ရွှေရောင်ကျစ်တောင်ခြေ
ကျစ်နန်၏အတွေးကရှင်းသည်။ သူက လင်းဖန်ကို သူ့သမီးများနှင့်အတူ ခရီးတစ်လျှောက်သွားလာစေရန် မျှော်လင့်နေ၏။
ကျစ်လင်းက လင်းဖန်အောက် နှစ်အနည်းငယ်သာ ငယ်သည်။ ကျစ်ယီနှင့် လင်းဖန် သက်တူရွယ်တူဖြစ်၏။ သူမတို့နှစ်ယောက်က ချစ်စရာကောင်းသည်။ ထို့အပြင် နှစ်ယောက်လုံးကုအစွမ်းထက်သူများ ဖြစ်ပေ၏။ အကယ်၍ လင်းဖန်သာ သူတို့နှင့်အတူခရီးသွားခဲ့လျှင် ထိုအရာက ကောင်းမွန်သောအရာတစ်ခုဖြစ်နိုင်သည်။
အမှန်တကယ်တော့ အကယ်၍ သူတို့နှင့်အတူ သူလိုက်မသွားခဲ့ဘူးဆိုလျှင်သော်မှ သူတို့၏လုံခြုံရေးအတွက် စိုးရိမ်စရာမရှိလေရာ မည်သည့်အတွက် သူလိုက်ပါရမည်နည်း။
သို့သော်လည်း ကျစ်ယီနှင့် ကျစ်လင်းမှာလွန်စွာအံ့အားသင့်သွား၏။ လင်းဖန်ကို “ ကျင့်ကြံသူလေး ” ဟုခေါ်လိုက်သောစကားကြောင့် သူမတို့နှစ်ယောက်လုံး ကျစ်နန်ကို ထူးဆန်းစွာ ကြည့်လိုက်ကြသည်။
“အဖေ..သူ့ကို ဘယ်လိုခေါ်လိုက်တာလဲ ”
ကျစ်လင်းက လွန်စွာအံ့သြသည့်အသွင်ဖြင့် ပြောကြားလိုက်၏။ ပုံမှန်အားဖြင့် သူမ၏အဖေသည် ဘယ်သောအခါမှ သူမကို ဆူပူကြိမ်းမောင်းလေ့မရှိပေ။ ယခုအချိန်တွင် လင်းဖန်ကြောင့် သူမ၏အဖေက သူမကို နှစ်ကြိမ်ရှိသည်အထိ ဆူပူနေခဲ့ပေသည်။
“ ကျစ်လင်း၊ ကျစ်ယီ …သမီးတို့ရဲ့အပြုအမူက လက်ခံနိုင်စရာမကောင်းဘူး။ လင်းဖန်က သမီးတို့ထက်အများကြီး အစွမ်းထက်တယ်။ သူက သည်းခံနိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်သာ သမီးတို့ကို ဘာမှမပြောတာပဲ။ သမီးတို့နှစ်ယောက်ဟာ အဆိုးအကောင်းကို ဘယ်လိုခွဲခြားရမှန်း မသိသေးဘူးကိုး။ သူ့ကို အစေခံတစ်ယောက်လို ပြုမူနေတာက သမီးတို့အတွက် တကယ်ရှက်စရာကောင်းတဲ့ကိစ္စပဲ ”
ကျစ်နန်က သူ၏သမီးနှစ်ယောက်ကို ထပ်မံ၍ ဆူပူလိုက်ပြန်သည်။ သူ့စကားလုံးများက အဖိုးတန်နေပြီး အဓိပ္ပါယ်ပြည့်ဝနေ၏။
“ ဒီတစ်ကြိမ်တော့ လင်းဖန်ကို သမီးတို့နဲ့အတူ သွားခွင့်ပြုလိုက်မယ်။ သမီးတို့နှစ်ယောက်က လင်းဖန်ဆီက အကြံဥာဏ်တွေတောင်းခံပြီးတော့ သူပြောတာကို နားထောင်ရမယ်။ သူနှင့် သင့်သင့်မြတ်မြတ်နေရမယ် ”
“ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ငါတို့ထက် ပိုမြင့်နေတာလား ”
ကျစ်လင်းက လင်းဖန်ကို စိုက်ကြည့်လျက် ပြောလိုက်၏။ သူမက အလွန်တရာသိချင်စိတ်ပြင်းပြနေမိသည်။ ထို့နောက် သူမက ကျစ်နန်ကို ပြောလိုက်၏။
“ အဖေ…တကယ်ပဲ အဖအထင်မှားနေတာ မဟုတ်ဘူးလား ”
“ အဖေ..သူ့လို ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်ကို မယုံကြည်သင့်ဘူး ”
ကျစ်ယီက သူမအဖေ၏စကားကို မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။ သူမသည် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး လင်းချီစုဆောင်းမှုအဆင့်သုံးကို ရောက်ရှိနေပြီဖြစ်၏။ ထို့အပြင် လင်းဖန်က သူမနှင့်ရွယ်တူသာဖြစ်ရာ သူမထက်ပိုအစွမ်းထက်သည်ဆိုတာကို လက်မခံနိုင်အောင် ဖြစ်နေသည်။
“ ပိတ်ထားစမ်း..ငါ့စကားကို သံသယဝင်ရဲတယ်!”
ကျစ်နန်က ပြောင်းလဲသွားခြင်းမရှိဘဲ အော်ငေါက်လိုက်၏။ ထို့နောက် သူက ဆက်လက်ပြောဆိုလိုက်သည်။
“ မြန်မြန်လုပ်..ပစ္စည်းတွေကို ထုတ်ပိုးပြီး ထွက်ခွာသွားတော့ ”
“ ဟမ့် !”
ကျစ်ယီက အံ့ကိုကြိတ်လျက် ကျစ်လင်း၏လက်ကို ဆွဲကာချက်ချင်းထွက်ခွာသွား၏။
ကျစ်နန်က မိန်းကလေးနှစ်ယောက်ကို ကြည့်ကာ ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် လင်းဖန်ကို စိတ်ပျက်စွာ ပြုံးပြလိုက်ပြီး ပြောလိုက်၏။
“ ကျင့်ကြံသူလေး..ကျုပ်သမီးတွေက ဘာမှမသိနားမလည်ကြပါဘူး။ ကျင့်ကြံသူလေးက ဗွေမယူလောက်ဘူးလို့ မျှော်လင့်မိပါတယ် ”
လင်းဖန်က အနည်းငယ်ပြုံးလိုက်ပြီး ရပါတယ်ဟူသည့်သဘောဖြင့် ခေါင်းကို ခါယမ်းပြလိုက်သည်။ ကျစ်နန်မှာ စိတ်လက်ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရပုံမပေါ်ပေ။ ဖြစ်နိုင်တာက လင်းဖန်၏ကျင့်ကြံခြင်းအဆင့်က လွန်စွာမြင့်မားသည့်အတွက် သာမန်လူများ၏စကားများနှင့် အဆင့်အတန်းဆိုတာကို ဂရုစိုက်တော့တာများလား။…
ကျစ်လင်းနှင့် ကျစ်ယီက အဝတ်အစားအနည်းငယ်နှင့် လမ်းခရီးတွင် လိုအပ်မည့် အသုံးအဆောင်ပစ္စည်းများကို ယူလိုက်သည်။
ကျစ်ဝေတောင်ရွာ၏အပြင်ဘက်တွင် ကျစ်လင်း၊လင်းဖန်နှင့် ကျစ်ယွမ်တို့က မြင်းပေါ်တွင် ရှိနေကြလေသည်။ ကျစ်နန်ပြောသည့်အတိုင်း သူတို့သုံးယောက်သာလျှင် ကျစ်အုပ်စိုးသူနယ်မြေသို့ သွားကြမည်ဖြစ်၏။
