ဝမ်ရိန်ရန် သေဆုံးခြင်း
ပတ်ဝန်းကျင်တစ်ခုလုံးတွင် တိတ်ဆိတ်မှုက ကြီးစိုးသွား၏။
လူအားလုံးက လင်းဖန်ကို စူးစိုက်ကြည့်နေသည်။ လင်းဖန်၏မောက်မာပြီး အထင်သေးသော စကားလုံးများက သူတို့၏စိတ်ထဲမှာ ပဲ့တင်ထပ်နေဆဲပင်။
ကောလာဟလများ ထွက်ပေါ်နေသည့်အတိုင်း လင်းဖန်ကား သူတို့ကို သူ၏အောက်မှာ ရှိနေသည့်သဖွယ် ယူဆနေသည်။
လူအုပ်ထဲရှိ လူများ၏မျက်နှာများမှာ ချွင်းချက်မရှိ အရုပ်ဆိုးသွား၏။ လင်းဖန်က ဤနေရာရှိ လူအားလုံးကို အရှက်ခွဲကာ ရန်စလိုက်ခြင်းပင်။
သို့တိုင်အောင် ဘယ်သူမှ အသံမထွက်ရဲချေ။ လင်းဖန်နှင့် သေခြင်းအဆုံးအဖြတ်တိုက်ပွဲ ဘယ်သူဆင်နွှဲချင်လဲ။
လအနည်းငယ်က လင်းဖန်သည် လင်းချီစုဆောင်းမှုအဆင့်ရှစ်သို့ ရောက်ရှိနေပြီဟု ကောလာဟလများ ထွက်ပေါ်ခဲ့၏။ ယခုအချိန်မှာ လင်းဖန်၏အကြည့်တစ်ချက်က သူတို့ကို ကြောက်ဒူးတုန်သွားစေသည်။ လင်းဖန်၏အစွမ်းအနည်းငယ်က ဝမ်ရိန်ရန်ကို ကြောက်လန့်သွားစေသည်။ ဘယ်သူမှ သူ့ကို မတိုက်ခိုက်ရဲတော့ချေ။
ဘယ်သူမှမတိုက်ရဲသည်မှာလည်း အကြောင်းပြချက်ရှိ၏။ လင်းဖန်က သွမ့်ဟန်ကို သူ့အဖေသွမ့်တျန်းလန်ရှေ့မှာပင် သတ်ဖြတ်ရဲခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။ ထိုကဲ့သို့ လင်းဖန်ပြုမူလိုက်ကတည်းက ဤနေရာရှိ ဘယ်သူ့ကိုမဆို တွေဝေခြင်းမရှိဘဲ သတ်ဖြတ်လိမ့်မည်ဖြစ်ကြောင့် အားလုံးတွေးမိနေ၏။
သူတို့အားလုံးလုပ်နိုင်သည်မှာ သူတို့၏အရှိန်အဝါကို အသုံးပြုပြီး လင်းဖန်ကို ခြိမ်းခြောက်ရုံသာရှိသည်။
“ လင်းဖန်…မင်းပြောနေတာ ဘယ်လိုလူမျိုးတွေလဲဆိုတာ သိလား ”
သွမ့်လိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်၏။ လင်းဖန်က ဤမျှခက်ထန်တင်းမာလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
“ ကျုပ်ကို ဘာမှလာသင်ပေးနေစရာ မလိုဘူး။ ကျုပ်ပြောခဲ့သလို ကျုပ်ပြောတာကို လက်မခံရင် ခင်ဗျားလာတိုက်ခိုက်နိုင်တယ်။ တကယ်လို့ ခင်ဗျားဆန္ဒရှိရင် ခင်ဗျားတို့အကုန်လုံး လာလို့ရတယ် ”
လင်းဖန်က ရေခဲတမျှအေးစက်စက်လေသံဖြင့် ပြောလိုက်ရာ သွမ့်လိုင်၏ချီများ ရုတ်တရက် ထွက်ပေါ်လာ၏။
