အောင်မြင်မှုမရခင် သူ့ကိုအထောက်အပံ့ပေးမယ်
လင်းဖန်ထွက်ခွာသွားပြီးနောက် သခင်ဟောင်နှင့် သခင်ချီတို့က ဆေးဝါးဖော်စပ်သည့်အခန်းထဲမှာ ကျန်နေခဲ့၏။
“ မိတ်ဆွေကြီး။ မင်းက ကျုပ်ထက်ငယ်ပေမယ့် မင်းရဲ့စိတ်စွမ်းအင်အဆင့်က ကျုပ်ထက်မြင့်တယ်။ ရွှမ်ချီအဆင့်သုံးရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်သလို မင်းရဲ့ပင်ကိုယ်ပါရမီကလည်း အင်မတန်မြင့်မားတယ်။ ဒီစိတ်ဝိညာဉ်သွေးဆေးက သွေးကြောတွေရဲ့အစွမ်းကို တိုးပွားစေသလို သက်စောင့်ဝိညာဉ်ကိုလည်း အများကြီးသန်မာလာစေတယ်။ တကယ်လို့ မင်းသာ ဒီဆေးကိုယူမယ်ဆိုရင် ရွှမ်ချီအဆင့်လေးကို ရောက်သွားနိုင်တယ်။ ကောင်းကင်အဏ္ဏဝါမြို့လို ကြီးမားတဲ့မြို့မှာ သြဇာအာဏာလည်း ပိုမိုကြီးမားလာလိမ့်မယ် ”
သခင်ဟောင်က သခင်ချီကို တည်ကြည်လေးနက်စွာဖြင့် ကြည့်လိုက်ပြီး ပြောလက်စ စကားကို ဆက်လိုက်၏။
“ အဲ့ဒါကြောင့် မိတ်ဆွေကြီးအနေနဲ့ နောက်တစ်ကြိမ် မငြင်းသင့်တော့ဘူး ”
သခင်ချီမှာ အတန်ငယ်အံ့အားသင့်သွားပြီး ခဏမျှငြိမ်သက်သွား၏။ နောက်ဆုံးတွင် ခေါင်းညိတ်ကာ
“ ကောင်းပြီ ” ဟုသူပြောလိုက်သည်။
“ မိတ်ဆွေကြီး။ နောင်ဆိုရင် လင်းဖန်ရဲ့ပင်ကိုယ်စွမ်းရည်နဲ့ ကမ္ဘာမြေနဲ့ ပေါင်းစပ်ခြင်းရယ်ဆိုရင် ဆေးကောင်းတွေ ငါတို့ပိုရနိုင်တယ်။ နောက်ထပ် ဆေးလုံးတွေ ငါမရနိုင်တော့ဘူးလို့ မင်းတွေးနေတာလား ”
“ ဟမ် ”
သခင်ချီသည် အတော်လေးအံ့အားသင့်သွားပြီး သခင်ဟောင်ကို စူးစိုက်ကြည့်ကာ
“ မင်းဆိုလိုတာက …..”
သခင်ဟောင်က ခေါင်းကိုညိတ်ပြလိုက်ပြီး ပြောလိုက်၏။
“ မင်းခန့်မှန်းတာ မှန်တယ်။ လင်းဖန်နောက်ကိုလိုက်ဖို့ ငါဆုံးဖြတ်ပြီးပြီ ”
“ လင်းဖန်နောက်ကို လိုက်မယ် ”
သခင်ချီ၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ လင်းဖန်သည် လင်းချီစုဆောင်းမှုအဆင့်ရှစ်သာရှိသေးပြီး ရွှမ်ချီအဆင့်သုံးတွင် ရှိသော အစွမ်းထက်ကျင့်ကြံသူသခင်ဟောင်က အံ့အားသင့်စရာကောင်းလောက်အောင် လင်းဖန်နောက်သို့ လိုက်ပါချင်နေ၏။
“ ဟုတ်တယ်။ လင်းဖန်နောက်ကိုလိုက်မှာ ”
သခင်ချီက လေးလေးနက်နက်ပြောဆိုလိုက်သည်။ ထို့နောက် တည်ကြည်စွာဖြင့် ဆက်လက်ပြောဆိုလိုက်၏။
“ မိတ်ဆွေကြီး။ လင်းဖန်ရဲ့ဆေးဝါးဖော်စပ်တဲ့စွမ်းရည်ကို မင်းလည်းသိမှာပါ ”
သခင်ချီမျက်မှောင်ကြုတ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
“ ကမ္ဘာမြေနှင့်ပေါင်းစည်းခြင်း၊ ထူးကဲတဲ့သက်စောင့်ဝိညာဉ်အစွမ်း၊ လင်းဖန်ရဲ့ပင်ကိုယ်စွမ်းရည်…အင်း သူက ကြီးကျယ်တဲ့ဆေးပညာရှင်တစ်ယောက် ဖြစ်နိုင်တယ် ”
“ မှားနေပြီ မိတ်ဆွေကြီး ”
သခင်ဟောင်က ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။
“ ကျုပ်မှားနေတာလား ”
“ ဟုတ်တယ်။ ကမ္ဘာမြေနဲ့ပေါင်းစည်းခြင်းအဆင့်၊ သူ့ရဲ့အံ့မခန်းသက်စောင့်ဝိညာဉ်အစွမ်း…သူက ဆေးဝါးဖော်စပ်မှာတင်မကဘူး။ အရာအားလုံးမှာ အင်မတန်ထူးချွန်တယ်။ တစ်စုံတစ်ခုကို သူဆန္ဒရှိရင် ပေါက်မြောက်အောင် သူလုပ်နိုင်တယ်။ သူက အံ့မခန်းအစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ သူက ဆေးပညာရှင်တစ်ယောက်ဖြစ်နိုင်သလို ဗိုလ်ချုပ်တစ်ယောက်လည်း ဖြစ်နိုင်တယ်။ တကယ်လို့ ကျုပ်တို့သာ စောင့်ကြည့်ရင် အံ့မခန်းအံ့အားသင့်တဲ့အရာတွေကို မြင်တွေ့ရလိမ့်မယ် ”
သခင်ဟောင်က ဖြည်းညင်းစွာ ပြောပြနေ၏။ သခင်ချီ၏မျက်လုံးများက တလက်လက်တောက်ပနေသည်။ ဟုတ်သည်...အံ့မခန်းသက်စောင့်ဝိညာဉ်အစွမ်း၊ ကမ္ဘာမြေနှင့်ပေါင်းစပ်ခြင်း၊ ထူးကဲသည့် ပင်ကိုယ်ပါရမီနှင့်ဆိုလျှင် လင်းဖန်က အရာအားလုံးကို ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်လိမ့်မည်။
“ မိတ်ဆွေကြီး၊ လင်းဖန်ရဲ့အပြုအမူတွေကို မင်းမျက်လုံးနဲ့တွေ့မြင်နေပြီးသားပဲ။ သူက ယုံကြည်ဖို့ကောင်းတဲ့လူတစ်ယောက်ပါ။ ငါတို့က ရွှမ်ချီအဆင့်ကျင့်ကြံသူတွေဖြစ်ပေမယ့် ငါတို့အသက်တွေ မငယ်တော့ဘူး။ ငါတို့သက်တမ်းမှာ နောက်ထပ်အဆင့်တွေ မရောက်နိုင်တော့ဘူး။ ငါတို့အသက်တွေက အဆုံးအစမဲ့ မဟုတ်ဘူး။ ဒီနေ့ ကောင်းကင်အဏ္ဏဝါမြို့မှာ အတိုင်းအတာတစ်ခုအထိ ထင်ရှားကျော်ကြားနေပေမယ့် ကန့်သတ်ချက်တွေရှိတယ်။ လင်းဖန်နောက်ကို လိုက်တာက ကောင်းမွန်တဲ့အခွင့်အရေးအသစ်တွေကို ငါတို့ရနိုင်တယ် ”
သခင်ဟောင်၏စကားကို ကြားသောအခါ သခင်ချီတုန်လှုပ်သွားသည်။ ဟုတ်သည် သာမန်လူတစ်ယောက်၏သက်တမ်းမှာ နှစ်တစ်ရာဖြစ်၏။ ချီအဆင့်နှင့် လင်းချီအဆင့်ကျင့်ကြံသူများ ကောင်းကောင်းမွန်မွန် အသက်ရှင်ရလျှင် နှစ်ပေါင်းတစ်ရာ့ငါးဆယ်သာဖြစ်သည်။ ထို့ပြင် ရွှမ်ချီအဆင့်ကျင့်ကြံသူများက နှစ်ပေါင်းနှစ်ရာအထိ အသက်ရှင်နိုင်သော်လည်း ထိုအရာက အများဆုံးသက်တမ်းဖြစ်၏။ သို့သော်လည်း အံ့မခန်းအစွမ်းထက်သော ကျင့်ကြံသူများသည် နှစ်ပေါင်းငါးရာတိုင်အောင် အသက်ရှင်နိုင်သည်။ ထိုကဲ့သို့ ကျင့်ကြံသူများက ကျင့်ကြံခြင်းလမ်းစဉ်မှာ လျှောက်တာ နှစ်ပေါင်းသုံးရာကြာပြီးနောက် ကောင်းကင်သို့ပင် သွားလာနိုင်သည်။
