Zawgyi
မှော်ဝိညာဉ်
လင်းဖန် ဘယ်လိုလုပ်လိုက်တာလဲ။
ဖြစ်ပျက်သွားသမျှကို ဘယ်သူမှ မသိကြပေ။ အဖျက်အဆီးချီတချို့ကိုသာ သူတို့အာရုံခံမိ၏။ ခရမ်းရောင်ရေကန်ပျောက်ကွယ်သွားသောအခါ ကြံ့ဝိညာဉ်နှင့်ပေါင်းစပ်ထားသော ဒူရန်သည်လည်း ပျောက်ကွယ်သွားသည်။
လူအားလုံးက တိတ်ဆိတ်ငြိမ်သက်နေကြရာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် တိတ်ဆိတ်မှုက ကြီးစိုးလာ၏။ ဝမ်ရှောက်ကျောင်းတော်၏အဖွဲ့ဝင်များသည် လင်းဖန်ကို သတ်ဖြတ်ချင်သည့်စိတ်နှင့် စူးစိုက်ကြည့်နေကြသည်။ သူတို့၏မျက်လုံးများက ဒေါသကြောင့် လင်းလက်နေသည်။
“ သူ့ကို ကျွန်တော်သတ်မယ် ”
ထိုစဉ် ဝူချင်းက ပြောလိုက်ပြီး ရှေ့သို့တစ်လှမ်းတိုးလိုက်၏။ လင်းဖန်ကို သူသတ်ချင်နေပေသည်။
“ ခဏ...ခဏစောင့်ဦး ”
တန်ဝူယောက်က တင်းမာသော လေသံဖြင့် ပြောလိုက်ရာ ဝူချင်းသည် ရပ်တန့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်၏။
“ သူ့ကို မင်းသွားသတ်ဖို့ မလိုဘူး ”
တန်ဝူယောက်က ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ ဝူချင်းကို လင်းဖန်အား မသတ်ရန် သူဟန့်တားလိုက်ခြင်းသည် လူအားလုံးက ဝမ်ရှောက်မင်ကျောင်းမှာ ဝူချင်းအမြင်တခြားထူးချွန်သော ကျင့်ကြံသူမရှိတော့ဘူးဟူ၍ ထင်မြင်သွားနိုင်သောကြောင့် ဖြစ်သည်။ လူအားလုံးက ဝမ်ရှောက်မင်ကျောင်းတော်၌ လင်းဖန်ကို သတ်နိုင်သောလူမှာ ဝူချင်းတစ်ယောက်သာရှိကြောင်း ယုံကြည်သွားလိမ့်မည်။
တန်ဝူယောက်သည် ခေါင်းကိုလှည့်လိုက်ပြီး လူငယ်တစ်ယောက်ကို ကြည့်လိုက်၏။ ထိုလူငယ်သည် တန်ဝူယောက်ငယ်ငယ်ကပုံစံနှင့် ဆင်တူသည်။ ထိုသို့ဆင်နေရခြင်းမှာ ထိုလူငယ်က သူ၏သား ဝူကျိန်းဖြစ်သောကြောင့်ပင်။
တန်ဝူကျိန်းသည် အဆင့်မြင့်အရာရှိရှစ်ယောက်ထဲမှ တစ်ယောက်မဟုတ်သော်လည်း ကျောင်းတော်ရှိ လူများက တစ်နေ့တွင် အဆင့်မြင့်အရာရှိဖြစ်လာလိမ့်မည်ဟု ယုံကြည်နေကြ၏။ သူ့မှာ ထူးခြားသောအစွမ်းများရှိကြောင်း ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။
လူများကို ပို၍ပင် အံ့အားသင့်စေသောအရာမှာ ဝူကျိန်းသည် သူ့အဖေထံမှ အစွမ်းထက်သော စိတ်ဝိညာဉ်ကို အမွေဆက်ခံရရှိနိုင်ခဲ့ခြင်းဖြစ်၏။
“ ဝူကျိန်း…သူ့ကို သွားသတ်လိုက် ”
တန်ဝူယောက် မထူးခြားသည့်လေသံဖြင့် ပြောလိုက်ရာ လူအားလုံး အံ့သြမှင်တက်သွားသည်။ တန်ဝူကျိန်းနှင့်သာ တိုက်ခိုက်ရလျှင် လင်းဖန်ကံမကောင်းနိုင်တော့ပေ။
“ ဟုတ် ”
ဝူကျိန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ သူသည် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ကာ လင်းဖန်ကို ကြည့်လိုက်၏။
“ သားရဲမျက်လုံး ”
လင်းဖန်သည် ဝူကျိန်း၏မျက်လုံးများကို ကြည့်လိုက်သည်။ ၎င်းတို့က အလွန်တရာ သားရဲဆန်လှ၏။
“ ဝမ်ရှောင်မင်ကျောင်းသားတွေက တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်နေပါလား။ အလှည့်ကျတိုက်ခိုက်မယ်လို့များ စီစဉ်နေတာလား ”
ယွဲ့ချင်းရှန်က သရော်လှောင်ပြောင်သည့်အသံဖြင့် ပြက်ရယ်ပြုလိုက်သည်။
“ ဝူကျိန်းရဲ့အစွမ်းက ဒူရန်နဲ့တူတယ်။ သူလည်း ရွှမ်ချီအဆင့်သုံးကို ရောက်နေတဲ့သူပဲ။ လင်းဖန်က ဒူရန်ကို သတ်နိုင်တယ်။ အဲ့ဒါကြောင့် ဝူကျိန်းကို လင်းဖန်ကို သတ်ဖို့လွှတ်လိုက်တာ။ အဲ့ဒီအတွက် ပြဿနာများရှိနေလို့လား ”
တန်ဝူယောက်က အေးစက်စက်လေသံဖြင့် ပြောကြားလိုက်၏။
ယွဲ့ချင်းရှန်သည် အေးစက်စွာဖြင့် မကျေနပ်သံပြုလိုက်ရင်း ပြန်လည်ပြောဆိုရန် ပြင်လိုက်သည်။ ထိုစဉ် တိတ်ဆိတ်ငြိမ်သက်နေသော လင်းဖန်ထံမှ စကားသံထွက်ပေါ်လာ၏။
“ သူက ကျုပ်ကို သတ်ချင်ရင် သူ့မှာအစွမ်းရှိလား ကြည့်ကြတာပေါ့ ”
“ အမ် ”
လင်းဖန်၏စကားကို ကြားသောအခါ လူအုပ်ကြီးမှာ အံ့သြမှင်တက်သွားသည်။ လင်းဖန်သည် ဒူရန်ကို သတ်ခဲ့သည့်အပြင် ဝူကျိန်းနှင့်ဆက်တိုက်ခိုက်ချင်နေသေး၏။ ဝူကျိန်းနှင့် ဒူရန်သည် ကျင့်ကြံခြင်းအဆင့် တူညီသော်လည်း ဝူကျိန်းက ဒူရန်ထက် များစွာ အစွမ်းထက်သည်။ ထိုသို့မဟုတ်လျှင် တန်ဝူယောက်က ဝူကျိန်းကို လင်းဖန်အားတိုက်ခိုက်ရန် ပြောလိမ့်မည် မဟုတ်ချေ။
ယွဲ့ချင်းရှန်သည် လင်းဖန်ကို တိတ်ဆိတ်စွာ ကြည့်လိုက်၏။ လင်းဖန်၏စရိုက်က သူ၏အဘိုးနှင့် တူနေသည်။
ဝူကျိန်းသည် ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ သူ့မျက်လုံးများမှ သားရဲကောင်၏အလင်းများ ဖြာထွက်နေပြီး လူတစ်ယောက်၏ သက်စောင့်ဝိညာဉ်ကို တုန်ခါသွားစေနိုင်သည်။ လင်းဖန်၏သက်စောင့်ဝိညာဉ်ကို စုပ်ယူတော့မည့်အလား ခံစားသွားရစေသည်။
“ ဒီကောင့်မျက်လုံးတွေက အရမ်းသားရဲဆန်တယ် ”
လင်းဖန်မျက်မှောင်ကြုတ်သွား၏။ ဝူကျိန်း၏မျက်လုံးများသည် တောရိုင်ေးကာင်တစ်ကောင်၏မျက်လုံးများပမာ သူထင်နေပြီး အန္တရာယ်၏အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူသတိထားရလိမ့်မည်။
“ မင်းက အတော်လေးအစွမ်းထက်တယ်။ ဒူရန်ကို မင်းသတ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဝမ်ရှောက်ကျောင်းတော်ကို အပြစ်လုပ်ခဲ့တဲ့အတွက် မင်းအစွမ်းထက်တယ်ဆိုရင်တောင် သေရလိမ့်မယ် ”
ဝူကျိန်းက တည်ငြိမ်စွာ ပြောကြားလိုက်၏။ သူ၏အနက်ရောင်ဝတ်ရုံစက လေတွင် တဖျပ်ဖျပ်လွင့်နေသည်။ ရုတ်တရက် သူ့နောက်မှ လေပွေတစ်ခု ဖြစ်ပေါ်လာသည်။ သူ့ပုံစံက ပျော့ပြောင်းပြီး တခြားလူများထက် များစွာအစွမ်းနိမ့်သည့်ပုံပေါ်နေ၏။
“ လာလေ ”
လင်းဖန်က အပိုစကားမဆိုဘဲ တိုက်ခိုက်ရန် ပြောဆိုလိုက်သည်။
ဝူကျိန်း၏ပျော့နွဲ့သော ခန္ဓာကိုယ်က တစ်ချက်တုန်ခါသွားပြီး လေတွင် လွင့်မျောကာ လင်းဖန်၏ရှေ့သို့ရောက်သွားသည်။ ထို့နောက် လင်းဖန်ကို စူးစိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။
“ ငါ့ကိုကြည့် ”
လင်းဖန်သည် ဝူကျိန်းကို ကြည့်လိုက်ပြီး စတင်တုန်ခါသွားသည်။ သူ၏သက်စောင့်ဝိညာဉ်က သူ၏ခန္ဓာကိုယ်မှ လွင့်ထွက်သွားပြီး ဝူကျိန်းဆီသို့ သွားနေသည့်အလား ဖြစ်သွားသည်။
လင်းဖန်သည် ပြင်းထန်သောအစွမ်းတစ်ခု သူ့ထံသို့ ပြေးဝင်လာတာကို ခံစားလိုက်ရပြီး သူ့မျက်နှာ ဆိုးရွားစွာပျက်သွား၏။
ပုံရိပ်ယောင်တစ်ခုပမာ အလွန်လျင်မြန်စွာ လင်းဖန်နောက်ဆုတ်လိုက်သည်။ လေပြင်းတစ်ခုက သူ့မျက်နှာကို တိုးဝှေ့တိုက်ခတ်သွားပြီး အေးစက်စက်ဖြင့် မကောင်းသောအငွေ့အသက်တစ်ခုက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်သွားရာ သူ့ကို တုန်လှုပ်သွားစေသည်။
သူသည် မီတာတစ်ရာအကွာသို့တိုင် နောက်ဆုတ်လိုက်ပြီး ဝူကျိန်းကို ကြည့်လိုက်၏။ ဝူကျိန်း၏ပုံစံက ရက်စက်ကြမ်းကြုတ်သည့်အသွင်ရှိပြီး သူ့မျက်လုံးများက အန္တရာယ်တစ်ခုဆိုတာထက်ပင် ပိုမိုနေသည်။ သူက ဒူရန်ထက်များစွာ ဒုက္ခပေးနိုင်၏။
“ တန်ဝူယောက်…မင်းသားက တခြားကျောင်းသားတွေထက် အများကြီးအစွမ်းထက်တယ်။ သူ့ရဲ့မှော်ဝိညာဉ်က တခြားကျင့်ကြံသူတွေရဲ့ သက်စောင့်ဝိညာဉ်ကို လွှမ်းမိုးနိုင်စွမ်းရှိတယ်။ တောရိုင်းကောင်တွေကို ထိန်းချုပ်ရာမှာ သုံးနိုင်တယ်။ ဒီကောင်လေးကို သတ်ဖို့ ဝူကျိန်းကို လွှတ်လိုက်တယ်ဆိုတော့ သူ့အစွမ်းကို မင်းက ယုံကြည်နေလို့ပဲ ”
ယွဲ့ချင်းရှန်က တန်ဝူယောက်ကို မြှောက်ပင့်ပေးသည့်လေသံဖြင့် ပြောလိုက်သော်လည်း အမှန်တကယ်တော့ လင်းဖန်ကို ဝူကျိန်း၏စိတ်ဝိညာဉ်အကြောင်း သတိပေးနေခြင်းဖြစ်သည်။
မှော်ဝိညာဉ်သည် ဝမ်ရှောက်ကျောင်းတော်၏ တောရိုင်းကောင်ဝိညာဉ်ဖြစ်ပြီး ပြိုင်ဘက်၏သက်စောင့်ဝိညာဉ်ကို ထိန်းချုပ်ကာ စုပ်ယူနိုင်စွမ်းပင်ရှိသည်။ ပြိုင်ဘက်က သူ၏သက်စောင့်ဝိညာဉ်ကို ထိန်းချုပ်ရန် ကြိုးစားနေစဉ်မျာ ဝူကျိန်းက အလွယ်တကူသတ်ဖြတ်လိမ့်မည်ဖြစ်သည်။
စောစောက လင်းဖန်သည် ဝူကျိန်း၏တိုက်ခိုက်မှုမှ လွတ်မြောက်အောင် ရုန်းကန်ခဲ့ရ၏။ ကံကောင်းထောက်မစွာပင် လင်းဖန်၏ သက်စောင့်ဝိညာဉ်က များစွာအစွမ်းထက်နေခဲ့သည်။ ထိုသို့မဟုတ်လျှင် သူသေပြီဖြစ်သည်။
“ ဟမ့် ”
တန်ဝူယောက်က ယွဲ့ချင်းရှန်ကို အေးစက်စက်တစ်ချက်ကြည့်လိုက်သည်။ ယွဲ့ချင်းရှန်က ထိုစကားလုံးများကို လင်းဖန်ကြားစေရန် တမင်ပြောဆိုနေခြင်းဖြစ်ကြောင်း သူကောင်းစွာ နားလည်၏။
လင်းဖန်သည် ယွဲ့ချင်းရှန်ကို ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ဤအဘိုးအိုက မည်သည့်အတွက်ကြောင့် သူ့ကို ဆက်တိုက်ကူညီနေရလဲဆိုတာ နားမလည်နိုင်အောင် ဖြစ်နေ၏။
လင်းဖန်သည် ယွဲ့ချင်းရှန်က သူ့ကိုကြည့်နေတာမြင်သောအခါ နွေးထွေးစွာ ပြုံးပြလိုက်ပြီး ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထိုလှုပ်ရှားမှက ယွဲ့ချင်းရှန်၏နှလုံးခုန်နှုန်းကို မြန်ဆန်သွားစေပြီး သူ့မျက်လုံးများကို အရောင်များ လက်သွားစေ၏။
သွေးက ရေထက်ပျစ်သည်။ လင်းဖန်ဆိုတာက သူအချစ်ဆုံးသမီး၏သား။ သူ့နှလုံးသားထဲမှာ အမုန်းတရားများ မည်မျှရှိနေပါစေ..လင်းဖန်ကို သူအပြစ်မတင်နိုင်ပေ။ ဤအတွက်ကြောင့် လင်းဖန်ကို သူသတိပေးလိုက်ခြင်းဖြစ်၏။
သူ၏အချစ်ဆုံးသမီးကို သူ့ထံမှ ယူဆောင်သွားသောကြောင့် လင်းဖန်၏အဖေလင်းဟိုင်ကို သူမုန်းသည်။ သို့သော်လည်း လင်းဖန်က သူ၏မြေးဖြစ်နေဆဲပင်။
လင်းဖန်သည် ထိုအကြောင်းများကို မသိဘဲ ရိုးရှင်းစွာ ပြုံးပြလိုက်ခြင်းက အဘိုးအို၏စိတ်နှလုံးကို တုန်ခါသွားစေပြီး အတွေးတွေထဲ လွင့်မျောသွားစေ၏။
ထိုအကြောင်းကို လင်းဖန်တစ်ယောက်တည်းသာ မသိသည်မဟုတ်ပေ။ ယွီမျိုးနွယ်စုမှအဖွဲ့ဝင်အချို့နှင့် ယွဲ့မျိုးနွယ်စုမှ အဖွဲ့ဝင်နှစ်ယောက်လွဲ၍ ယွဲ့မျိုးနွယ်စုခေါင်းဆောင်က အဘယ်ကြောင့် လင်းဖန်ကို ကူညီနေရလဲဆိုတာ ဘယ်သူမှ မသိကြပေ။
ဝူကျိန်းသည် ယွဲ့ချင်းရှန်ကို ကြည့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်၏။ လင်းဖန်ကို သတိပေးခြင်းက အသုံးမဝင်ပေ။ သူ့မှာ လင်းဖန်ကိုသတ်နိုင်သောအစွမ်းရှိနေဆဲပင်။
“ လင်းဖန်…ငါ့ကိုကြည့် ”
ဝူကျိန်းက ယုံကြည်မှုရှိစွာ ပြောလိုက်၏။ သို့ရာတွင် လင်းဖန်က သူ့ကို အာရုံမစိုက်ဘဲ မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏နားလည်နိုင်စွမ်းနှင့် အမြင်အာရုံများက များစွာရှင်းလင်းပြတ်သားလာ၏။ သူ့ပတ်ဝန်းကျင်မှာ ရှိနေသော အရာအားလုံးက သူ့စိတ်ထဲတွင် ရှင်းလင်းပြတ်သားစွာ ပေါ်ပေါက်လာသည်။ သူသည် ကမ္ဘာမြေနှင့် ပေါင်းစပ်လိုက်ခြင်းဖြစ်၏။
“ အမ် ”
ဝူကျိန်းသည် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူကပြုံး၍ ပြောလိုက်သည်။
“ အဲ့ဒီလိုလုပ်တာက မင်းကိုအကူအညီပေးမယ်လို့ ထင်နေတာလား ”
စကားဆုံးသည်နှင့် ဝူကျိန်းသည် လင်းဖန်ဆီသို့ ဖြည်းညင်းစွာ လျှောက်လာ၏။ အလွန်ထူးဆန်းသော စွမ်းအင်တစ်ခုက လင်းဖန်ဆီသို့ ပြေးသွားရာ လင်းဖန်ကို တုန်ခါသွားစေသည်။ လင်းဖန်သည် ကမ္ဘာမြေနှင့်ပေါင်းစပ်ခြင်းအဆင့်ကို အသုံးပြုထားသည့်တိုင် မှော်ဝိညာဉ်၏သက်ရောက်မှုကို ခံနေရဆဲပင်။
“ ငါ့ကိုသတ်ချင်ရင် လာခဲ့လေ ”
လင်းဖန်က အေးစက်စက်လေသံဖြင့် ပြောကြားလိုက်၏။ သူ့ခန္ဓာကိုယ်သည် ကောင်းကင်ယံသို့ မြားတစ်စင်းပမာ ပျံတက်သွားပြီး လေခွင်းသံများ ထွက်ပေါ်လာသည်။
ထိုလှုပ်ရှားမှုက လူအားလုံးကို အံ့အားသင့်သွားစေ၏။ လင်းဖန်က ထွက်ပြေးချင်နေတာလား။
“ သူ့နောက်ကို လိုက် ”
ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်အချို့က လင်းဖန်၏နောက်သို့ လိုက်ရန် ပြင်လိုက်သည်။ သို့သော် တန်ဝူယောက်က ပေါ့ပါးသောလေသံဖြင့်
“ မစိုးရိမ်နဲ့။ ဒီနေရာမှာပဲ နေကြ ”ဟု ပြောလိုက်လေ၏။
“ ခေါင်းဆောင် ”
လူတချို့က အံ့အားသင့်စွာ ပြောလိုက်သည်။ သူတို့နားမလည်တော့ပေ။ လင်းဖန်သည် လွတ်မြောက်ချင်နေသော်လည်း သူက ဂရုမစိုက်ချေ။
“ သူမလွတ်မြောက်နိုင်ဘူး။ သူ့ခေါင်းကို ဝူကျိန်းပြန်သယ်လာလိမ့်မယ် ”
တန်ဝူယောက်က အလွန်တရာ ယုံကြည်မှုရှိသည့်လေသံဖြင့် ပြောကြားလိုက်၏။ ဝူကျိန်း၏ခန္ဓာကိုယ်သည်လည်း လှစ်ခနဲလှုပ်ရှားသွားပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကာ လင်းဖန်၏နောက်သို့ လိုက်သွားလေသည်။
ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်များသည် တန်ဝူယောက်ပြောတာကို ကြားသောအခါ ခေါင်းညိတ်လိုက်ကြသည်။ ဟုတ်သည် ဝူကျိန်းသည် လင်းဖန်ကို သေချာပေါက်သတ်လိမ့်မည်။ မကြာမီ လင်းဖန်၏ခေါင်းကို ပြန်သယ်လာလိမ့်မည်။
“ ခေါင်းဆောင်က ဒီလိုပြောမှတော့ ကျုပ်တို့ယွီမျိုးနွယ်စုကလည်း ဝူကျိန်းက လင်းဖန်ရဲ့ခေါင်း ပြန်သယ်လာမှာကို ဒီနေရာကနေပဲ စောင့်နေတော့မယ် ”
ယွီလျန်ရှုန်က မထူးခြားသည့်အသွင်ဖြင့် ပြုံး၍ ပြောလိုက်သည်။
ယွဲ့ချင်းရှန်၏ဘေးမှာရှိသော သက်လတ်ပိုင်းအရွယ်လူသည် ယွဲ့ချင်းရှန်ကို ကြည့်လိုက်ရာ အဘိုးအိုသည် အတွေးတွေထဲမှာ မျောနေတာကို မြင်လိုက်ရ၏။
တခဏမျှကြာပြီးနောက် ယွဲ့ချင်းရှန်သည် လင်းဖန်ထွက်သွားရာကို ကြည့်လိုက်ပြီး တည်ငြိမ်သွားသည်။ ယွဲ့ချင်းရှန် မလှုပ်ရှားချေ။ လင်းဖန်အနေဖြင့် အသက်ရှင်ရန်အတွက် သူ့ကိုယ်သူ အားကိုးရလိမ့်မည်။
အင်အားကြီးမားသော အုပ်စုသုံးစုက လှုပ်ရှားခြင်းမရှိဘဲ သူ့နောက်သို့ လိုက်မည့်သူ မရှိချေ။ သူတို့သည် လင်းဖန်၏ခေါင်းအား ဝူကျိန်းက ပြန်သယ်လာမှာကို စောင့်နေကြ၏။
ထိုအချိန်တွင် လင်းဖန်သည် ကီလိုမီတာရာပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် အဆက်မပြတ် လှုပ်ရှားနေပြီး ပြေးလွှားနေ၏။
ဝူကျိန်းသည်လည်း သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာနေသည်။ သူသည် နှေးကွေးခြင်းမရှိဘဲ အေးဆေးသက်သာစွာ ပျံသန်းလိုက်ပါလာခြင်းဖြစ်သည်။
လင်းဖန်သည် တောရိုင်းကောင်များရှိသော တောအုပ်ထဲသို့ ဝင်ရောက်လိုက်၏။ ဤနေရာမှာ တိုက်ခိုက်ရန် သူကြိုးစားနေတာလား။ သို့မဟုတ် ဤနေရာမှာ သူသေချင်နေတာလား။
ဝူကျိန်းမှာ မှော်ဝိညာဉ်ရှိရာ မည်သည့်တောရိုင်းကောင်ကိုမဆို အစွမ်းထက်လွန်းမနေလျှင် ထိန်းချုပ်နိုင်၏။
အချိန်တစ်ခုကြာပြီး နောက်ဆုံးတွင် လင်းဖန်ရပ်တန့်လိုက်၏။
လင်းဖန်၏ခန္ဓာကိုယ်သည် လှစ်ခနဲလှုပ်ရှားသွားပြီး သစ်ပင်တစ်ပင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူက တရွေ့ရွေ့နီးကပ်လာသော ဝူကျိန်းကို အေးစက်စွာ ကြည့်လိုက်၏။ လင်းဖန်၏ပုံစံက အေးဆေးပြီးတည်ငြိမ်နေသည့်တိုင် သတ်ဖြတ်ချင်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူ့ပုံစံက မည်သို့ပင်ဖြစ်နေပါစေ…ကြောက်ရွံ့စိတ်စိုးစဉ်းမျှ ထွက်ပေါ်လာခြင်း မရှိချေ။
ဝူကျိန်းသည် လင်းဖန်နှင့်မျက်နှာချင်းဆိုင်မှာရှိသော သစ်ပင်ထက်ကို ဆင်းသက်လိုက်၏။ သူသည် တည်ငြိမ်နေသော လင်းဖန်ကို ကြည့်ကာ အံ့အားသင့်သွားသည်။ ထို့နောက် သူသည် ချက်ချင်းပင် ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။
“ သေရမှာကို မင်းတကယ်မကြောက်ဖူးလား ”
