အပိုင်း ( ၂၄၈ )

1.4K 159 0
                                    

မင်းတိုက်ခိုက်ရမယ်….!!!!!!

“ အားလုံးပဲ မတ်တတ်ရပ်ကြပါ ”
သွမ့်ဝူရက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရင်း ပြောလိုက်လေသည်။ ဒူးထောက်နေခဲ့ကြသော လူများက တဖြည်းဖြည်း မတ်တတ်ရပ်လာကြသော်လည်း အချိန်အကြာကြီး တည်ငြိမ်စွာ မနေနိုင်တော့ပေ။ အင်ပါယာအစောင့်အရှောက်များ၏ခေါင်းဆောင် ရာထူးကို လွှဲပြောင်းလိုက်ခြင်းက အလွန်တရာ လွယ်ကူနေသည်။

သွမ့်ဝူရက ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ထူးခြားနေခြင်း မရှိသလို အံ့အားသင့်နေခြင်းလည်း မရှိချေ။ အင်ပါယာအစောင့်အရှောက်တပ်က သူ့အတွက် များစွာ အကျိုးသက်ရောက်မှုမရှိသည့်အလား ဖြစ်နေပေသည်။

“ ယွီကျီ..အခု မင်းက အင်ပါယာအစောင့်အရှောက်တပ်ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်သွားပြီ ဖြစ်တာကြောင့် ဘာလုပ်ရမယ်ဆိုတာ မင်းသိတယ်မလား ”

ယွီကျီက ခေါင်းညိတ်ပြလိုက်ပြီး အလေးပြုကာ ပြောလိုက်လေ၏။
“ မင်းသား…အခု အစောင့်အရှောက်တွေနဲ့အတူ ကျွန်တော် ထွက်သွားပါမယ်။ လူတွေရဲ့ လုံခြုံရေးအတွက် လမ်းတွေမှာ သေသေချာချာ ကင်းလှည့်လိုက်ပါမယ် ”

“ ကောင်းပြီ။ မင်းသွားနိုင်ပြီ ”
သွမ့်ဝူရက လက်ကိုဝှေ့ယမ်းလျက်ပြောလိုက်လေသည်။ ချက်ချင်းပင် ထောင်ပေါင်းများစွာသော တပ်သားအစောင့်အရှောက်တွေထွက်သွားပြီး ကားစင်ပတ်လည်တွင် ဝန်းရံနေသော သွမ့်ရိန်မြို့မှ သွေးနီတပ်သားများသာ ကျန်ရှိတော့သည်။ သို့သော်လည်း ဘယ်သူကမှ သူတို့ကို မခြိမ်းခြောက်နိုင်ချေ။

သွမ့်တျန်းလန်နှင့် သူ့သား၏မျက်နှာတွေက ပို၍ပင် အရုပ်ဆိုးလာလေသည်။ သွမ့်တျန်းလန်က လျန်ချန်းလန်ကို သတ်ဖြတ်ချင်ခဲ့၏။ သို့ရာတွင် အရေးကြီးသောအချိန်မှာ လင်းဖန်က သွမ့်ရှင်းရဲ့နှင့်အတူ ထွက်ပေါ်လာခဲ့လေသည်။ သူတို့က အချိန်မီရောက်ရှိလာခဲ့သည်ဖြစ်ရာ လျန်ချန်းလန်ကို သတ်ဖြတ်ရန်က မဖြစ်နိုင်တော့ပေ။ သူက အသက်ရှင်လျက် လွတ်မြောက်သွားရတော့သည်။

ထို့အပြင် သွမ့်ဟန်က လျန်ဖေးကို လက်ထပ်ချင်နေခဲ့၏။ လျန်ချန်းလန်၏အသက်ကို ဓားစာခံလုပ်ကာ သူက လျန်ဖေးကို အပေးအယူစကားဆိုခဲ့သည်။ အကယ်၍ သူမကသာ သူ့ကို လက်မထပ်ချင်ခဲ့လျှင် လျန်ချန်းလန်ကို သူသတ်လိမ့်မည်ဟူ၍။ လျန်ဖေးက သူ့ကို မုန်းတီးနေခဲ့ပြီး သူ့ဇနီးမဖြစ်ချင်ခဲ့ရာ သူ့ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့လေသည်။

သူတို့၏မနာလိုစိတ်ကို ပို၍တောက်လောင်အောင် ပြုလုပ်လိုက်သည်မှာ လင်းဖန်က သွေးနီတပ်သားများ၏ ခေါင်းဆောင်ဖြစ်သွားပြီး မြို့စားတစ်ယောက်ဖြစ်သွားခြင်းပင်။ သူက သူ့မွေးရပ်မြေမြို့ကို အပိုင်စားရသွားခဲ့လေသည်။ ထို့အပြင် သွမ့်ဝူရက အင်ပါယာအစောင့်အရှောက်တပ်၏ ခေါင်းဆောင်သစ်ကို ခန့်အပ်ထားနိုင်ခဲ့သည်။

ဤအရာအားလုံး ဖြစ်ပွားလာခဲ့ရသည်မှာ လူတစ်ယောက်ကြောင့် ဖြစ်ပေသည်။ ထိုလူကား လင်းဖန်….

ယခုအခါ သွမ့်တျန်းလန်နှင့် သူ့သားတို့က လင်းဖန်ကို ရေခဲတမျှအေးစက်စက်အကြည့်များဖြင့် ကြည့်နေကြလေသည်။

PMG အတွဲ ( ၂ )Hikayelerin yaşadığı yer. Şimdi keşfedin