Zawgyi
ကောင်းကင်စွယ်
“ အသုံးဝင်ဘူးပေါ့။ ကြီးကျယ်လိုက်တဲ့ကောင် ”
ဝူကျိန်းသည် ဒေါသတကြီး ပြောဆိုလိုက်၏။ လင်းဖန်ပြောခဲ့သောစကားလုံးများသည် ခါးသီးသော အမှန်တရားတစ်ခုဖြစ်သည်။ သူသည် ဝူကျိန်း၏စိတ်ဝိညာဉ်မှ အားနည်းချက်ကို သူထောက်ပြလိုက်ခြင်းပင်။
မှော်ဝိညာဉ်၏အစွမ်းအားလုံးမှာ ပြိုင်ဘက်၏သက်စောင့်ဝိညာဉ်ကို လွှမ်းမိုးနိုင်ရန်နှင့် စုပ်ယူရန်ဖြစ်သည်။ ထို့အတွက် ဝူကျိန်းသည် တောရိုင်းကောင်များကို ထိန်းချုပ်နိုင်၏။ တောရိုင်းကောင်များသည် လူများနှင့် ကျင့်ကြံခြင်းအဆင့်တူညီသော်လည်း သာမန်တောရိုင်းကောင်၏ သက်စောင့်ဝိညာဉ်က အစွမ်းထက်နေမည်ဆိုလျှင်ပင် လူတွေ၏သက်စောင့်ဝိညာဉ်ကို မယှဉ်နိုင်ချေ။ သို့ဖြစ်၍ တောရိုင်းကောင်များကို အလွယ်တကူ ထိန်းချုပ်နိုင်၏။ မှော်ဝိညာဉ်သည် တောရိုင်းကောင်များကို ထိန်းချုပ်နိုင်ပြီး စုပ်ယူနိုင်သော်လည်း လူများ၏ သက်စောင့်ဝိညာဉ်များကို လွှမ်းမိုးရန်သာ တတ်နိုင်သည်။ ကျင့်ကြံသူများကိုထိန်းချုပ်နိုင်သော အစွမ်းမရှိချေ။
အမှန်တကယ်တော့ တောရိုင်းကောင်များကို ထိန်းချုပ်နိုင်သည်ဆိုခြင်းကပင် အံ့မခန်းဖြစ်နေ၏။
“ မင်း င့ါကို ဘာစိတ်ဝိညာဉ်ပြမလဲ ငါတကယ်မြင်ချင်တယ် ”
ဝူကျိန်းက လင်းဖန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။ ယခုအချိန်တွင် မှော်ဝိညာဉ်သည် ဝူကျိန်း၏နောက်သို့ ပြန်လည်ရောက်ရှိသွားသည်။ တောရိုင်းကောင်နှစ်ကောင်သည်လည်း ထိန်းချုပ်မှုအောက်တွင် လေထဲသို့ ပျံသန်းလာ၏။ ၎င်းတို့မှာ အတောင်ပံကျားတစ်ကောင်နှင့် အတောင်ပံခြင်္သေ့တို့ဖြစ်သည်။
တောရိုင်းကောင်နှစ်ကောင်၏ မျက်လုံးများသည် သွေးဆာနေပြိး လင်းဖန်ကို အလွန်တရာ ကြမ်းကြုတ်သောအကြည့်များဖြင့် စူးစိုက်ကြည့်နေ၏။
“ တောရိုင်းကောင်တွေလား။ မင်းတောင်မကြောက်သေးတာ ငါက ဘာလို့ ကြောက်ရမှာလဲ ”
လင်းဖန်က မထူးခြားသည့်လေသံဖြင့် ပြောကြားလိုက်၏။ အဆုံးအစမဲ့များပြားသော ခရမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး စုစည်းသွားကာ ခရမ်းရောင်မြွေများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် တောရိုင်းကောင်နှစ်ကောင်၏ ခန္ဓာကိုယ်ကို ချက်ချင်းရစ်ပတ်ထားလေသည်။
အတောင်ပံကျားနှင့် အတောင်ပံခြင်္သေ့တို့သည် စတင်၍ တုန်ယင်လာ၏။ ခရမ်းရောင်မြွေများသည် ပို၍ တင်းကြပ်စွာ ဖိလာရာ တောရိုင်းကောင်နှစ်ကောင်မှာ ကျိုးကြေလာသည်။
“ ဒါ မင်းငါ့ကို မြချင်နေတဲ့ စိတ်ဝိညာဉ်လား။ ဒါကို ငါမြင်ဖူးပြီးသားပဲ ”
ဝူကျိန်းက မထူးခြားသည့်လေသံဖြင့် ပြောလိုက်သည်။
လင်းဖန်၏မျက်လုံးများက နက်မှောင်နေဆဲပင်။
“ မင်းရဲ့မှော်ဝိညာဉ်ကို ငါမြင်ရတဲ့အတွက် ငါသေနိုင်ပြီလို့ မင်းပြောခဲ့တယ်မလား။ မင်းကို ငါ့ရဲ့စိတ်ဝိညာဉ်ပြပါ့မယ်။ ခရမ်းရောင်ဝိညာဉ် ထုတ်နေစဉ်အတွင်းမှာ ဒီစိတ်ဝိညာဉ်ကို ထုတ်လိုက်တာ ဒါက ပထမဆုံးအကြိမ်ပဲ ”
လင်းဖန်၏စကားဆုံးသောအခါ ပတ်ဝန်းကျင်တွင် နဂါးတစ်ကောင်မြည်သံထွက်ပေါ်လာ၏။ လင်းဖန်၏နောက်တွင် ခေါင်းခြောက်လုံးနှင့် နဂါးတစ်ကောင်ရှိနေသည်။ ခေါင်းခြောက်လုံးနှင့်အတူ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်သည် ကောင်းကင်ကြီးကို မော့ကြည့်ကာ ကျယ်လောင်စွာ အော်မြည်နေ၏။
လင်းဖန်မှာ နောက်ထပ်စိတ်ဝိညာဉ်တစ်ခုရှိနေပြီး စိတ်ဝိညာဉ်နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်သည်မှာ ဤတစ်ကြိမ်က သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။
“ အမြွှာဝိညာဉ်…”
ဝူကျိန်းသည် နဂါးမြည်သံကို ကြားသောအခါ ကြောက်ရွံ့စိတ်ကြောင့် စတင်၍ တုန်ခါလာ၏။ လင်းဖန်ကား သူ၏အစွမ်းကို တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့သည်။ သူက အံ့သြစရာကောင်းအောင် အမြွာဝိညာဉ်ပိုင်ဆိုင်သူတစ်ယောက် ဖြစ်နေ၏။
ထို့အပြင် ခြောက်ခုမြောက်နဂါး၏ ခေါင်းကိုမော့ကာ ကောင်းကင်ကြီးကို အော်မြည်နေသည်ကို ကြည့်ကာ ဝူကျိန်းမှာ ထိတ်လန့်ကြောက်ရွံ့စပြုလာသည်။ ထို့နောက် နဂါးခေါင်းခြောက်လုံးကို စူးစိုက်ကြည့်ကာ သူ့မျက်နှာ ဆိုးရွားစွာ ပျက်ယွင်းလာပြီး သူ၏နှလုံးသည် သူ့ဝမ်းဗိုက်မှ ပေါက်ထွက်တော့မည့်အလား အရှိန်ပြင်းစွာ ခုန်လာသည်။
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ……”
ဝူကျိန်းသည် သူ့မျက်လုံးကို သူမယုံကြည်နိုင်အောင် ဖြစ်နေ၏။ လင်းဖန်၏ စိတ်ဝိညာဉ်က ယွဲ့မျိုးနွယ်စု၏ မျိုးဆက်များသာ ဆက်ခံနိုင်ခွင့်ရှိသော သွေးဝိညာဉ်ဖြစ်သည် ကောင်းကင်စွယ်ဝိညာဉ်ဖြစ်နေသည်။
လင်းဖန်၏မျိုးနွယ်အမည်က လင်းဖြစ်ရာ မည်ကဲ့သို့ ယွဲ့မျိုးနွယ်စု၏ စိတ်ဝိညာဉ်ရှိနေရသနည်း။
လင်းဖန်သည် ဆိုးရွားစွာ မျက်နှာပျက်သွားသော ဝူကျိန်းကို ကြည့်ကာ အလွန်အံ့အားသင့်သွား၏။ သူ့မှာ အမြွာဝိညာဉ်ရှိသော်လည်း ဝူကျိန်းက အံ့မခန်းအစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ အမြွာဝိညာဉ်ကို မြင်သောအခါ မည်သည့်အတွက်ကြောင့် သူတုန်လှုပ်နေရသနည်း။ ယခင်က အမြွာဝိညာဉ်ရှိသူနှင့် ရင်မဆိုင်ခဲ့ဖူး၍လော။
“ မင်းမျိုးရိုးနာမည်က ယွဲ့လား။ ဒါမှမဟုတ် လင်းလား ”
ဝူကျိန်းက လင်းဖန်ကို စူးစိုက်ကြည့်လိုက်ပြီး မေးလိုက်၏။
“ ယွဲ့လား ”
လင်းဖန်မျက်မှောင်ကြုတ်သွားသည်။ ယွဲ့မျိုးနွယ်စုလား။ ဝူကျိန်း၏စကားကို သူနားမလည်တော့ချေ။
“ မင်းမသိသေးတဲ့ပုံပဲ ”
လင်းဖန်၏မျက်နှာအမူအရာကို မြင်သောအခါ ဝူကျိန်းက ပြောလိုက်သည်။ သူ့မျက်လုံးများက တလက်လက်တောက်ပလာ၏။ စောစောက ယွဲ့ချင်းရှန်သည် လင်းဖန်ကို မည်သည့်အတွက်ကြောင့် ကူညီရလဲဆိုတာ သူချက်ချင်းနားလည်သွားသည်။ ထို့အပြင် ယွဲ့ချင်းရှန်က ယွီမျိုးနွယ်စု၏ခေါင်းဆောင်နှင့် ဝမ်ရှောင်ကျောင်းတော်မှ လူများကို လင်းဖန်အား မတိုက်ခိုက်စေရန် ဖျောင်းဖျခြင်းပင်ပြုခဲ့သေးသည်။
ထိုအတွက်ကြောင့် ယွီမျိုးနွယ်စုက လင်းဖန်ကို သတ်ဖြတ်ရန် ဝမ်ရှောက်ကျောင်းတော်ကို လွှဲပေးလိုက်တာလား။
ဝူကျိန်း၏ ခေါင်းထဲတွင် များစွာသော မေးခွန်းများ ဖြစ်ပေါ်လာ၏။ ယွီမျိုးနွယ်စုသည် အလွမ်းတောအုပ်ပိုင်ရှင်၏ စိတ်စွမ်းအားချိုးဖျက်ခြင်းကို ခံလိုက်ရကြောင်း သူကြားသိခဲ့ရသည်။ ထို့နောက် သွမ့်ဝူရ၏ နောက်လိုက်တစ်ယောက်က သူ့ကို သတ်ပစ်ခဲ့သည်။
သွမ့်ဝူရက လင်းဖန်အတွက်ကြောင့် ယွီမျိုးနွယ်စုကို အပြစ်ပေးရန် မည်သည့်အတွက်ကြောင့် ဆုံးဖြတ်ခဲ့သလဲ။
ဝူကျိန်းသည် အခြေအနေတစ်ခုလုံးကို များစွာနားလည်လာသည်ဟု ခံစားလာရ၏။ ထို့အပြင် ထိုအကြောင်းကို သူတွေးမိသောအခါ ပို၍ အံ့အားသင့်လာရသည်။
လွန်ခဲ့သော ဆယ့်ရှစ်နှစ်က အဖြစ်အပျက်….။ ယခုအချိန်မှာ လင်းဖန်၏အသက်က ဆယ့်ရှစ်နှစ်ဖြစ်သည်။
တိုက်ဆိုင်မှု တစ်ခုပေလော။
ဝူကျိန်းသည် လှည့်စားခံလိုက်ရသည့်ပမာ ခံစားလိုက်ရ၏။ သူသည် ယွီမျိုးနွယ်စု၏လက်ထဲမှ နယ်ရုပ်လေးတစ်ရုပ် ဖြစ်သွားခဲ့သည်။
အကယ်၍ သူ၏တွေးဆချက်များသာ မှန်ကန်ခဲ့လျှင် လင်းဖန်က သူမ၏သားဖြစ်သည်။ ဤကဲ့သို့အခြေအနေများအောက်မှာ လင်းဖန်ကို သူသတ်နိုင်မလား။ အကယ်၍ သူသတ်လိုက်လျှင် သူမက သူ့ကို လာသတ်မည်လား။
ဆယ့်ရှစ်နှစ်ကြာသွားပြီဖြစ်ပြီး အထူးချွန်ဆုံးပါရမီရှင်လေးယောက်၏ ကျင့်ကြံအဆင့်က ယခုအချိန်မှာ မည်သည့်အဆင့်သို့ ရောက်နေမလဲဆိုတာ ဘယ်သူမှ မသိကြပေ။ အင်ပါယာမျိုးနွယ်စုမှ ပါရမီရှင်သည် ကျင့်ကြံခြင်း၏ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီး သူ့ကို ဘယ်သူမှ မယှဉ်နိုင်တော့ဘူးဟူ၍ သူကြားခဲ့ရသည်။ သူမကိုကြည့်မည်ဆိုလျှင်လည်း ရွှီယွဲ့နိုင်ငံမှာ ဒုတိယအစွမ်းထက်ဆုံး ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ရာ ဆယ့်ရှစ်နှစ်ကြာသောအခါ သူမ၏ကျင့်ကြံခြင်းအဆင့်က မည်မျှကြောက်စရာကောင်းသည့်အဆင့်ထိ ရောက်ရှိသွားမည်လဲ။
ကျင့်ကြံခြင်းလမ်းစဉ်မှာ အသက်အရွယ်က ကိစ္စမရှိပေ။ ကျင့်ကြံသူတစ်ယောက်က ပိုမိုအစွမ်းထက်လေ ပို၍အသက်ရှည်စွာ နေနိုင်၏။
ကျင့်ကြံခြင်းလမ်းစဉ်သည် တစ်စုံတစ်ခုသော အဆင့်သို့ ရောက်သည့်အခါ ချိုးဖျက်ရန် ခက်ခဲသွားသည်။ ကျင့်ကြံခြင်းအဆင့်မြင့်လာလေ ပို၍ ခက်ခဲလာလေပင်။ နောက်တစ်ဆင့်သို့ ရောက်ရှိရန် အတွက် နှစ်အနည်းငယ်သို့မဟုတ် ဆယ်စုနှစ်များစွာ ကြာမြင့်၏။ သို့သော်လည်း ပင်ကိုယ်ပါရမီမြင့်မားသူများသည် သာမန်လူများထက် နောက်တစ်ဆင့်သို့ ရောက်ရှိရန် အခွင့်အလမ်းပိုမိုများပြားသည်။
သို့ဖြစ်ရာ အင်အားကြီးမားသော အဖွဲ့အစည်းများသည် မျိုးဆက်သစ်များကို အထူးအလေးထားနေခြင်းဖြစ်၏။ သူတို့က ကျောင်းတော်၊ မျိုးနွယ်စုများမှ အကြီးအကဲများအောက် များစွာနိမ့်ကျနေလျှင်ပင် တစ်နေ့မှာ အကြီးအကဲများ၏ အစွမ်းကွာခြားမှုက ပို၍ ကျဉ်းမြောင်းလာလိမ့်မည်။ တစ်ချိန်ချိန်ရောက်လျှင် မျိုးဆက်သစ်များက အကြီးအကဲများကို ကျော်သွားလိမ့်မည်။ ထိုအချိန်ကို မျိုးနွယ်စုသို့မဟုတ် ကျောင်းတော်များအတွက် ခေတ်သစ်စတင်ခြင်းဟု သတ်မှတ်ကြ၏။
မျိုးဆက်သစ်များက ပါရမီအရှိဆုံးဖြစ်လေ…မျိုးဆက်သစ်များနှင့် အကြီးအကဲများ၏ ကြားက ကွာခြားချက်သည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ဥပမာအနေဖြင့် ဝမ်ရှောက်ကျောင်းတော်မှာ အဆင့်မြင့်အရာရှိရှစ်ယောက်ထဲတွင် ပါဝင်သော ကျောင်းသားတစ်ယောက် ရှိ၏။ လွန်ခဲ့သော သုံးနှစ်က သူသည် အကြီးအကဲများထက် အစွမ်းနိမ့်ကျခဲ့သော်လည်း သုံးနှစ်လွန်မြောက်ပြီးနောက် အချို့အကြီးအကဲများထက် များစွာ အစွမးထက်နေသည်။ မည်သည့်အတွက်ကြောင့်ဆိုရသော် အကြီးအကဲတချို့သည် သူတို့၏ကျင့်ကြံခြင်းအဆင့်မှာ ရပ်တန့်နေခဲ့သောကြောင့် ဖြစ်၏။
သို့ဖြစ်ရာ လွန်ခဲ့သော ဆယ့်ရှစ်နှစ်က ပျောက်ကွယ်သွားခဲ့သည့် ပါရမီရှင်လေးယောက်ကို ဘယ်သူမှ အထင်မသေးဝံ့ခြင်းဖြစ်သည်။ သူတို့ ပျောက်ကွယ်နေခဲ့သည့်အချက်က လူများကို ကြောက်လန့်စေသည်။ သူတို့က များစွာထူးဆန်း၏။
ထိုစဉ် လင်းဖန်၏နဂါးထွက်ပေါ်လာသောအခါ အတောင်ပံကျားနှင့် အတောင်ပံခြင်္သေ့တို့သည် ချက်ချင်းကြောက်လန့်သွားကြပုံပေါ်သည်။ နဂါး၏အော်မြည်သံက တောရိုင်းကောင်နှစ်ကောင်၏ နှလုံးသားကို တိုက်ခိုက်လိုက်ပုံပေါ်သည်။
“ မင်းရဲ့စိတ်ဝိညာဉ်အမည်က ဘာလဲ ”
ဝူကျိန်းက ခေါင်းခြောက်လုံးနဂါးကို စူးစိုက်ကြည့်ကာ မေးမြန်းလိုက်၏။
“ ကောင်းကင်စွယ်လို့ခေါ်တယ် ”
လင်းဖန်က မထူးခြားသည့်လေသံဖြင့် ပြောလိုက်ရာ ဝူကျိန်း၏နှလုံးသားမှာ တဒင်္ဂကြာ ရပ်တန့်သွားရသည်။ သူ၏နောက်ဆုံးမျှော်လင့်ချက် ပြိုလဲသွားရ၏။
ကောင်းကင်စွယ်သည် နဂါးကိုးကောင်ထဲမှ တစ်ကောင်ဖြစ်သည်။
သူတွေးထားသည့်အတိုင်း ယွဲ့မျိုးနွယ်စု၏သွေးများက လင်းဖန်၏သွေးကြောတွေထဲမှာ စီးဆင်းနေ၏။ ထိုစိတ်ဝိညာဉ်သည် သွေးဝိညာဉ်တစ်ခု ဖြစ်သည်။
“ ဒီနေ့ ငါတို့တိုက်ဖို့ မလိုတော့ဘူး။ ကိစ္စတွေအားလုံးကို ကျေအေးလိုက်ကြရအောင်။ မင်းဘယ်လိုသဘောရလဲ ”
ဝူကျိန်းသည် တိတ်ဆိတ်ငြိမ်သက်နေရာမှ ပြောလိုက်သည်။ လင်းဖန်ကို သူမတိုက်ခိုက်ချင်တော့ပေ။ သူ၏အဖေသည်လည်း နားလည်လိမ့်မည်ဟု သူယုံကြည်၏။
အသုံးမကျသော ကျောင်းသားတချို့အတွက် လင်းဖန်ကို သတ်ခြင်းက ထိုက်တန်ခြင်းမရှိချေ။
ဝမ်ရှောက်ကျောင်းတော်ကသာ လင်းဖန်ကို သတ်ဖြတ်ခဲ့လျှင် သူမနှင့် ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်။
“ မတိုက်ခိုက်တော့ဘူး။ ကျေအေးရတော့မယ်ပေါ့ ”
လင်းဖန် တအံ့တသြဖြစ်သွား၏။ ဝူကျိန်းက မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ စကားလုံးများကို ရုတ်ချည်းပြောဆိုလာရလဲဆိုတာ သူနားမလည်ပေ။ သို့သော်လည်း သူသည် သူ၏အမြွှာဝိညာဉ်အပြင် အတိုက်အခိုက်စွမ်းအင်များကိုလည်း ထုတ်ဖော်ပြီးသားဖြစ်နေ၏။ ဤကဲ့သို့ ပေါက်ကွဲလုအခြေအနေမှာ ကျေအေးရမည်လား။
ဝူကျိန်းက တိုက်ခိုက်ချင်သည်ဖြစ်စေ၊ိမတိုက်ခိုက်ချင်သည်ဖြစ်စေ တိုက်ခိုက်ရလိမ့်မည်။
“ လင်းဖန်…ငါက ရွှမ်ချီအဆင့်သုံးရှိတယ်။ မှော်ဝိညာဉ်ကိုလည်း ပိုင်ဆိုင်ထားသလို လအဆင့်နိမ့်ကျင့်စဉ်ကိုလည်း လေ့ကျင့်ထားတယ်။ မင်းမှာ အမြွှာဝိညာဉ်ရှိတယ်ဆိုရင်တောင် တိုက်ခိုက်မယ်ဆိုရင် မင်းရှုံးသွားမယ်။ မင်းကို ငါက အခွင့်အရေးပေးနေတာပဲ ”
ဝူကျိန်းသည် လင်းဖန်က လက်မခံချင်သည်ကို မြင်သောအခါ ပြောလိုက်၏။ ဝူကျိန်းစကားပြောသည့်အသွင်က အံ့မခန်းအခွင့်အရေးတစ်ခုကို ပေးလိုက်သည့်ပုံစံ ဖြစ်နေသည်။
“ ကောင်းပြီလေ။ မင်းပေးတဲ့အခွင့်အရေးအတွက် မင်းကို ကျေးဇူးတင်တယ် ”
လင်းဖန်က ပြောလိုက်သည်။ သူ၏မျက်လုံးများက အေးစက်ကာ ခံစားချက်ကင်းမဲ့နေ၏။ ထို့နောက် သူက ဆက်လက်၍
“ ဒါပေမယ့် အဲ့ဒီအခွင့်အရေး ငါမလိုဘူး ”ဟု ပြောလိုက်လေ၏။
စကားဆုံးသောအခါ သူ၏ခေါင်းခြောက်လုံး နဂါးသည် ရွှမ်အဆင့်တောရိုင်းကောင်နှစ်ကောင်ဆီသို့ ရွေ့လျားသွားသည်။
“ ဂါး …. ဂါး …..”
တောရိုင်းကောင်နှစ်ကောင်သည် ခရမ်းရောင်မြွေများမှ လွတ်မြောက်ရန် အတင်းကြိုးစားရုန်းကန်နေ၏။ သို့ရာတွင် ခရမ်းရောင်မြွေများက တောရိုင်းကောင်နှစ်ကောင်၏ ခန္ဓာကိုယ်ကို ပိုမိုတင်းကြပ်စွာ ရစ်ပတ်ထားသည်။ ထိုစဉ် နဂါးက ရောက်ရှိလာပြီ တောရိုင်းကောင်နှစ်ကောင်ကို ဝါးမြိုလိုက်လေ၏။
“ ကောင်းကင်စွယ်ဝိညာဉ်က ငါခန့်မှန်းထားသလို တောရိုင်းကောင်တိုင်းကို ဝါးမြိုနိုင်စွမ်းရှိတာပဲ ”
လင်းဖန်တွေးလိုက်၏။ သူ့မျက်လုံးများသည် အန္တရာယ်ရှိသည့်အလင်းရောင်များဖြင့် တောက်ပလာသည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် သန့်စင်သောချီများစွာ လှည့်ပတ်လာပြီး လျှပ်တစ်ပြက်အတွင်း သူ၏သန့်စင်သောချီများက ပိုမိုအစွမ်းထက်လာတာကို သူခံစားလိုက်ရသည်။
ဤအရာကား ကောင်းကင်စွယ်ဝိညာဉ်ဖြစ်ပေ၏။ တောရိုင်းကောင်များကို မြိုနိုင်ပြီး ၎င်းတို့၏သန့်စင်သောချီများကို စုပ်ယူနိုင်သည့် ဝိညာဉ်တစ်ခုပင်။
“ ကောင်းကင်စွယ် …”
ဝူကျိန်း၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ သူသည် ဝမ်ရှောက်ကျောင်းသားတစ်ယောက်ဖြစ်သော်လည်း ကောင်းကင်စွယ်ဝိညာဉ်၏ အစွမ်းကို ယခုမှသာ တွေ့မြင်ဖူးခြင်းဖြစ်သည်။ သူ၏မှော်ဝိညာဉ်သည် တောရိုင်းကောင်များကို ထိန်းချုပ်နိုင်သော်လည်း ကောင်းကင်စွယ်ဝိညာဉ်က တောရိုင်းကောင်များကို ဝါးမြိုကာ ၎င်းတို့၏ချီများကို စုပ်ယူနိုင်၏။ သူ၏တောရိုင်းကောင်များက အသုံးဝင်ပါသလော။
![](https://img.wattpad.com/cover/189883167-288-k448281.jpg)