မျက်စိကျိန်းမတတ်တောက်ပသော သေမင်းအရိပ်ဓားကွက်
ရွှေရောင်ကျစ်တောင်ခြေတွင် ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသော မြင်းတပ်တစ်ခုက အရှိန်ပြင်းစွာဖြင့် ကဆုန်စိုင်းစီးနင်းလာ၏။
ထိုအုပ်စုတွင် လူသုံးဆယ်ခန့်ပါရှိသည်။ သူတို့ထဲမှအများစုမှာ ကြေးရောင်မျက်နှာဖုံးများကို တပ်ဆင်ထားသည်။ သို့သော် သူတို့အားလုံး၏မျက်နှာအမူအရာက တင်းမာနေ၏။ သူတို့ထံမှ ပြင်းထန်သောချီစွမ်းအားများထွက်ပေါ်နေသည်။
မြင်းများက အံ့အားသင့်စရာကောင်းအောင် သွေးနီမြင်းများဖြစ်နေ၏။ သူတို့အားလုံးက ရွှီယွဲ့နိုင်ငံမှ ဖြစ်ပေသည်။
အုပ်စုကို ဦးဆောင်လာသူက အခြားသူများနှင့်မတူပေ။ အံ့သြစရာကောင်းအောင် မိန်းကလေးတစ်ယောက်ဖြစ်နေ၏။ သူမက နူးညံ့လှပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏မျက်နှာကို ဇာပဝါလွှမ်းခြုံထားသော်လည်း သူမအသွင်က မြင့်မြတ်သန့်စင်နေ၏။
သူမလှုပ်ရှားနေဟန်က လေထဲမှာလွင့်မျောနေသည့်အလား မြင့်မြတ်သောစိတ်ဝိညာဉ်တစ်ခုပမာ ထင်ရစေသည်။ ဤကမ္ဘာမြေမှ မဟုတ်ဟူသောထင်မြင်ချက်ကိုလည်း ရရှိစေ၏။
လူအုပ်စု၏ရှေ့ဆုံးမှာ ရှိနေသော ထိုမိန်းမပျိုက မိန်ချင်းဖြစ်သည်။ သူမ၏ဝတ်စုံမှာ နှင်းပွင့်လေးများပမာ ဖြူဆွတ်နေပြီး လေထဲမှာလွင့်မျောနေသည့် နတ်ဘုရားမလေးတစ်ပါးသဖွယ်ထင်ရပေ၏။
သွေးနီမြင်းတပ်ဖွဲ့က မိန်ချင်း၏နောက်မှ လိုက်ပါလာသည်။ သူတို့အားလုံးက ကောင်းကင်ဓားတပ်ပေါင်းစုမှ ဖြစ်ပေ၏။
လွန်ခဲ့သောရက်များအတွင်း လင်းဖန်က မိုယွဲ့နိုင်ငံတော်သို့ ရောက်ရှိလာပြီးနောက် တိုက်ပွဲနှင့်ပတ်သက်သောသတင်းကို သူမကြားခဲ့ပေ။ တိုက်ပွဲပြီးနောက် မိန်ချင်းနှင့်သွေးနီတပ်စုက လင်းဖန်ကို လိုက်လံရှာဖွေကြ၏။ ရက်ပေါင်းများစွာ သူတို့ရှာဖွေခဲ့ပြီးနောက် တိုက်ဆိုင်စွာပင် ကျစ်ဝေတောင်ရွာမှ လင်းဖန်က ကျစ်အုပ်စိုးသူနယ်မြေသို့ ထွက်သွားသည်ဟူသော သတင်းတစ်ခုရလာခဲ့သည်။
ထို့အပြင် မိန်ချင်းနှင့်အခြားသူများက ခရီးရှည်ကြီးမှာ ရပ်နားခြင်းမရှိဘဲ မြင်းကို ကဆုန်စိုင်းစီးနင်းလာခဲ့လေသည်။
…………
တစ်ချိန်တည်းမှာပင် ကျစ်အုပ်စိုးသူနယ်မြေ၏အပြင်ဘက်မှာ လင်းဖန်က တားမြစ်နယ်မြေ၏ဝင်ပေါက်ရှေ့မှာ ရပ်နေ၏။ သူက မျက်တောင်တစ်ချက်ခတ်အတွင်းမှာ အဘိုးအိုကို နောက်ဆုတ်သွားစေခဲ့သည်။ သို့သော် သူက နေရာမှာပင် ရပ်မနေဘဲ သွမ့်ရှင်းရဲ့၏လက်ကို ဆွဲကာ ကျစ်ယင်ထံသို့ ခုန်ဝင်သွားလေ၏။
“ မဟုတ်ဘူး…”
ကျစ်ယင်က အလွန်တရာ ကျယ်လောင်စွာအော်ပြောလိုက်သည်။ ကျစ်ယင်က ကျစ်အုပ်စိုးသူနယ်မြေ၏ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လင်းဖန်နှင့်ယှဉ်လျှင် သနားစရာကောင်းအောင်အစွမ်းနိမ့်နေ၏။ လင်းဖန်က သူ့ကို တစ်ချက်ပင်မခုခံနိုင်သည့်အခြေအနေသို့ ရောက်အောင် ပြုလုပ်ခဲ့သည်။ ထို့အပြင် အဘိုးအိုနှင့် လင်းဖန်တို့တိုက်ခိုက်တာက အချိန်ခဏလေးမျှသာရှိသေးသည့်အချိန်တွင် လင်းဖန်က ကျစ်ယင်၏ရှေ့မှာ ပေါ်လာခဲ့သည်။ သူက ကျစ်ယင်ကို အချိန်မရွေးသတ်ဖြတ်နိုင်သည့်အနေအထားမှာရှိ၏။ ကျစ်ယင်၏နှလုံးသားက အဆုံးစွန်ထိ နောင်တရခြင်းများနှင့် ပြည့်လာသည်။
သူက ကျစ်အုပ်စိုးသူနယ်မြေ၏ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လင်းချီစုဆောင်းမှုအဆင့်ကိုးသို့ ရောက်ရှိနေသူဖြစ်၏။ ဤဒေသမှာ လူအားလုံးက သူ့ကို လေးစားကြပြီး ကလန်ကဆန်မလုပ်ရဲကြပေ။
သို့သော် ယခုအချိန်တွင် ဆယ်ကျော်သက်အရွယ်သာရှိသေးသော လင်းဖန်က ကျစ်အုပ်စိုးသူနယ်မြေမှအဖွဲ့ဝင်များကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့သည်။ သူ့ကို လူမထင်သည့်အသွင် ပြုမူနေခဲ့၏။ ထို့ပြင် ကျစ်အုပ်စိုးသူနယ်မြေ၏ ဝါရင့်ကျင့်ကြံသူတစ်ယောက်နှင့်တိုက်ခိုက်ရင်း သူ့ကို သတ်ရန်အတွက်လည်း ရောက်ရှိလာပြန်လေပြီ။
ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင်ပုံရိပ်ထွက်ပေါ်လာပြီး ကျစ်ယင်၏တစ်ကိုယ်လုံးကို ခရမ်းရောင်ချီများက လွှမ်းခြုံလာတော့သည်။ သူက ကျန်ရှိနေသေးသည့်စွမ်းအားအကုန်ထည့်ကာ လက်သီးချက်ကို ထုတ်ဖော်လိုက်၏။
“ နေဝင်ဆည်းဆာဓားကွက်!”
သူက လေထုကို ဖြတ်သန်းရင်း ကြမ်းပြင်ထက်သို့ သူ၏ဓားကိုကိုင်ထားရင်း ရွေ့လျားလာ၏။ သူ့ဓားမှတောက်ပသော အလင်းရောင်များ ထွက်ပေါ်ခြင်းမရှိပေ။ သို့သော်လည်း ပျက်စီးခြင်းများနှင့် အဆုံးအစမဲ့ အထီးကျန်ခြင်းဟူသည့်အမြင်ကို ပေးလေသည်။
ထိုသွေးဆူလွယ်ပြီး အံ့မခန်းအစွမ်းထက်သောကျင့်ကြံသူတစ်ယောက်မှာလည်း ဝင်လုဆဲနေလုံးကြီးပမာ အထီးကျန်ခြင်းနှင့် ပျက်စီးခြင်းဟူသော အခိုက်အတန့်များ ရှိပေ၏။
