသောတပ်သားများကို အသက်သေအောင်လုပ်ရန်လုံလောက်ပေသည်။ ဤအခြင်းအရာက မိုယွဲ့တပ်သားများကို ကစဥ့်ကလျားဖြစ်စေခဲ့၏။
