အပိုင်း ( ၃၃၉ )

401 42 0
                                    

#Zawgyi

သတ်ရမှာလား သို့မဟုတ် မသတ်ရဘူးလား…

လင်းဖန်အတော်လေး စိတ်ပျက်သွားပုံရပြီး သွမ့်ရှင်းရဲ့ကို ကြည့်လိုက်၏။
ဒါက သူတို့နှစ်ယောက်ကြားမှာ ရှိသည့် လျှို့ဝှက်ချက်လား။
ဖြစ်နိုင်တာက လွန်ခဲ့သော ဆယ့်ရှစ်နှစ်က အဖြစ်အပျက်က လျှို့ဝှက်ချက်အဖြစ် ဆက်လက်တည်ရှိနေသေးတာလား။
သို့ရာတွင် လင်းဖန်က လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ရာ သွမ့်ရှင်းရဲ့က ပြုံး၍ ပြောလိုက်၏။
“ အင်ပါယာမြို့တော်ကနေ ယွဲ့မိန်ဟဲရဲ့ချစ်သူ ထွက်သွားပြီးနောက် ယွဲ့မိန်ဟဲက မျိုးနွယ်နဲ့ အဆက်အသွယ်တွေအားလုံးကို ဖြတ်တောက်ပစ်ခဲ့တယ်။ ရိုးရှင်းတဲ့ဘဝနဲ့ပဲ တစ်ယောက်တည်းနေထိုင်ခဲ့ပြီး အလွမ်းတောအုပ်နဲ့ လူတစ်ယောက်ကို အချစ်အရသာခံစားစေတဲ့ အလွမ်းသေရည်တို့ကို ဖန်တီးခဲ့တယ် ”
ထိုနေရာအရောက်တွင် သွမ့်ရှင်းရဲ့နှင့် လင်းဖန်တို့သည် ဝါးတောအုပ်ထဲမှ ထွက်လာခဲ့ကြ၏။ ထို့နောက် သွမ့်ရှင်းရဲ့က စကားကို ပြန်လည်ဆက်လိုက်သည်။
“ သွမ့်မျိုးနွယ်စုရဲ့ပါရမီရှင်ကလည်း သူ့ဘဝကို ကျင့်ကြံခြင်းအပေါ်မှာ နစ်မြုပ်ထားခဲ့တယ်။ အရှင်သခင်ဆိုတဲ့ ရာထူးကိုတောင် သူစွန့်လွှတ်ခဲ့တယ်။ အခုချိန်ဆို သူ့ကျင့်ကြံခြင်းအဆင့်က အံ့မခန်းအစွမ်းထက်နေပြီလို့ ပြောကြပေမယ့် တကယ်သူဘယ်လောက်အစွမ်းထက်လဲဆိုတာ လူအနည်းငယ်ပဲ သိတယ် ”
သွမ့်ရှင်းရဲ့သည် စကားကို ခဏမျှရပ်လိုက်ပြီး စဉ်းစားဟန်ပြုကာ ဆက်လက်ပြောလိုက်၏။
“ ယွဲ့မိန်ဟဲက အဲ့ဒါကို သိလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီအဖြစ်အပျက်တွေ ပြီးတည်းက လူမြင်ကွင်းကနေ ပျောက်သွားခဲ့တာ ဆယ့်ရှစ်နှစ်ရှိသွားပြီ။ ကျူဝူချင်းနဲ့ အမည်မသိပါရမီရှင်လည်း အဲ့ဒီလိုပဲ ”
လင်းဖန် ခေါင်းညိတ်ပြလိုက်၏။ လွန်ခဲ့သော ဆယ့်ရှစ်နှစ်တည်းက ထိုလူက ရွှီယွဲ့နိုင်ငံမှ ထွက်ခွာပြီး ပြန်မလာတာ ဖြစ်လိမ့်မည်။
သူတို့နှစ်ယောက်လုံး သတိမထားမိလိုက်ဘဲ အဆောက်အဦနှင့် မနီးမဝေးမှာရှိသော ရေကန်လေး၏ဘေးသို့ သူတို့ရောက်လာကြ၏။ သွမ့်ဝူရသည် သူတို့နှစ်ယောက်ကို မြင်သောအခါ အနည်းငယ်ပြုံးလိုက်ရင်း
“ ရှင်းရဲ့၊လင်းဖန်။ စစ်တုရင်ကစားတာ ဘယ်လိုပြီးသွားလဲ ”ဟု မေးလိုက်ရာ
သွမ့်ရှင်းရဲ့၏မျက်နှာလေးမှာ နီရဲသွားပြီး ခေါင်းလေးကို အနည်းငယ်ငုံ့သွားလေသည်။ ထိုစဉ် လန်ကျောက်က လင်းဖန်ကို ကြည့်လိုက်ပြီး မေးလိုက်၏။
“ ကျွန်မတို့ ဘယ်တော့ပြန်ကြမလဲ ”
“ ငါနဲ့လင်းဖန်က တွေ့ဖို့ခဲယဉ်းတယ်။ ဘာလို့ အမြန်ထွက်သွားမှာလဲ။ လင်းဖန်..လာသောက်ကြရအောင် ”
သွမ့်ဝူရက ပြုံး၍ ဖိတ်ခေါ်လိုက်သော်လည်း လင်းဖန်က သွမ့်ဝူရ၏နောက်ကို ကြည့်နေသည်။ ထိုအခြင်းအရာကို သွမ့်ဝူရမြင်သောအခါ သူ့မျက်နှာထက်တွင် အဓိပ္ပာယ်ရှိသော အပြုံးတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက်သူက ဖြည်းညင်းစွာလှည့်ကာ သူ့နောက်ရှိ လင်းဖန်ကြည့်နေသော နေရာကို ကြည့်လိုက်လေသည်။
ရေကန်ထက်ရှိ အဆောက်အဦထဲမှာ လူပေါင်းများစွာ ရှိနေ၏။ သူတို့အားလုံးက လူငယ်လေးများ ဖြစ်ကြပြီး တန်ဖိုးကြီးမားသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူတို့၏အသွင်အပြင်အရ သူတို့အားလုံးက အရှိန်အဝါကြီးမားသော ပုံရိပ်ရှိသူများဖြစ်ကြောင်း ဖော်ပြနေသည်။
ထိုလူငယ်များအနက် လင်းဖန်သည် လူတစ်ယောက်ကို ကြည့်နေ၏။ တစ်ချိန်တည်းမှာပင် ထိုလူငယ်သည်လည်း လင်းဖန်ကို သတိထားမိသွားသည်။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။ ထိုလူငယ်၏မျက်လုံးများတွင် နားလည်ရခက်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ အံ့အားသင့်စရာကောင်းက သူ့ကိုကြည့်ရသည်မှာ ကြောက်ရွံ့နေပုံရပြီး လင်းဖန်ကို စိုက်ကြည့်နေခြင်းဖြစ်သည်။
ထိုလူငယ်ကား ယွီတျန်ရှင်းပင်။
ယွီတျန်ရှင်း၏ဘေးမှာ ယွဲ့တျန်ချိန်ရှိနေပြီး သူတို့နှစ်ယောက်ကိုကြည့်ရသည်မှာ အလွန်တရာ ချစ်ကြသော သူငယ်ချင်းများပမာ ဖြစ်နေသည်။
သူတို့နှစ်ယောက်က အတူတကွ လုပ်ဆောင်နေခဲ့သော်လည်း လင်းဖန်က သူတို့ထက်မှာအမြဲတမ်း ရှိနေခဲ့ရာ လွန်စွာ ရယ်စရာကောင်းလှပေ၏။
ထိုလူငယ်အားလုံးသည် တစ်ခုခုထူးဆန်းတာကို ခံစားမိသည့်အလား စကားပြောနေရာမှ ချက်ချင်းရပ်သွားကြသည်။ လင်းဖန်က အဖျက်အဆီးချီများကို တဖြည်းဖြည်းထုတ်ဖော်လာရာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရိုက်ခတ်လာ၏။ သူ့မျက်လုံးများက သတ်ဖြတ်ချင်သည့်အငွေ့အသက်များဖြင့် ပြည့်လာသည်။
ယွီတျန်ရှင်း၏ မျက်နှာအသွင်အပြင်ကို လင်းဖန်မြင်သောအခါ သူ့ကိုသတ်ရန် စေလွှတ်ခဲ့သူများသည် ယွီတျန်ရှင်းနှင့် ယွဲ့တျန်ချိန်ဖြစ်ကြောင်း လင်းဖန်ချက်ချင်းနားလည်သွားခဲ့သည်။ ထိုသို့မဟုတ်လျှင် သူတို့နှစ်ယောက်က သူ့ကိုတွေ့ရုံမျှဖြင့် ကြောက်ရွံ့စရာအကြောင်း မရှိချေ။
လေထုက အဖျက်အဆီးချီများဖြင့် သိပ်သည်းလာခဲ့၏။ လင်းဖန်၏သတ်ဖြတ်ချင်သော အငွေ့အသက်များသည်လည်း ပိုမိုထင်ရှားလာခဲ့သည်။
“ လင်းဖန်…မင်းဘာလုပ်နေတာလဲ ”
ယွီတျန်ရှင်းက အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သော်လည်း သူ့မျက်နှာသွင်ပြင်က ကြောက်ရွံ့နေကြောင်း ဖော်ပြနေ၏။
“ မင်းဘာလုပ်နေတာလဲ ”
လင်းဖန်က တစ်လုံးမှ ပြန်လည်ဖြေကြားခြင်းမပြုဘဲ အဆောက်အဦဆီသို့ လျှောက်လာ၏။ ရှည်လျားသော တံတားကို ဖြတ်ကျော်စဉ်မှာ လင်းဖန်၏စွမ်းအင်များက ပိုမိုသိပ်သည်းကာ အစွမ်းလာခဲ့သည်။
ယွီတျန်ရှင်းသည် အံကိုကြိတ်ကာ လင်းဖန်အား စူးစိုက်ကြည့်လိုက်၏။
ပြင်းထန်သော အဖျက်အဆီးချီများ၏အောက်တွင် ယွီတျန်ရှင်းမှာ ခေါင်းမှခြေဖျားသို့တိုင် တုန်ခါစပြုလာသည်။ ယခုအချိန်မှာ လင်းဖန်၏အသွင်က အချိန်မရွေးလူသတ်တော့မည်ကဲ့သို့ သတ်ဖြတ်ချင်သည့်အငွေ့အသက်များဖြင့် ပြည့်နေ၏။
“ လင်းဖန်..ငါ့မျိုးရိုးနာမည်က ယွီ။ ငါက ယွီမျိုးနွယ်စုကဆိုတာ မင်းသတိရပါ ”
လင်းဖန်၏တုန့်ပြန်စကားကို မကြားရသောအခါ ယွီတျန်ရှင်းက ပြောလိုက်သည်။
လူအုပ်ကြီးမှာ ယွီတျန်ရှင်းပြောတာကို ကြားသောအခါ အံ့သြမှင်တက်သွား၏။ ယွီတျန်ရှင်းက လင်းဖန်ကို အလွန်တရာ ကြောက်ရွံ့နေပုံရသည်။ ထိုသို့မဟုတ်လျှင် ဤကဲ့သို့ သူဘယ်တော့မှ ပြောလိမ့်မည် မဟုတ်ပေ။
“ ငါသိတယ် ”
နောက်ဆုံးတွင် လင်းဖန်က ပြန်လည်ဖြေကြားလာ၏။ သို့သော် သူ၏အဖျက်အဆီးချီများက ပျောက်ကွယ်သွားခြင်း မရှိပေ။
ယွီတျန်ရှင်းက လင်းဖန်ကို စိုက်ကြည့်လိုက်ပြီး
“ မင်းနားလည်ဆိုရင် ငါတစ်ခုခုဖြစ်ရင် ယွီမျိုးနွယ်စုက တစ်ခုခုလုပ်မယ်ဆိုတာ မင်းသိမှာပါ ”
ယွီတျန်ရှင်းက သူ၏ပုံရိပ်နှင့် ယွီမျိုးနွယ်စုအကြောင်းအား လင်းဖန်မသိမှာကို စိုးရိမ်သည့်အလား အရာအားလုံး ရှင်းပြနေ၏။
ယွီတျန်ရှင်းသည် လင်းဖန်ကို အလွန်တရာ ကြောက်ရွံ့နေသည့်အပြင် ပထမဆုံးအကြိမ် သူ့ကို တိုက်ခိုက်သွားခဲ့စဉ်တည်းက လင်းဖန်ကို နာကျဉ်းစွာမုန်းတီးနေခဲ့သည်။
ထိုမုန်းတီးခြင်းများကြောင့် လင်းဖန်ကိုသတ်ဖြတ်ရန် လူများအဆက်မပြတ် စေလွှတ်နေခဲ့ခြင်းလည်း ဖြစ်၏။
လင်းဖန်က စိတ်ရှိတိုင်းပြုမူတတ်သူဖြစ်ရာ ဖြစ်လာမည့်အကျိုးဆက်ကိုလည်း စဉ်းစားသူမဟုတ်ချေ။ သွမ့်ဟန်ကိုပင် သတ်ခဲ့သည့်အပြင် ဝမ်ရိန်ရန်နှင့် သွမ့်ယွီ၏မင်္ဂလာပွဲနေ့ရက်မှာ ဝမ်ရိန်ရန်နှင့် သွမ့်လိုင်ကို သတ်ဖြတ်ခဲ့သည်။ သို့ဖြစ်ရာ လင်းဖန်ကို ယွီတျန်ရှင်းကြောက်၏။ အကယ်၍ လင်းဖန်သာ ဒေါသထွက်လာလျှင် သူ့ကို နေရာမှာပင် သတ်ပစ်လိမ့်မည်။
“ ငါသိတယ် ”
လင်းဖန်က ယခင်အတိုင်း ပြောင်းလဲမသွားဘဲ အေးစက်စက်ပြောလိုက်ရာ
“ မင်းသိတယ်ဆိုရင် ထွက်သွား ” ဟု ယွီတျန်ရှင်းက တံတားကို လင်းဖန်ဖြတ်ကျော်လာမှာ ကြောက်ရွံ့နေသည့်အတွက် အားတင်းကာ ပြောဆိုလိုက်သည်။ လင်းဖန်နှင့် အနီးအနားမှာ သူမနေချင်ပေ။
အကယ်၍ လင်းဖန်သာ သူ့ကို အမှန်တကယ် သတ်ချင်နေခဲ့လျှင် ထွက်သွားလိမ့်မည် မဟုတ်ချေ။
“ ထွက်သွားရမှာလား ”
လင်းဖန်က အေးစက်စက်ပြုံးလိုက်၏။ သူ၏အဖျက်အဆီးချီများသည် လျော့နည်းသွားခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပိုမိုတိုးပွားလာခဲ့သည်။
အဖျက်အဆီးချီများက ပို၍ အစွမ်းထက်လာရာ ယွီတျန်ရှင်း၏ခန္ဓာကိုယ်တောင့်တင်းလာရပြီး အေးခဲ့သွားတော့မည်ကဲ့သို့ သူခံစားလာရ၏။
“ ငါ့မျိုးနွယ်စုနာမည်က ယွီဆိုတာကို မင်းသိရင် ယွီမျိုးနွယ်စုက ဘယ်လောက်အရှိန်အဝါကြီးလဲဆိုတာ မင်းသိမှာပါ။ တကယ်လို့ ငါ့ကိုထိရင် ရလဒ်ကို မင်းစဉ်းစားမိလိမ့်မယ် ”
ယွီတျန်ရှင်း၏လေသံက လင်းဖန်ကို ခြိမ်းခြောက်နေသည်နှင့်တူနေသည်။ ယခုအချိန်မှာ အခြေအနေက လုံခြုံခြင်းမရှိဘဲ အန္တရာယ်ကျရောက်လာတော့မည့်ပမာ သူခံစားလာရ၏။ ထို့အတွက်ကြောင့် လင်းဖန်ကို နောက်ဆုတ်စေလိုသော မျှော်လင့်ချက်ဖြင့် ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်သည်။
သို့ရာတွင် လင်းဖန်ကား ယခင်အတိုင်း မည်သည့်အရာကမျှ သူ့ကို ထွက်ခွာသွားစေရန် မပြုလုပ်နိုင်သည့်အလား တုန်လှုပ်ခြင်းကင်းမဲ့စွာ ရှိနေသည်။
အဖျက်အဆီးချီများက လေထဲတွင် ပြင်းထန်စွာ ရိုက်ခတ်လာ၏။
ထိုစဉ် ယွီတျန်ရှင်း၏နောက်မှာရှိသောလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သတင်းတွေထွက်နေခဲ့သည့်အတိုင်း လင်းဖန်ကား ရဲတင်းလွန်းလှ၏။
ယွဲ့တျန်ရှင်းသည်လည်း လင်းဖန်ကို စူးစိုက်ကြည့်နေပြီး လင်းဖန်နှင့် သွမ့်ရှင်းရဲ့တို့ အတူတူလာတာကို သတိထားမိသောအခါ မျက်မှောင်ကြုတ်သွားသည်။ သူ့နှလုံးသားကို အပ်ကလေးများဖြင့် ထိုးဆွနေသည့်ပမာ ခံစားလိုက်ရ၏။ သွမ့်မျိုးနွယ်စုနှင့် ယွဲ့မျိုးနွယ်စုကြားရှိ သဘောတူညီထားသော လက်ထပ်ပေးရန် ကိစ္စတစ်ခုကြောင့် သွမ့်ရှင်းရဲ့၏ခင်ပွန်းဖြစ်ရန် သူအမြဲတမ်းမျှော်လင့်နေခဲ့သည်။ သို့ရာတွင် သွမ့်ရှင်းရဲ့က သူ့ကိုစိတ်ဝင်စားခြင်းမရှိဘဲ လင်းဖန်နှင့်မူ အလွန်တရာ ရင်းနှီးနေပုံပေါ်၏။
ယွဲ့တျန်ချိန်ဒေါသထွက်နေသည်။ လင်းဖန်ကို သူသတ်ချင်ခဲ့သော်လည်း လင်းဖန်က အဆက်မပြတ် အစွမ်းထက်မြက်လာခဲ့သည်။ ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ပင် သူ့ကို တိုက်ခိုက်နိုင်ခြင်း မရှိချေ။
ယခုအချိန်မှာသူ့အတွက်ကြောက်စရာ အကောင်းဆုံးက လင်းဖန်ဘာတွေးနေလဲဆိုတာကို မသိခြင်းပင်။ သူ့ကို လင်းဖန်တိုက်ခိုက်လာလိမ့်မလား မသိချေ။
လင်းဖန်က ယွီတျန်ရှင်း၏စကားကို ပြန်လည်ဖြေကြားခြင်းမပြုဘဲ တိတ်ဆိတ်စွာဖြင့် တံတားထက်မှာ မလှုပ်မယှက်ရပ်နေသည်။ သူ၏အဖျက်အဆီးချီများသည်လည်း လေထုထဲမှာ ထုတ်လွှတ်နေဆဲဖြစ်ရာ ဘယ်သူမှ လင်းဖန်တွေးနေတာကို မခန့်မှန်းနိုင်ကြချေ။
ယွီတျန်ရှင်းနှင့် တခြားသူများလည်း ငြိမ်သက်နေကြ၏။ ဤကဲ့သို့ ပွင့်လင်းမြင်သာသောနေရာမှာ တိတ်ဆိတ်ငြိမ်သက်မှုက ကြောက်မက်ဖွယ်ကောင်းသည်။
သွမ့်ဝူရကိုကြည့်ရသည်မှာ မထူးခြားသည့်အသွင်ရှိပြီး ဖြစ်နေသမျှအရာအားလုံးက သူနှင့်ဘာမှမဆိုင်သည့်အလား မြင်ကွင်းကို တည်ငြိမ်စွာကြည့်နေ၏။
ထိုစဉ် လန်ကျောက်က ခံစားချက်ကင်းမဲ့သည့်အသွင်ဖြင့် ရပ်နေသော သွမ့်ဝူရကိုကြည့်ကာ သူ့စိတ်ထဲမှာ ဘာတွေကြိတ်တွေးနေလဲဆိုတာ နားလည်လာသည်။
ယခုအချိန်မှာ လင်းဖန်နှင့်ယွီတျန်ရှင်းက ရန်သူတွေဆိုတာ သူမနားလည်သွားခဲ့၏။
ထို့ပြင် စောစောက သွမ့်ဝူရသည် ယွီတျန်ရှင်းတို့နှင့် အချိန်ဖြုန်းနေခဲ့ရာ သူတို့တွေသည်လည်း သူငယ်ချင်းတွေဖြစ်ပုံရ၏။
သို့ရာတွင် ယွီတျန်ရှင်းနှင့် လင်းဖန်က ရန်သူတွေဆိုတာ သူသိနေခဲ့သော်လည်း လင်းဖန်ကို ဖိတ်ကြားခဲ့သည်မှာ တစ်စုံတစ်ခုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သည်မှာ ထင်ရှားသည်။
အမှန်တကယ်တော့ ထိုအကြောင်းကို လင်းဖန်လည်း သိနေလိမ့်မည်ဟု လန်ကျောက်ယုံကြည်၏။ လင်းဖန်၏ကိစ္စထဲမှာ သူမဝင်စွက်ဖက်ခြင်းမပြုချင်သော်လည်း အဝေးသို့ ထွက်ခွာမသွားနိုင်ပေ။
ပြင်းထန်သော စွမ်းအင်များက တိတ်ဆိတ်နေသော လေထုထဲမှာပျံ့နှံ့နေခဲ့ပြီး နောက်ဆုံးတွင် လင်းဖန်၏နှုတ်ခမ်းများ လှုပ်ရှားလာခဲ့သည်။
“ မင်းက ယွီမျိုးနွယ်စု အဖွဲ့ဝင်လား ”
ယွီတျန်ရှင်း အံ့အားသ့င်သွား၏။ ထိုကဲ့သို့ အသေးအမွှားကိစ္စများကို လင်းဖန်မေးလိမ့်မည်ဟု သူမထင်ထားခဲ့သော်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ ဟုတ်တတယ်။ ငါက ယွီမျိုးနွယ်စု အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို သူတို့ရဲ့သွေးတွေက ငါ့ရဲသွေးပြန်ကြောထဲကို စီးဆင်းနေခဲ့တယ် ”
“ မင်းမျိုးနွယ်စုဖြစ်တဲ့ ယွီမျိုးနွယ်စုက အရမ်းအရှိန်အဝါကြီးတဲ့ မျိုးနွယ်စု ဟုတ်တယ်မလား ”
လင်းဖန်က ထပ်မံ၍ မေးမြန်းလိုက်ရာ
“ ဟုတ်တယ် ” ဟု ယွီတျန်ရှင်းက ခေါင်းညိတ်ပြလိုက်၏။
လင်းဖန်၏မျက်လုံးများထဲတွင် သတ်ဖြတ်ချင်သည့်အငွေ့အသက်များဖြင့် ပြည့်လာပြီး ဆက်လက်၍ ပြောလိုက်သည်။
“ ယွီမျိုးနွယ်စုရဲ့သွေးက မင်းသွေးကြောတွေထဲကို စီးဆင်းနေခဲ့သလို ယွီမျိုးနွယ်စုက အင်မတန်အစွမ်းထက်တယ်။ ပြီးတော့ ယွီတျန်ရှင်းဆိုတဲ့ မင်းက ငါ့ကို သတ်ချင်နေခဲ့တယ်။ အဲ့ဒီအတွက် မင်းက ငါ့ကိုမသတ်ခင် ငါက မင်းကို မသတ်သင့်ဘူးလား ”
လင်းဖန်၏စကားကို ကြားသောအခါ ယွီတျန်ရှင်း၏နှလုံးနှုန်း မြန်စပြုလာကာ ကြောက်လန့်တကြား ပြောဆိုလိုက်လေ၏။
“ တကယ်လို့ ငါ့ကိုသတ်ခဲ့ရင် ယွီမျိုးနွယ်စုက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး ”
“ ငါက မင်းကို မသတ်ရင် မင်းက ငါ့ကိုမသတ်ပဲ ခွင့်လွှတ်ပေးမှာလား ”
လင်းဖန်က အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်ရင်း ဆက်လက်၍
“ မင်းက အစတည်းက ငါ့ကိုသတ်ချင်နေခဲ့တဲ့အတွက် ငါ့ကို ဘယ်တော့မှ ခွင့်လွှတ်မပေးခဲ့ဘူး။ အဲ့ဒီအတွက် ငါ့မှာ အခွင့်အရေးရှိလာတဲ့အခါ မင်းကို ခွင့်လွှတ်ပေးရမှာလား။ ငါက မင်းကိုပြန်မတိုက်ခိုက်ပဲ င့ါလာသတ်မှာကို စောင့်နေရမှာပေါ့ ”
လူအုပ်ကြီးမှာ တအံ့တသြဖြစ်သွား၏။ ဟုတ်သည် လင်းဖန်က သူ့ကို သတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ…သူနှင့် ယွီမျိုးနွယ်စုက လင်းဖန်ကို ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
ဤကဲ့သို့ အခြေအနေမှာ ဆုံးဖြတ်ချက်တစ်ခုသာ ရှိနိုင်၏။

PMG အတွဲ ( ၂ )Wo Geschichten leben. Entdecke jetzt