လင်းဖန်ကို သတ်ကြ…
“ ကျုပ်လင်းဖန် သေချင်တယ် ”
သူ၏ဒေါသတကြီးအော်ဟစ်သံက လူတွေ၏နားစည်ထဲသို့ ဆူနာမီလှိုင်းလုံးများသဖွယ် တိုးဝင်ရိုက်ခတ်သွားလေရာ အသံများ ပဲ့တင်ထပ်နေသည့်ပမာ ဖြစ်နေသည်။ “ ကျုပ်သေချင်တယ် ” ဆိုသော စကားလုံးများသည်ကား လွန်စွာဝင့်ကြွားနေသည့်အသွင် ဖြစ်နေ၏။ မျိုးနွယ်စုမှထုတ်ပယ်ခံခဲ့ရသော သူသည် ယခုအခါ အားလုံးကို အပေါ်စီးမှပြုမူဆက်ဆံနေတော့သည်။
အရင်တချိန်က အသုံးမကျသောကောင်ဟု ခေါ်ခဲ့သောလူသည် ယခုအချိန်မှာ မျိုးနွယ်စုထဲမှာ ထင်သလို ပြုမူနေပြီး သူတို့အား ဖုတ်လေသည့်ငါးပိရှိသည်ဟူ၍ပင် မထင်မှတ်ထားဘဲ သရော်လှောင်ပြောင်နေ၏။
“ လင်းဖန်ဆိုတဲ့ကျုပ်က မျိုးနွယ်စုကနေ ထုတ်ပယ်ခံခဲ့ရတဲ့ကောင်လေ ”
လင်းဖန်က ဆက်လက်ထေ့ငေါ့နေလေ၏။ အရင်တုန်းက ရန်ကျုံးမြို့ယှဉ်ပြိုင်ပွဲမှာ ထိုကဲ့သို့ မိုက်ရူးရဲဆန်သော စကားလုံးများကို လင်းဖန်ပြောခဲ့သော်လည်း ပြောသည့်အတိုင်း သူလုပ်ဆောင်ပြနိုင်ခဲ့သည်။ ယခုအခါ သူသည် ပိုမိုအစွမ်းထက်လာခဲ့ပြီး လင်းချန်က လင်းချီစုဆောင်းမှုအဆင့်လေးသို့ ရောက်ရှိနေသည်ဆိုလျှင်သော်မှ သူ့ကိုမယှဉ်ပြိုင်နိုင်တော့ချေ။ ထို့ပြင် လင်းဖန်က လင်းချီစုဆောင်းမှုအဆင့်ငါးသို့ ရောက်နေသော အကြီးအကဲကိုးကို တချက်တည်းဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ရာ ဤကဲ့သို့မွန်းစတားကို လင်းချန်က မည်သို့ယှဉ်ပြိုင်နိုင်ပါမည်နည်း။
လင်းဖန်သည် လင်းမျိုးနွယ်စု၏အထူးချွန်ဆုံးသူတစ်ယောက်ဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့ ပါရမီရှင်ကိုမှ လင်းမျိုးနွယ်စုက ထုတ်ပယ်ခဲ့၏။
“ ဘာလို့တစ်ယောက်မှ စကားမပြောကြတော့တာလဲ ”
လင်းဖန်က ပြောလိုက်လေသည်။ လူအုပ်ကြီးက သူ့ကိုငေးစိုက်၍သာ ကြည့်နေပြီး လုံးဝတိတ်ဆိတ်ငြိမ်သက်နေ၏။ လင်းဖန်သည် မထိန်းချုပ်နိုင်ဘဲ သူတို့ကို ဆက်လက်လှောင်ပြောင်လိုက်ပြန်၏။
“ ကျုပ်မရောက်ခင်တုန်းက လင်းချန်နဲ့ လင်းဖသောက်ကို ခင်ဗျားတို့အားလုံး မြှောက်ပင့်ပြောဆိုနေခဲ့ကြတာမလား။ သူအသိအမှတ်ပြုတာကို ရဖို့အတွက် ခင်ဗျားတို့အားလုံး ကျုပ်နဲ့ကျုပ်အဖေကို ရှုတ်ချခဲ့ကြတယ်မလား။ အခု ကျုပ်က ခင်ဗျားတို့ရှေ့မှာ ရပ်နေပြီလေ။ ဒါပေမယ့် ဒီမှာရှိနေတဲ့လူတိုင်းက ချက်ချင်းကြီး ဆွံ့အနားမကြားတဲ့လူတွေလို ဖြစ်သွားပါလား ”
“ တကယ်လို့ ကျုပ်သာအသုံးမကျတဲ့လူတစ်ယောက် ဖြစ်နေခဲ့ရင် ခင်ဗျားတို့က အရှက်မရှိတဲ့လူတွေပဲ။ နိမ့်ကျတဲ့ဘဝနဲ့ သနားစရာကောင်းတဲ့ ကျင့်ကြံသူတွေပဲ ”
လင်းဖန်၏အသံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ထိုးဖောက်လျက် ထွက်ပေါ်လာသည်။ လူအားလုံး၏မျက်နှာများမှာ ဒေါသကြောင့် အနီရောင်ပြောင်းလာ၏။ လင်းဖန်ကိုကြည့်နေသော သူတို့၏အကြည့်များတွင် သတ်ဖြတ်ချင်စိတ်များ ပါဝင်နေသည်။
“ မင်းရဲ့အဖေနဲ့မင်းက အတူတူပဲ။ သစ္စာဖောက်တွေ..မျိးနွယ်စုရဲ့အကြီးအကဲကို မလေးစားဘူး။ မင်းတို့နှစ်ယောက်လုံးက တိရစ္ဆာန်နဲ့ ထူးမခြားနားပဲ ”
ထိုစဉ် ဒေါသတကြီးအော်ပြောလိုက်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံကား လင်းဖန်၏ဦးလေးသုံးဖြစ်သူ လင်းဟောက်ရန်ထံမှ ဖြစ်ပေသည်။ လင်းဖန်ကို သူမြင်သောအခါ လင်းဖန်၏စိတ်စွမ်းအားချိုးဖျက်ခြင်း ခံလိုက်ရသော သူ့သားကို သတိရသွားပြီး မနာလိုစိတ်များ သူ့ရင်ထဲမှာ ပြည့်နှက်လာခဲ့၏။ ထိုမနာလိုစိတ်များက တဖြည်းဖြည်းနှင့် အမုန်းတရားများအဖြစ်သို့ ပြောင်းလဲသွားသည်။
လင်းဖန် အံ့သြမှင်တက်သွား၏။ သူ့မျက်လုံးများက စူးရှတောက်ပခြင်းအပြည့်ဖြင့် လင်းဟောက်ရန်အား စိုက်ကြည့်နေသည်။ သစ္စာဖောက်..သူနှင့်သူ့အဖေက တိရစ္ဆာန်တွေ….
“ အံ့သြဖို့ကောင်းလိုက်တာ…ဒီလောက်ထိအရှက်မရှိတာ ဖြစ်နိုင်ပါတယ်လေ ”
လင်းဖန်က အေးစက်စွာပြောဆိုလိုက်ပြီး ဆက်လက်၍ ပြောလိုက်၏။
“ အရင်တုန်းက ခင်ဗျားအပေါ် ကျုပ်အဖေနဲ့ကျုပ်က ဘယ်တော့မှ အပြစ်မလုပ်ခဲ့ဘူး။ ဒါပေမယ့် ခင်ဗျားက ကျုပ်အဖေရဲ့ မျိုးနွယ်စုခေါင်းဆောင်ဆိုတဲ့နေရာကို မက်မောနေတဲ့အတွက်ကြောင့် ကျုပ်ကိုအရှက်ခွဲ၊ ကျုပ်အဖေကို ခြိမ်းခြောက်ခဲ့တယ်။ မျိုးနွယ်စုခေါင်းဆောင်နေရာကို ရဖို့အတွက် အရှက်မရှိတဲ့နည်းလမ်းပေါင်းစုံကို ခင်ဗျားအသုံးပြုခဲ့တယ်။ သူက ခင်ဗျားအကိုဖြစ်နေပါလားဆိုတဲ့အချက်ကို ခင်ဗျားတွေးမိဖူးလား ”
“ ဒါ့အပြင် ခင်ဗျားရဲ့ရည်ရွယ်ချက်အတိုင်းဖြစ်အောင် ဖန်တီးခဲ့တယ်။ အဲ့ဒီအတွက်ကြောင့် မျိုးနွယ်စုစောင့် အကြီးအကဲ ဝင်ပါလာတော့ ကျုပ်အဖေဒဏ်ရာရခဲ့တယ်။ အဲ့ဒီနောက် ကျုပ်တို့ကို မျိုးနွယ်စုကနေ ခင်ဗျားထုတ်ပစ်ခဲ့တယ်။ ဒါ့အပြင် ရန်ကျုံးမြို့ယှဉ်ပြိုင်ပွဲမှာ ထူးချွန်တဲ့အရည်အချင်းတွေကို ကျုပ်က ထုတ်ဖော်ပြသခဲ့ပေမယ့် ခင်ဗျားကြောက်ရွံ့ပြီး ကျုပ်ကို သတ်ဖို့ကြိုးစားခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ကျုပ်တို့သွေးသားတော်စပ်တာကို ခင်ဗျားစဉ်းစားခဲ့လား ”
“ အခု..ခင်ဗျားက ကျုပ်ကို သစ္စာဖောက်လို့ ခေါ်နေတယ်။ ဘာကြောင့်များပါလိမ့်၊ မျိုးနွယ်စုခေါင်းဆောင်နေရာအတွက် ကိုယ့်အကိုကို တိုက်ခိုက်ခဲ့တဲ့လူက တခြားလူတွေကို သစ္စာဖောက်လို့ ခေါ်ရဲတယ်ပေါ့။ ကျုပ်အဖေရဲ့နေရာမှာ တခြားတစ်ယောက်ကို ခင်ဗျားအစားထိုးခဲ့တယ်မလား။ လင်းဖန်ဆိုတဲ့ကျုပ်က ဘယ်တော့မှ ခင်ဗျားလိုလူညစ်ပတ်တွေနဲ့ ဘာမှလုပ်စရာအကြောင်းမရှိဘူး။ ခင်ဗျားတို့နဲ့လက်တွဲလုပ်ရတာက ကျုပ်အတွက် အရှက်ရဖို့ပဲရှိတယ်။ အခု ကျုပ်လင်းဖန် ပြန်ရောက်လာပြီ။ လင်းဟောက်ရန် တကယ်လို့ ကျုပ်အဖေကိုသာ နောက်ထပ်ရှုတ်ချရင် ခင်ဗျားကို ကျုပ်သတ်မယ် ”
စကားဆုံးသည်နှင့် လင်းဖန်၏ကိုယ်မှပြင်းထန်သောဓားချီများ တဝီဝီမြည်ဟည်းလျက် ထွက်ပေါ်လာသည်။ ယခုအခါ လင်းဖန်၏ပုံစံက ရက်စက်ကြမ်းကြုတ်ကာ စူးရှထက်မြက်သော ဓားတစ်လက်ပမာ ဖြစ်နေ၏။
လင်းဖန်ကား အံ့အားသင့်စရာကောင်းလောက်အောင်ပင် သူ၏ဦးလေးသုံးကို သတ်ဖြတ်မည်ဟုဆိုကာ ခြိမ်းခြောက်နေလေပြီ။