Zawgyi
ရောင်နီလာဓားကွက်
“ ကျုပ်ကို ထွက်သွားလို့ပြောတာက ကျုပ်ကို မျက်နှာသာပေးလိုက်တာပေါ့ ”
လင်းဖန်က သက်လတ်ပိုင်းအရွယ်လူကို မျက်လုံးများကျဉ်းမြောင်းလျက် ကြည့်လိုက်၏။ ထို့နောက် ချက်ချင်းပင် လင်းဖန် အေးစက်စွာ ပြုံးလိုက်သည်။
“ အဲ့ဒီလိုလား ”
လင်းဖန်က ဓားစွမ်းအင်တစ်ခုကို ထုတ်ဖော်လိုက်သည့်အလား ရှေ့သို့ အနည်းငယ်လှမ်းသွားလိုက်၏။
“ အမ် ”
ဦးလေးလီသည် ရှေ့တက်လာသော လင်းဖန်ကို ကြည့်ပြီး အေးစက်သောစွမ်းအင်များကို ခံစားမိသည့်အတွက် သူမျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူက အေးစက်စွာဖြင့်
“ မင်းက တိုက်ခိုက်ချင်တာလား ”
လင်းဖန်က ပြန်လည်ပြောဆိုခြင်းမပြုဘဲ ရှေ့သို့ လျှောက်သွားလိုက်၏။ လျှပ်တပြက်အတွင်း ပတ်ဝန်းကျင်တစ်ခုလုံးတွင် တဂျုံးဂျုံးမြည်သံများ ထွက်ပေါ်လာသည်။ သူတို့ခြေထောက်အောက်ရှိ မြေပြင်သည် ဖွာကျဲသွား၏။ လင်းဖန်က လေထဲသို့ ညင်သာစွာ ခုန်လိုက်ကာ ပြင်းထန်သော ဓားစွမ်းအင်များကို ထုတ်ဖော်လိုက်သည်။
ထို့နောက် သူ့ခန္ဓာကိုယ်ပတ်လည်တွင် တလက်လက်တောက်ပသော မီးတောက်များ စတင်ပေါ်ထွက်လာသည်။
“ ဒါ သန့်စင်တဲ့ချီတွေပဲ ”
လူအုပ်ကြီးမှာ တအံ့တသြဖြစ်သွားသည်။ လင်းဖန်သည်လည်း သူတို့နည်းတူ ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေ၏။ စောစောက လင်းဖန်သည် မြေကြောကို ခွဲဝေခြင်းမပြုဘဲ ထွက်သွားမည်ဆိုသော်လည်း သူတို့က လင်းဖန်အား သူ့ပစ္စည်းများကို ထားခဲ့ရန် ရူးမိုက်စွာ ပြုလုပ်မိခဲ့ကြသည်။
ဖန်ထင်း၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး နှလုံးခုန်နှုန်းများ မြန်ဆန်လာ၏။ သူမက ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော လင်းဖန်၏ တောင်းဆိုချက်ကို အံ့သြစရာကောင်းအောင် ငြင်းဆန်ခဲ့သည့်အပြင် သူ့ကိုတိုက်ခိုက်ရန် လူများကို သွေးထိုးလှုံ့ဆော်ခဲ့ပေသည်။
ဦးလေးလီမျက်မှောင်ကြုတ်သွား၏။ သူ့ပုံစံက အချိန်မရွေးပေါက်ကွဲတော့မည့်ပမာ ဖြစ်လာသည်။
ထို့နောက် ဦးလေးလီက သန့်စင်သောချီများကို ထုတ်လိုက်ရင်း အေးစက်စက်ပြောလိုက်၏။
“ အဆိုးအကောင်း မခွဲခြားတတ်ဘူးကိုး ။ အဲ့ဒီလိုဆိုတော့လည်း မင်းကို သင်ခန်းစာပေးရတော့မှာပေါ့ ”
စကားဆုံးသည်နှင့် သူသည် လေထဲသို့ ချက်ချင်းခုန်တက်လိုက်ပြီး လင်းဖန်ဆီသို့ ပြေးဝင်သွားလေသည်။ သူ့လက်က တွန့်ကွေးသွားပြီး အနက်ရောင်အလင်းတန်းတစ်ခုပမာ ချိတ်ကောက်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
“ ဓား ”
လင်းဖန်က လေးနက်သော လေသံဖြင့် အော်ပြောလိုက်သည်။ သန့်စင်သောချီများက လေထဲတွင် လည်ပတ်လာပြီး လင်းဖန်၏လက်ထဲသို့ စုစည်းသွားကာ ဓားတစ်လက်ဖြစ်သွား၏။ ၎င်းဓားမှ ကြောက်စရာကောင်းသော ဓားစွမ်းအင်များ ထွက်ပေါ်နေ၏။
“ ရောင်နီလာဓားကွက် ”
လင်းဖန်၏ဓားက ဦးလေးလီဆီသို့ နှေးကွေးစွာ ရွေ့လျားသွားသည်။ လျင်မြန်ခြင်းမရှိသော်လည်း အစွမ်းများဖြင့် ပြည့်နေ၏။ မနက်ခင်းမှာ နေထွက်လာသည့်အလား အရောင်များ လင်းလက်တောက်ပခြင်းမရှိသော်လည်း လူများ၏အကြည့်များကို သိမ်းပိုက်နိုင်သည်အထိ အလွန်တရာ လှပသည်။
သခင်လီက ရယ်စရာကောင်းသော ဓားကွက်တစ်ခုကို တွေ့လိုက်ရသည့်အလား ပြုံးလိုက်၏။ ဤကဲ့သို့ နှေးကွေးစွာလာနေသော ဓားက သူ့ထံသို့ မည်ကဲ့သို့ ရောက်နိုင်မည်နည်း။ သူအသာလေးတိုက်ခိုက်လိုက်ရုံမျှဖြင့် ဓားကွက်ပျက်ပျယ်သွားလိမ့်မည်။
လူအုပ်ထဲရှိ လူများသည်လည်း သူတို့၏ခေါင်းတွေကို ခါယမ်းလိုက်ကြသည်။ တိုက်ခိုက်သူနှစ်ယောက်လုံးက ရွှမ်ချီအဆင့်သို့ ရောက်ရှိနေကြသော်လည်း လင်းဖန်က ရွှမ်ချီအဆင့်သို့ ရောက်ရှိရုံမျှသာဖြစ်ပြီး သူ၏တိုက်ခိုက်စွမ်းအားကလည်း နိမ့်ကျလွန်းသည်။ သူက ဦးလေးလီအတွက် ပြိုင်ဘက်ပင် မဟုတ်ချေ။
သို့သော်လည်း လင်းဖန်ကား ရှေ့သို့ ဆက်လက်ရွေ့လျားနေ၏။
နေထွက်လာသည့်အလား အသွင်တူသော ထိုဓားကွက်က တဖြည်းဖြည်းပိုမိုတောက်ပလာခဲ့ပြီး အရောင်များ လင်းလက်လာသည်။
“ သေစမ်းကွာ ”
ဦးလေးလီက ဒေါသတကြီး အော်ပြောလိုက်၏။ သူ၏ချိတ်ကောက်ပုံလက်က ရှေ့သို့ ဆက်လက်ရွေ့လျားနေသည်။ ၎င်းလက်တွင် အဖျက်အဆီးစွမ်းအားများ ပါဝင်နေပြီး ၎င်း၏ပုံစံက အံ့သြစရာကောင်းနေသည်။
သို့ရာတွင် ထိုအံ့အားသင့်စရာကောင်းသော ချိတ်ကောက်သည် လင်းဖန်၏ နှေးကွေးသော ဓားနှင့် ထိတွေ့မိသောအခါ လုံးဝဝါးမြိုခြင်းခံလိုက်ရပြီး ပျောက်ကွယ်သွား၏။ တလက်လက်တောက်ပနေသော ဓားအလင်းရောင်သာ ခန့်ညားထည်ဝါစွာ ကျန်နေခဲ့သည်။ ဓားကိုကြည့်ရသည်မှာ လုံးဝဆွဲဆောင်မှုရှိနေပြီး ဤကမ္ဘာတွင် ၎င်းထက် လင်းလက်တောက်ပသော အရာမရှိဘူးဟု၍ပင် ထင်ရ၏။
“ အမ် ”
လူအုပ်ကြီးမှာ အတော်လေးအံ့အားသင့်သွားသည်။ ထိုဓားက နှေးကွေးပြီး လှပကာ အေးချမ်းသော ခံစားချက်ကို ပေးသော်လည်း ၎င်းမှ သူတို့၏မျက်လုံးကို လွှဲဖယ်၍ မရနိုင်အောင် ဖြစ်နေသည်။
ဦးလေးလီသည်လည်း မျက်မှောင်ကြုတ်နေ၏။ ထို့နောက် နောက်သို့ ချက်ချင်းဆုတ်ခွာလိုက်သည်။ သို့သော်လည်း ဓားက သူ့ဆီသို့ ဆက်လက်တိုးဝင်လာရာ သူနှင့်ဓား၏ကြား အကွာအဝေးမှာ များသွားခြင်းမရှိတော့ချေ။
ဓားက နှေးကွေးစွာဖြင့် ပုံရိပ်ယောင်တစ်ခုပမာ ဆက်လက်ရွေ့လျားလာ၏။ သို့ရာတွင် ၎င်းဓားက ဦးလေးလီ၏နောက်သို့ အရှိန်အဝါများ ပိုမိုတောက်ပလာလျက် အနီးကပ်လိုက်ပါနေသည်။
ထိုဓားက အစစ်အမှန်ဓားတစ်ခုလော သို့တည်းမဟုတ် ဓားစွမ်းရည်တစ်ခုလော။ ဆက်တိုက်ပြောင်းလဲလာပုံရပြီး ပိုမိုအစွမ်းထက်လာနေ၏။ လူအုပ်ကြီးက စကားမပြောနိုင်အောင် အံ့သြမှင်တက်သွားသည်။ တလက်လက်တောက်ပနေသော ဓားက ဦးလေးလီ၏ခန္ဓာကိုယ်ဆီသို့ ချက်ချင်းရောက်ရှိသွားပြီး သူ့နဖူးထက်မှာ သွေးများစီးကျနေသော အမှတ်အသားတစ်ခု ထွက်ပေါ်လာသည်ကို သူတို့တွေ့မြင်သွားသည်။ ချက်ချင်းပင် ဦးလေးလီသည် ကောင်းကင်ယံမှ မြေပြင်သို့ အသက်ကင်းမဲ့ကာ ကျဆင်းလာသည်။
ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ကား အသတ်ခံလိုက်ရလေပြီ။
လင်းဖန်က သူ့ကိုသတ်ရန် ဓားတစ်ကွက်သာ လိုအပ်ခဲ့၏။ ဦးလေးလီက လင်းဖန်ကို လက်စွပ်ထားပြီး ထွက်သွားရန် အမိန့်ပေးခဲ့သော်လည်း အဆုံးသတ်တွင် လင်းဖန်၏တစ်ချက်တည်းသော ဓားနှင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။ ဦးလေးလီ၏မျက်လုံးများက နောင်တရခြင်းများဖြင့် ပြည့်နေခဲ့၏။ သူက ခန့်ညားထည်ဝါသော ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ဤအတွက်ကြောင့် အသတ်ခံလိုက်ရခြင်းက သူ့အတွက် ထိုက်တန်မှုမရှိချေ။
“ ခင်ဗျားက ရောင့်ကားတက်တာကိုး ”
လင်းဖန်က ဦးလေးလီပြောခဲ့သည့်စကားအတိုင်း ပြန်လည်ပြောလိုက်သည်။ ကံမကောင်းစွာပင် ထိုစကားလုံးများကို ဦးလေးလီမကြားနိုင်တော့ပေ။
လင်းဖန်က ချာခနဲလှည့်ကာ တခြားလူငါးယောက်ကို ကြည့်ကာ အေးစက်စက်ပြောလိုက်၏။
“ ကျုပ်သွားတော့မယ်။ ခင်ဗျားတို့ကို ကျုပ်ကြောက်လို့တော့ မဟုတ်ဘူး။ မြေကြောကို မယူနိုင်ဘူးဆိုတာ ကျုပ်သိလို့ပဲ။ အင်ပါယာမြို့က အရှိန်အဝါကြီးမားတဲ့အုပ်စုတွေက မြေကြောကို ရယူလာကြလိမ့်မည်။ တစ်ယောက်တည်း ပိုင်ဆိုင်ဖို့ကြိုးစားတာက လုံးဝမဖြစ်နိုင်ဘူး ”
“ ခင်ဗျားတို့ကလည်း ကျုပ်လိုပဲ။ မြေကြောကို မယူနိုင်ဘူး။ ခင်ဗျားတို့အတွက် အကောင်းဆုံးက ကျုပ်လို သန့်စင်တဲ့ကျောက်တုံးတချို့ယူပြီး ထွက်သွားရမှာပဲ။ ဒီလူက ကျုပ်လက်စွပ်ကို လုယူလို့ရမယ်ထင်နေတာ ရယ်စရာကောင်းတယ်။ သူ့အစွမ်းလေးနဲ့ မြေကြောကို ရယူနိုင်မယ်လို့တောင် ထင်နေတယ် ”
တခြားသူများမှာ အတော်လေးအံ့အားသင့်သွား၏။ သူတို့ရောက်ရှိလာတည်းက လောဘကြောင့် ရတနာများကို ရယူပိုင်ဆိုင်ချင်ခဲ့သည်။ ဦးလေးလီကဲ့သို့ သန့်စင်သောချီများဖြင့် ပြည့်နေသည့် တွင်းကို သူတို့ရယူနိုင်လိမ့်မည်ဟု ထင်နေခဲ့သည်။ အထူးသဖြင့် လင်းဖန်က တွင်းကို သူတို့သဘောကျခွဲယူနိုင်သည်ဟု ပြောစဉ်က သူတို့၏စိတ်ကို ပိုမိုလှုပ်ရှားသွားစေ၏။ သို့သော် လင်းဖန်၏စကားလုံးများက ခဏသာရွာချသည့် အေးစက်စက်မိုးရေစက်များပမာ ဖြစ်နေသည်။
သူတို့၏အစွမ်းဖြင့် သန့်စင်သောချီများဖြင့် ပြည့်နေသော တွင်းကို သူတို့မယူနိုင်ပေ။
“ တကယ်လို့ ကျုပ်တို့အားလုံး အတူတကွ လုပ်မယ်ဆိုရင်ရော။ တခြားသူတွေ ရောက်လာခဲ့ရင် ကျုပ်တို့အတူတူ တိုက်ခိုက်ကြမယ်။ ဘယ်လိုသဘောရလဲ ”
သူတို့ထဲမှ တစ်ယောက်က မစွန့်လွှတ်နိုင်သည့်လေသံဖြင့် ပြောကြားလိုက်၏။ အနည်းငယ်မျှသော နေရာလေးတစ်ခု ရခဲ့လျှင်ပင် သူတို့၏ကျင့်ကြံခြင်းအဆင့်ကို တိုးတက်ရန်လုံလောက်သည်။ သန့်စင်သောကျောက်တုံးများအတွက် ဘယ်တော့မှ ပြဿနာတက်လိမ့်မည် မဟုတ်တော့ပေ။ ထို့ပြင် ရွှမ်ချီအဆင့်ကျင့်ကြံသူများသည် သန့်စင်သောကျောက်တုံးများမှ သန့်စင်သောချီပမာဏများစွာ လိုအပ်သည်။ လေထဲရှိသော သန့်စင်သောချီအပေါ်မှာ မှီခိုခြင်းက တိုးတက်ရာတွင် နှောင့်နှေးစေ၏။
“ မဖြစ်နိုင်ဘူး။ ကျုပ်တို့က လူခြောက်ယောက်ပဲရှိတယ်။ အင်ပါယာမြို့မှာဆိုရင် သေးငယ်တဲ့အဖွဲ့လေးတစ်ခုလောက်ပဲရှိတယ်။ တတ်နိုင်သလောက် သန့်စင်တဲ့ကျောက်တုံးတွေ ယူသွားတာ အကောင်းဆုံးပဲ။ ဒီလိုမှမဟုတ်ပဲ အင်ပါယာမြို့က အရှိန်အဝါကြီးမားတဲ့အုပ်စုတွေ ရောက်လာရင် ခင်ဗျားတို့ ဘာမှ ရမှာမဟုတ်ဘူး ”
လင်းဖန်က မထူးခြားသည့်လေသံဖြင့် ပြောကြားလိုက်သည်။ မြေကြောတစ်ခု ပေါ်ထွက်လာသည့်သတင်းက အလွန်လျင်မြန်စွာ ပျံ့နှံ့သွားလိမ့်မည်ဖြစ်ပြီး အင်ပါယာမျိုးနွယ်စုမှ အရှိန်အဝါကြီးမားဆုံးအဖွဲ့များ မကြာမီရောက်လာလိမ့်မည်။
ယွီမျိုးနွယ်စု၊ ယွဲ့မျိုးနွယ်စုနှင့် အင်ပါယာမျိုးနွယ်စုပင် ပိုင်ဆိုင်ရန် ကြိုးစားလာနိုင်သည်။ လူခြောက်ယောက် အတူတကွ ပေါင်းစည်းလိုက်လျှင် မြေကြောကို ထိန်းသိမ်းနိုင်လိမ့်မည် မဟုတ်ပေ။
တခြားငါးယောက်သည် စွန့်လွှန်ရန် တွေဝေနေသော်လည်း လင်းဖန်ပြောသည်မှာ မှန်ကန်၏။ အင်ပါယာမြို့တော်ရှိ အင်အားကြီးအုပ်စုများနှင့် သူတို့မယှဉ်နိုင်ပေ။ အကောင်းဆုံးမှာ သူတို့တတ်နိုင်သမျှ ယူဆောင်ပြီး ထွက်ပြေးရန်သာဖြစ်သည်။
သူတို့က စွန့်လွှတ်ရန် မဆုံးဖြတ်ရသေးသော်လည်း လင်းဖန်ပြောသည်မှာ မှန်ကန်ကြောင်း ဝန်ခံ၏။
လူတစ်ယောက်က လှစ်ခနဲလှုပ်ရှားသွားပြီး ချက်ချင်းပင် သန့်စင်သောချီများဖြင့် ပြည့်နေသည့် တွင်းထဲကို ခုန်ဆင်းကာ သန့်စင်သောကျောက်တုံးများကို စတင်ကောက်ယူလိုက်သည်။ တခြားသူများသည်လည်း သန့်စင်သောကျောက်တုံးများကို စတင်ကောက်ယူသိမ်းဆည်းလိုက်ကြ၏။
“ အား……”
နာကျင်စွာအော်သံတစ်သံက လေထဲတွင်ပျံ့သွားသည်။ ဖန်ထင်း၏အစောင့်အရှောက်တစ်ယောက် အသတ်ခံလိုက်ရခြင်းဖြစ်သည်။ ထို့နောက် အနက်ရောင်ဝတ်ရုံနှင့် ရွှမ်ချီအဆင့်ကျင့်ကြံသူက အေးစက်စက်ပြောလိုက်၏။
“ ဒီအသုံးမကျတဲ့ကောင်ကလည်း သန့်စင်တဲ့ကျောက်တုံးတွေ ယူချင်နေတယ် ”
ထို့နောက် လေထုထဲတွင် အော်သံများ ပျံလွင့်ထွက်ပေါ်လာသည်။ ဖန်ထင်း၏အစောင့်အရှောက်များသည် သန့်စင်သောကျောက်တုံးများကို ကောက်ယူရန် ကြိုးစားနေစဉ် အသတ်ခံနေရသည်။ သူတို့က ကံမကောင်းဘဲ ရွှမ်ချီအဆင့်ကျင့်ကြံသူနှင့်တွေ့လိုက်လျှင် အသတ်ခံနေရ၏။
သူတို့မှာ အစွမ်းမရှိဘဲ သန့်စင်သောကျောက်တုံးများကို ကောက်ယူချင်နေသည်က ရူးမိုက်သော လုပ်ရပ်တစ်ခုပင်။ ရွှမ်ချီအဆင့်ကျင့်ကြံသူများက သူတို့လိုချင်သော သန့်စင်သည့်ကျောက်တုံးများကို အစွမ်းနိမ့်သူများအား ယူဆောင်ခွင့်ပြုပါမည်လော။
ဖန်ထင်း၏အစောင့်အရှောက်တိုင်းသည် သန့်စင်သောကျောက်တုံးများကို ကောက်ယူနေရာမှ လျင်မြန်စွာ ရပ်တန့်လိုက်ကြပြီး မြေပြင်သို့ ပြန်လည်ရွေ့လျားလိုက်သည်။ သူတို့၏မျက်နှာများက စိတ်ပျက်နေဟန်ကို ဖော်ပြနေသည်။
ဖန်ထင်းသည်လည်း သန့်စင်သောကျောက်တုံးတစ်ချို့ကို ကောက်ယူချင်နေ၏။ သို့သော် လင်းဖန်က ရှေ့သို့သွားနေသော သူမကို ဟန့်တားလိုက်ပြီး တစ်ချက်ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
“ မင်းမှာ တစ်ဆယ်လို့ရေတွက်ပြီးတဲ့အထိ အချိန်ရှိတယ်။ မင်းမျက်နှာကို ငါထပ်မြင်ရရင် မင်းကို သတ်မယ် ”
လင်းဖန်က “ သတ် ” ဆိုသော စကားလုံးနေရာတွင် အထူးအလေးထားလျက် ပြောဆိုလိုက်ရာ ဖန်ထင်း၏မျက်နှာတောင့်တင်းသွားပြီး သွေးဆုတ်သည့်ပမာ ဖြူရော်သွား၏။
စောစောက သူမသည် ဦးလေးလီကို လင်းဖန်မှာ နေကိုးစင်မြက်ရှိကြောင်း ပြောခဲ့သည်။ သို့ဖြစ်ရာ ဤအကြောင်းအရာက လင်းဖန်အတွက် ဖန်ထင်းကို သတ်ရန် ကောင်းမွန်သော အကြောင်းပြချက်တစ်ခုဖြစ်သည်။ ဖန်ထင်း၏လှပသော မျက်နှာက လင်းဖန်အတွက် အရုပ်ဆိုးနေသည်။
“ သခင်မလေး…သွားကြမယ် ”
ဖန်ထင်း၏ဘေးမှာရှိနေသော အဘိုးအိုက ပြောလိုက်၏။ လင်းဖန်က အလွန်အစွမ်းထက်ရာ သူတို့အနေဖြင့် သူ့ကို နောက်ထပ်ရန်စခြင်းမပြုနိုင်ပေ။ သူတို့သာ ထွက်မသွားလျှင် လင်းဖန်က ဖန်ထင်းကို သတ်လိမ့်မည်။ အဘိုးအိုမှာ နောင်တရခြင်းများဖြင့် ပြည့်လာ၏။ အစတုန်းက မည်သည့်အတွက်ကြောင့် လင်းဖန်၏တောင်းဆိုချက်ကို သူငြင်းပယ်ခဲ့ရတာလဲ။
သူတို့ထွက်သွားသောအခါ အစောင့်အရှောက်များသည်လည်း သူတို့နှင့်အတူ ထွက်သွား၏။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားသည်။
လင်းဖန်က သူတို့ကို ဂရုစိုက်ခြင်းမရှိချေ။ သူ၏လက်စွပ်ကို ဖွင့်လိုက်ပြီး အလယ်အလတ်အဆင့်သန့်စင်ခြင်းကျောက်တုံးနှင့် အဆင့်မြင့်ကျောက်တုံးများကို စတင်ထည့်လိုက်၏။
ထိုစဉ် တောရိုင်းကောင်များ၏ အော်မြည်သံများ ထွက်ပေးလာပြီး မြေပြင်သည်လည်း တုန်ခါစပြုလာသည်။ များစွာသော တောရိုင်းကောင်များသည် မြေကြောဆီသို့ ပြေးလာကြ၏။
တချိန်တည်းမှာပင် အင်ပါယာမြို့မှ တပ်သားများသည် ဓားတောင်သို့ လေကိုဖြတ်၍ ပြေးလာရာ ဝှစ်ခနဲမြည်သံများပင် ထွက်ပေါ်နေသည်။
