Zawgyi
ခန့်မှန်းခြင်း
ယွီမျိုးနွယ်စုအကြီးအကဲက ကျန်းပိလော်၏စကားကို ကြားသောအခါ သူ့ကိုကြည့်လိုက်ပြီး အဓိပ္ပာယ်ပြည့်နေသည့်အသွင်ဖြင့် ပြုံးလိုက်သည်။
“ သူ့ရဲ့စိတ်စွမ်းအားကို မင်းချိုးဖျက်ပစ်မယ်လို့ ပြောခဲ့လို့ ငါသဘောတူခဲ့တာ။ ဒါပေမယ့် အခုမင်းရှုံးသွားပြီလေ ”
“ ဟမ် ”
ကျန်းပိလော် မျက်မှောင်ကြုတ်သွားပြီး အံ့အားသင့်သွားသည့်ပုံစံရှိ၏။ ခဏကြာတိတ်ဆိတ်ငြိမ်သက်နေပြီး သူက ထပ်လောင်းပြောကြားလိုက်သည်။
“ ဟုတ်တယ်။ ကျုပ်ရှုံးသွားခဲ့တယ်။ အဲ့ဒါကြောင့် သူ့ကို ခင်ဗျားတို့ဆီ လွှဲပေးချင်တာ ”
“ လွှဲပေးချင်တာလား။ မင်းပေးတာ ဘာတစ်ခုမှ ငါတို့မလိုချင်ဘူး။ မင်းပြီးသွားရင် ငါတို့တိုက်မယ်။ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး ”
အကြီးအကဲက အေးစက်စက်လေသံဖြင့် ပြောလိုက်ပြီး ခေါင်းကို ခါယမ်းပြလိုက်ရာ လူအုပ်ကြီးမှာ သက်ပြင်းကို ချလိုက်မိကြသည်။
မည်မျှကံဆိုးလိုက်သနည်း။ လူအုပ်ကြီးက ကျန်းပိလော်ကို သင်တန်းကျောင်း၏ အထူးချွန်ဆုံးကျောင်းသားအဖြစ် ယူဆထားပြီး လင်းဖန်ကို ဒုတိယအထူးချွန်ဆုံးကျောင်းသားအဖြစ် ထင်နေကြသည်။ သို့သော် အမှန်တရားက သူတို့တွေးထင်နေသည့်အတိုင်း မဟုတ်ခဲ့သည့်အတွက် အံ့အားသင့်သွားရ၏။ အတော်ဆုံးအဖြစ် ယူဆထားခဲ့သောလူက လင်းဖန်ကိုပင် မယှဉ်ပြိုင်နိုင်ချေ။ လင်းဖန်က သူ့ကို အသာလေး အနိုင်ယူသွားခဲ့သည်။
ကျန်းပိလော်က ရှုံးနိမ့်သွားပြီးနောက် လင်းဖန်ကို ယွီမျိုးနွယ်စုအား ပေးခဲ့သော်လည်း ယွီမျိုးနွယ်စုမှလူများက ငြင်းဆန်ခဲ့၏။
အကြီးအကဲ၏အပြုံးက ကောက်ကျစ်သည့်အပြုံးစဖြစ်နေသည်။
ကျန်းပိလော်က အကြီးအကဲ၏ အေးစက်သော မျက်လုံးများကို ကြည့်ကာ ချက်ချင်းပင် ပြန်လှည့်သွား၏။ ထို့နောက် သူက လင်းဖန်ကို ကြည့်လိုက်ပြီး
“ ဒီတစ်ကြိမ်မှာတော့ ငါရှုံးနိမ့်သွားတယ်။ လင်းဖန်၊ မင်းက သင်တန်းကျောင်းရဲ့ အထူးချွန်ဆုံးကျောင်းသားတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရသွားပါပြီ။ အခုလက်ဆွဲမိတ်ဆက်ပြီး ကြေအေးလိုက်ကြရအောင်။ အဆင်ပြေတယ်မလား ”
ကျန်းပိလော်၏စကားကို လင်းဖန်ကြားသောအခါ အံ့သြမှင်တက်သွားသည့်အပြင် ရယ်စရာတစ်ခုကို တွေ့လိုက်ရသည့်အလား ဖြစ်သွားသည်။ ကျန်းပိလော်က သူ့ကို အလွယ်တကူ အနိုင်ရလိမ့်မည်ဟု ထင်ထားခဲ့ပြီး သူမည်မျှအစွမ်းထက်ကြောင်း လူအားလုံးကို သက်သေပြရန် လင်းဖန်၏စိတ်စွမ်းအားကို ချိုးဖျက်ချင်နေခဲ့သည်။ ယခု သူရှုံးနိမ့်သွားသောအခါမှ လက်ဆွဲနှုတ်ဆက်ခြင်းက တရားမျှတခြင်းရှိပါ၏လော။
