တံခါးပေါက်မှ ခြိမ်းခြောက်နေခြင်း
လင်းဖန်သည် ကောင်းကင်နန်းစားသောက်ဆိုင်ရှိ စားပွဲတစ်လုံးမှာ ထိုင်နေရင်း အတွေးတွေထဲမျောနေမိသည်။
အိပ်မက်စံအိမ်သို့သွားပြီး သန့်စင်ခြင်းကျောက်တုံးများ ယူသွားချင်စိတ်လည်း မဖြစ်ပေါ်လာပေ။ အိပ်မက်စံအိမ်ဆိုသည်မှာလည်း မကြာခင်ပျောက်ကွယ်သွားတော့မည့်အရာလည်း မဟုတ်။
“ ကောင်းကင်အဏ္ဏဝါမြို့မှာ ရတနာတစ်ခုထွက်ပေါ်လာတာကို ရှင်ကြားပြီးပြီလား ”
ချိုသာသောအသံတစ်သံက ပြောလိုက်ရာ လူအများစု၏အာရုံကို စွဲဆောင်သွားသည်။
“ အရင်တည်းက ပြောနေကြတာပဲ။ ရတနာရှိတယ်လို့ ငါလည်းကြားတာပဲ။ ဒါပေမယ့် ဘယ်သူမှ ရှာမတွေ့ကြဘူး ”
“ ကောင်းကင်အဏ္ဏဝါမြို့မှာ ရှိတဲ့လူတိုင်းက အဲ့ဒီအကြောင်းကို ပြောနေကြတာပဲလေ။ သတင်းတွေလည်း ပြန့်နေပြီ ”
ထိုလူနှစ်ယောက်က နောက်ဆုံးကောလဟာလတွေကို ပြောနေကြသည်။ သူတို့၏စကားသံများက အခြားသူများ ကြားသွားမှာကို မကြောက်ရွံ့သည့်အလား တဖြည်းဖြည်းကျယ်လောင်လာသည်။
“ ရတနာလား။ ရှေးဟောင်းနဂါးဆေးအမြုတေအိုးကို ပြောနေတာလား ”
လင်းဖန်က ပြုံး၍ ပြောလိုက်ပြီး ခေါင်းကိုခါယမ်းလိုက်၏။
“ လင်းဖန် ”
ထိုစဉ် သူ့နာမည်ကို ခေါ်လိုက်သော အသံတစ်သံကြောင့် လင်းဖန်အံ့အားသင့်သွားရသည်။ သူ့မျက်နှာက အထင်အမြင်သေးသည့်ဟန်ပေါ်လာပြီး ကြည့်လိုက်ရာ လန်ကျောက်အား တွေ့မြင်သွားသည်။
လင်းဖန်က သံသယဖြစ်နေသည့်မျက်လုံးများဖြင့် ကြည့်လိုက်၏။
“ လင်းဖန်လား ”
စားသောက်ဆိုင်အတွင်းရှိ လူများမှာ အံ့သြမှင်တက်သွား၏။ သူတို့က လန်ကျောက်၏မျက်လုံးများဦးတည်ရာကို ကြည့်လိုက်ရာ လင်းဖန်အားတွေ့မြင်သွားသည်။ ပင်းယွမ်ကို သတ်ခဲ့ပြီး လိန်ယွဲ့အား သတ်ခဲ့သော ပါရမီရှင်လင်းဖန်ဆိုတာ သူလားဟူ၍ တွေးနေမိကြသည်။
လန်ကျောက်က ပထမထပ်သို့ သွားပြီး လင်းဖန်ထံသို့ လျှောက်သွား၏။ သူမပုံစံက ဒေါသထွက်နေသည့်အသွင် ရှိမနေတော့ချေ။ သူမ၏မျက်နှာထက်တွင် စွဲဆောင်နိုင်သည့်အပြုံးစလေးတစ်ခု ပြန်လည်ထွက်ပေါ်နေသည်။
