အပိုင်း ( ၃၇၇ )

330 39 0
                                        

Zawgyi

လင်းဖန်ကို သတ်

အဆင့်မြင့်အရာရှိ ရှစ်ယောက်ထဲမှ နှစ်ယောက်ဖြစ်သော အဆင့်နှစ်ရှိသူ ယွဲ့တျန်မင်နှင့် အဆင့်သုံးရှိသူ ဝူချင်းတို့ကို တစ်နေရာထဲ၊ တစ်ချိန်ထဲမှာ မြင်တွေ့ရခြင်းက အလွန်တရာ ရှားပါးသည်။
လူအများစုက သူတို့ကို စိတ်မရှည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြ၏။ အဆင့်မြင့်အရာရှိရှစ်ယောက်သည် အံ့မခန်းအစွမ်းထက်သူများဖြစ်ပြီး ယခုအချိန်တွင် အဆင့်မြင့်အရာရှိနှစ်ယောက်က သူတို့ရှေ့သို့ ရောက်ရှိလာသည်။
ဝူချင်းက အနက်ရောင်ကိုယ်ကြပ်အင်္ကျီကို ဝတ်ဆင်ထား၏။ သူက အလွန်တရာ အရုပ်ဆိုးသည်။ မျောက်ဝံတစ်ကောင်ပမာ ရှေ့သို့ထွက်နေသော ပါးစပ်နှင့် မေးစေ့တို့ရှိသူဖြစ်၏။ သူ့ပုံစံက သားရဲဆန်ပြီး အထူးသဖြင့် ယွဲ့တျန်မင်ကို ကြည့်သည့်အခါမျိုးတွင်ဖြစ်သည်။
ယွဲ့တျန်မင်၏အသွင်က တည်ငြိမ်အေးဆေးသည့်ပုံရှိ၏။ သူသည် ဝူချင်းကဲ့သို့ တိရစ္ဆာန်တစ်ကောင်အသွင်မရှိပေ။ ဝူချင်းကိုကြည့်ရသည်မှာ ယွဲ့တျန်မင်ကို တစ်စစီဆွဲဖြဲပစ်ချင်နေသည့်ပုံ ပေါ်နေသည်။
“ အဆင့်မြင့်အရာရှိ အဆင့်နှစ်နဲ့ အဆင့်သုံးရဲ့ ကျင့်ကြံခြင်းအဆင့်တွေက ဘယ်လောက်လဲ ”
လင်းဖန်တွေးလိုက်၏။ သွမ့်ဝူရသည် အဆင့်လေးရှိသူဖြစ်သော်လည်း အံ့မခန်းအစွမ်းထက်သည်။ ဤလူနှစ်ယောက်က သွမ့်ဝူရထက်ပင် ပို၍ အစွမ်းထက်လိမ့်မည်။ ကောလာဟလများအရ ထူးဆန်းသော ဒုတိယမင်းသား သွမ့်ဝူသောက်သည် မယုံနိုင်အောင် အစွမ်းထက်သည်ဟူ၍။
“ ယွဲ့တျန်မင် ကျော်ကြားနေတဲ့အတိုင်း လိုက်ဖက်ညီလား ကြည့်ချင်ရင် ဘယ်လိုလုပ် တစ်ကွက်တည်းနဲ့ လုံလောက်မှာလဲ။ သေတဲ့အထိတိုက်ခိုက်ပါစေ….တစ်ယောက်သေသွားရင် တိုက်ပွဲပြီးသွားမယ်။ တကယ်လို့ ယွဲ့တျန်မင်ရှုံးရင် ငါဝင်မစွက်ဖက်ဘူး။ ဝူချင်းရှုံးရင်လည်း ဝမ်ရှောက်ကျောင်းကလူတွေ ဝင်မစွက်ဖက်ရဘူး ”
ဆံပင်များဆွတ်ဆွတ်ဖြူနေသော အဘိုးအိုက ခံစားချက်ကင်းမဲ့သည့်အသွင်ဖြင့် မထူးခြားစွာ ပြောဆိုလိုက်ရာ လူအားလုံးကို အံ့အားသင့်သွားစေ၏။
သူက ယွဲ့တျန်မင်နှင့် ဝူချင်းတို့ကို သေသည်အထိ တိုက်ခိုက်စေချင်တာလား။
ဆံပင်များဆွတ်ဆွတ်ဖြူနေသော အဘိုးအိုသည် ယွဲ့တျန်မင်က ဝူချင်းကို မည်သို့မျှထိခိုက်ဒဏ်ရာမရစေဘဲ အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု လုံးဝယုံကြည်နေသည်။
ဝမ်ရှောက်ကျောင်းတော်၏အဖွဲ့ဝင်များ လက်ခံလိမ့်မည်လား။ သို့တည်းမဟုတ် လက်မခံဘူးလား။
လူအားလုံးက ဝမ်ရှောက်ကျောင်းတော်၏ ခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူ့ပါးစပ်က တလှုပ်လှုပ်ဖြစ်နေသည်။
ဝူချင်း၏အစွမ်းကို သူလေးစားသည်။ ဝူချင်း၏ပါရမီက သူ့ထက်များစွာ ပါရမီရှိပြီး ဝမ်ရှောက်ကျောင်း၏ အနာဂတ်ခေါင်းဆောင်ဖြစ်လာနိုင်သော်လည်း ယွဲ့တျန်မင်က မည်မျှအစွမ်းထက်လဲဆိုတာ သူမသိချေ။ ရွှီယွဲ့နိုင်ငံမှာ ယွဲ့တျန်မင်မရှိကြောင်းသာသိရပြီး ပြန်လာပြီးနောက် သူ၏ကျင့်ကြံခြင်းအဆင့် မည်သို့ရှိလိမ့်မလဲဆိုတာ ဘယ်သူမှ မသိကြပေ။ ဘယ်သူမှ အလောင်းအစားမလုပ်ရဲကြချေ။
“ တန်ဝူယောက်…မင်းလုပ်ဝံ့လား။ မလုပ်ဝံ့ဘူးလား ”
ဆံပင်များ ဆွတ်ဆွတ်ဖြူနေသည့် အဘိုးအိုက ဝမ်ရှောက်ကျောင်းတော်၏ ခေါင်းဆောင်ကို ကြည့်ကာ ပြောလိုက်သည်။ တန်ဝူယောက်၏ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေ၏။
“ တန်ဝူယောက်…မင်းလုပ်ဝံ့လား။ မလုပ်ဝံ့ဘူးလား ”
“ တန်ဝူယောက်…မင်းလုပ်ဝံ့လား။ မလုပ်ဝံ့ဘူးလား ”
ထိုစကားလုံးများက လေထဲတွင် ပဲ့တင်ထပ်သွား၏။
တန်ဝူယောက်၏မျက်နှာမည်းမှောင်သွားသည်။ သူအမှန်တကယ် မလုပ်ဝံ့ချေ။ သူသည် ဝူချင်းကို ကလေးအရွယ်တည်းက အတွေ့အကြုံရစေရန် တောရိုင်းကောင်များရှိသော တောများသို့ ခေါ်ဆောင်လာခဲ့သည်။ သူ့သားတစ်ယောက်ပမာ ဖြစ်နေ၏။ ဝူချင်းငယ်စဉ်ကတည်းက စောင့်ရှောက်လာခဲ့ရာ ဝူချင်း၏အသက်ကို ရင်းပြီး ယွဲ့တျန်မင်းနှင့် သေဆုံးသည်အထိ တိုက်ပွဲတစ်ခုကို သူခွင့်မပြုနိုင်ချေ။
“ ရွှီယွဲ့မှာရှိတဲ့ အခြေအနေတွေက အဆက်မပြတ် ပြောင်းလဲနေတာ။ အဆင့်မြင့်အရာရှိ ရှစ်ယောက်ရဲ့ အဆင့်တွေကလည်း ပြောင်းလဲနေတာပဲ။ ဝူချင်းနဲ့ ယွဲ့တျန်မင်တို့နှစ်ယောက်မှာ ဘယ်သူက ပိုအစွမ်းထက်လဲ ကြိုးစားလို့ ဘာအကျိုးရှိမှာလဲ။ ဘာလို့ ခင်ဗျားနဲ့ ကျုပ်က အလောင်းအစားလုပ်ရမှာလဲ ”
တန်ဝူယောက်က ဖြည်းညင်းစွာ ပြောလိုက်ရာ လူများကို ချက်ချင်းစိတ်ပျက်သွားစေ၏။ ယွဲ့တျန်မင်နှင့် ဝူချင်းတို့၏ တိုက်ပွဲက ဖြစ်ပျက်လာတော့မည့်ပုံမပေါ်ချေ။
အဘိုးအိုက ခေါင်းကိုလှည့်လိုက်ပြီး တန်ဝူယောက်ကို မကြည့်တော့ပေ။ ထို့နောက် သူက မထူးခြားသည့်လေသံဖြင့်
“ မြေကြောက ငါ့မျိုးနွယ်စုအနီးမှာ ရှိလို့ အဲ့ဒါကို ငါယူချင်တယ် ” ဟု ပြောလိုက်၏။
သူ့စကားဆုံးသောအခါ ယွဲ့မျိုးနွယ်စု၏ အဖွဲ့ဝင်များသည် မြေကြောကို ယွဲ့မျိုးနွယ်စပိုင်ဆိုင်သည့်အလား ဘယ်သူမှ မကပ်နိုင်အောင် မြေကြော၏ထောင့်များသို့ စတင်ရွေ့လျားသွားသည်။
အဘိုးအိုသည် တည်ငြိမ်ပြီး သူ့အသံက သြဇာအာဏာဖြင့် ပြည့်ဝနေသည်။ ယွဲ့မျိုးနွယ်စုသည် ထူးဆန်းပြီး အပြင်ဘက်သို့ ထွက်ကာ တခြားသူများနှင့် တိုက်ခိုက်သည်မှာ ရှားပါး၏။ သို့ရာတွင် သူတို့တိုက်ခိုက်ပြီဆိုလျှင် နောက်သို့မဆုတ်ကြတော့ပေ။ ဝမ်ရှောက်ကျောင်းတော်က မြေကြောကို အရင်ဆုံးတွေ့ခဲ့လျှင်ပင် သူတို့ဘာလုပ်နိုင်မှာလဲ။ ယွဲ့မျိုးနွယ်စုက သူတို့၏အမြင်ကို ဂရုမစိုက်ချေ။
လင်းဖန်သည် လေအဝှေ့တွင် ဆံပင်ဖြူများ လွင့်မျောနေသော အဘိုးအိုကိုကြည့်ကာ သက်ပြင်းချလိုက်၏။
ဤအရာသည် အစွမ်းသာဖြစ်၏။ အကယ်၍ လင်းဖန်သာ ယွဲ့မျိုးနွယ်စုထက် ပိုမိုအစွမ်းထက်ပြီး မြေကြောကို ရှာတွေ့ခဲ့လျှင် မြေကြောက သူ့အပိုင်မဟုတ်ပါဘူးဟု မည်သူပြောရဲမည်နည်း။ မြေကြောကို သူ့ထံမှ ဘယ်သူလုယူရဲမည်နည်း။
သူက အစွမ်းနိမ့်နေသောကြောင့် လူအားလုံးက သူ့ထံမှ ချီများပြည့်နေသော တွင်းကို လုယူရန် ကြိုးစားနေကြခြင်းဖြစ်သည်။ ဝမ်ရှောက်ကျောင်းတော်က အဖွဲ့ဝင်များသည် သူ့လက်စွပ်ထဲရှိ ပစ္စည်းများကိုပင် တောင်းခံလာခဲ့ပြီး ထွက်သွားရန် ပြောခဲ့သည်။ ထိုသို့မဟုတ်လျှင် သူတို့က သူ့ကိုသတ်ပစ်လိမ့်မည်ဟူ၍။
အရာအားလုံးက အစွမ်းနှင့်သာ သက်ဆိုင်နေ၏။
ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်တိုင်း ဒေါသထွက်သွားပုံရသည်။ ယွဲ့မျိုးနွယ်စု၏အဖွဲ့ဝင်များကား အမှန်တကယ် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်။
“ ယွဲ့ချင်းရှန် ”
တျန်ဝူယောက်က အဘိုးအိုကိုကြည့်ကာ ပြောလိုက်၏။ အဘိုးအို၏နာမည်ကို သိသူကား ရှားပါးလှသည်။
“ ငါပြောခဲ့ပြီးပြီပဲ။ မြေကြောက ငါ့မျိုးနွယ်စုအနီးမှာ ရှိနေလို့ ငါတို့ပိုင်သင့်တယ်။ မင်းက ဒါကို ထပ်ခါထပ်ခါ ပြောနေဦးမှာလား ”
ယွဲ့ချင်းရှန်က တန်ဝူယောက်၏ ခံစားချက်များကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။ သူသည် အင်္ကျီစကို လိပ်လိုက်ပြီး အစွမ်းထက်သော စွမ်းအင်များကို တည်ငြိမ်စွာ ထုတ်ဖော်လိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံးက သုဿာန်တစပြင်အလား တိတ်ဆိတ်သွား၏။ ဘယ်သူမှ စကားမပြောကြတော့ဘဲ တိတ်ဆိတ်နေမှုက ဖိအားများကို ဖြစ်ပေါ်လာစေသည်။
လင်းဖန်ပြုံးလိုက်၏။ ဝမ်ရှောက်ကျောင်းတော်မှ လူများသည် မြေကြောကို လုယူနိုင်လိမ့်မည်ဟု ထင်နေခဲ့သည်။ သို့ရာတွင် သူတို့ထံမှ ယွဲ့မျိုးနွယ်စုက ပြန်လည်လုယူလိုက်၏။ ဤအရာက ဝမ်ရှောက်ကျောင်းတော်အတွက် ကံကြမ္မာရဟတ်တစ်ပတ်လည်သွားခြင်းပင်။
“ အစ်ကိုချင်းရှန်…ဘာတွေများ ဒေါသထွက်နေတာလဲ ”
ထိုစဉ် အတန်ငယ်ဝေးသောနေရာမှ လေထဲသို့ ပျံ့လွင့်၍ အသံတစ်သံထွက်ပေါ်လာ၏။ ချက်ချင်းပင် ကောင်းကင်ယံမှ နောက်ထပ်အုပ်စုတစ်စု ရောက်ရှိလာသည်။ သူတို့သည်လည်း သန့်စင်သောချီများကိုစုစည်းကာ စနစ်တကျ ပျံသန်းလာခြင်းဖြစ်ပြီး အားလုံးက ရွှမ်ချီအဆင့်သို့ ရောက်ရှိနေကြသူများဖြစ်၏။
ယွီမျိုးနွယ်စုရောက်ရှိလာခြင်းဖြစ်သည်။ သူတို့ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်က လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ အင်အားကြီးသုံးအုပ်စု သုံးခု စုံတွေ့နေကြလေပြီ။ ၎င်းအုပ်စုသုံးစုနှင့်ဆိုလျှင် အင်ပါယာမြို့ကို ပြောင်းပြန်လှန်ပစ်၍ရသည်။
လင်းဖန်သည် ထိုလူများကို မြင်သောအခါ သူ့မျက်လုံးများထဲတွင် အေးစက်သည့်အရိပ်အယောင်များ ရိုက်ခတ်သွား၏။ ယွီမျိုးနွယ်စုနှင့် လင်းဖန်မှာ နက်ရှိုင်းသော အမုန်းတရားများ ရှိနေသည်။
သူသည် ယွီတျန်ရှင်းကို သတ်ဖြတ်ခဲ့၏။ ယွီမျိုးနွယ်စု၏ အကြီးအကဲသုံးသည်လည်း သူ့ကြောင့် အသတ်ခံလိုက်ရသည်။ ဤရက်များအတွင်း ယွီမျိုးနွယ်စုက လင်းဖန်ကို အမှန်တကယ် သတ်ဖြတ်ချင်နေခဲ့၏။ ဤတစ်ကြိမ်တွင် ယွီမျိုးနွယ်စုမှရောက်လာသော လူများသည် အလွန်တရာ အစွမ်းထက်သူများဖြစ်သည်။ သူတို့ကို ဦးဆောင်လာသူမှာ ယွီမျိုးနွယ်စု၏ခေါင်းဆောင်ယွီလျန်ရှုန်ဖြစ်သည်။
အရင်တုန်းက လူများသည် ယွီလျန်ရှုန်နှင့် ယွီချင်းရှန်တို့ကို ချင်းရှန်နှင့် လျန်ရှုန်ဟူ၍ ခေါ်လေ့ရှိသည်။ သို့သော် ယခုအချိန်မှာ သူတို့သည် အပြင်မထွက်တော့သဖြင့် သူတို့၏နာမည်ကိုသိသူပင် ရှားပါးနေသည်။
လင်းဖန်သည် ယွီလျန်ရှုန်က သူ့ကို အမှတ်မထင်ကြည့်လိုက်ကာ သတ်ဖြတ်ချင်သည့်အငွေ့အသက်များ ထွက်ပေါ်နေကြောင်း အာရုံခံမိသွား၏။
သို့သော် ယွီလျန်ရှုန်က မထူးခြားသည့်အသွင်ဖြင့် ပြုံးလိုက်သည်။
“ ညီလေးတန်ဝူယောက်….မင်းမှားနေတယ်။ ယွဲ့မျိုးနွယ်စုက မြေကြောအနီးမှာ ရှိလို့ မင်းထက် အရင်တွေ့တောဖြစ်မယ်။ အဲ့ဒီလိုဆိုရင်တော့ မြေကြောတစ်ခုလုံးကို ယွဲ့မျိုးနွယ်စုပိုင်ဆိုင်သင့်တယ် ”
ယွီလျန်ရှုန်က ပြုံး၍ ပြောလိုက်ရာ လူအားလုံးကို အံ့သြမှင်တက်သွားစေ၏။
ယွီလျန်ရှုန်၏စကားကြောင့် တန်ဝူယောက်မှာ ပို၍ပင် ဒေါသထွက်သွားသည်။ ဝမ်ရှောက်ကျောင်းက ယွဲ့မျိုးနွယ်စုထက်အရင် ဤနေရာကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
“ ကျုပ်ကျောင်းတော်က ဒီနေရာကို အရင်ဆုံးရှာတွေ့ခဲ့တာ ”
တန်ဝူရက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။ သူ့ကိုကြည့်ရသည်မှာ ဒေါသထွက်နေပုံရ၏။
“ အမ်….”
ယွီလျန်ရှုန်၏ပုံစံက အလွန်တရာ အံ့အားသင့်သွားပုံရသည်။ ထို့နောက် သူက ပြုံး၍ ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“ ငါမှားသွားတယ် ”
ယွဲ့ချင်းရှန်သည် အေးစက်စွာ ပြုံးလိုက်ပြီး ယွီလျန်ရှုန်နှင့် တန်ဝူယောက်တို့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“ နောက်ဆုံးအကြိမ်အနေနဲ့ နောက်ထပ်ပြောမယ်။ အခုကစပြီး မြေကြောကို ယွဲ့မျိုးနွယ်စု ပိုင်ဆိုင်တယ် ”
ယွီလျန်ရှုန်သည် မြေကြောကို ဂရုမစိုက်သည့်အသွင်ဖြင့်
“ ကျုပ်တို့က နောက်ကျသွားပြီဆိုတော့ မြေကြောကို မလုဘူး။ ချင်းရှန်အကို အဲ့ဒီအတွက် စိတ်မပူပါနဲ့။ ဒါပေမယ့် ဒီနေရာမှာ ကျုပ်သတ်ချင်တဲ့လူတစ်ယောက်ရှိတယ် ”
ယွီလျန်ရှုန်၏မျက်နှာက မည်းမှောင်နေသည်။ သူသည် နောက်ကျမှရောက်သည့်အတွက် မြေကြောကို မပိုင်နိုင်ချေ။ သို့သော် သွယ်ဝိုက်သောအားဖြင့် တန်ဝူယောက်ကို မြေကြောအားပိုင်ဆိုင်အောင် ကြိုးစားရန် အခွင့်အရေးရှိကြောင်း အကြံပြုစကားဆိုလိုက်သည်။
“ ဘယ်သူ့ကို မင်းသတ်ချင်တာလဲ ”
ယွီချင်းရှန်က မေးလိုက်ရာ
“ ဒီကောင် ” ယွီလျန်ရှုန်က လင်းဖန်ကိုညွှန်ပြကာ ပြောလိုက်သည်။ သူ့မျက်လုံးများထဲတွင် သတ်ဖြတ်ချင်သည့်အငွေ့အသက်များဖြင့် ပြည့်နေ၏။
“ ဒီကောင်က ကျုပ်ရဲ့ငါးယောက်မြောက်သားနဲ့ ကျုပ်အစ်ကိုကို သတ်ခဲ့တယ်။ သူ့ကို ကျုပ်သတ်ရလိမ့်မယ် ”
ယွီလျန်ရှုန်က ယွဲ့ချင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်။
ယွဲ့ချင်းရှန် မျက်မှောင်ကြုတ်သွား၏။ ယွီလျန်ရှုန်က လင်းဖန်အကြောင်းနှင့်ပတ်သက်ပြီး အနည်းငယ်သိထားပုံရသည်။ သို့သော် ယွီမျိုးနွယ်စုက အင်အားကြီးမားသော အုပ်စုဖြစ်ရာ သံသယဖြစ်သည်များကို ရှာဖွေရာတွင် ခက်ခဲလိမ့်မည် မဟုတ်ချေ။
“ အဲ့ဒါ လင်းဖန်လား ”
ယွီလျန်ရှုန်၏ စကားကို ကြားသောအခါ တန်ဝူယောက်က ပြောလိုက်သည်။ သူအံ့သြနေ၏။ ဤရက်များအတွင်းမှာ အင်ပါယာမြို့ရှိလူအများစုက လင်းဖန်၏အကြောင်းကို ပြောနေကြသည်။
“ ဟုတ်တယ် ”
ယွီလျန်ရှုန်က ခေါင်းကိုအနည်ငယ်ညိတ်ပြလိုက်ရာ တန်ဝူယောက်၏မျက်နှာတွင် အေးစက်သော အရိပ်အယောင်များ ထွက်ပေါ်လာ၏။
“ တိုက်ဆိုင်လိုက်တာ။ ကျုပ်အဖွဲ့ဝင်တွေကိုလည်း ဒီကောင်သတ်ခဲ့တယ်။ ဒီကောင့်ကို ကျုပ်လည်း သတ်ချင်တယ် ”
မြေခွေးအိုကြီးနှစ်ယောက်ကား လင်းဖန်ကို သတ်ချင်နေကြပေသည်။

PMG အတွဲ ( ၂ )Onde histórias criam vida. Descubra agora