အပိုင်း ( ၃၄၄ )

379 39 0
                                        

#Zawgyi

အံ့မခန်း မြင့်မြတ်သောစာအုပ်

“ အစ္ကို ”
သွမ့်ရှင်းရဲ့ လင်းဖန်အန္တရာယ်နှင့်တွေ့နေတာကို မြင်သောအခါ သွမ့်ဝူရကို အော်ခေါ်လိုက်၏။ သွမ့်ရှင်းရဲ့၏ပုံစံက အလွန်တရာ စိုးရိမ်နေသည့်အသွင် ရှိသည်။
“ ဘာမှဖြစ်လာမှာ မဟုတ်ဘူး ”
သွမ့်ဝူရက ကောင်းကင်ယံထက်မှာ တိုက်ခိုက်နေသော လူနှစ်ယောက်ကိုကြည့်ရင်း ပြောလိုက်၏။ သူ့မျက်လုံးများက ဖော်ပြရခက်ခဲသည့်ယုံကြည်မှုများဖြင့် ပြည့်နေသည်။
ရွှီယွဲ့နိုင်ငံမှာ ကျူဝူချင်းပြန်လည်ပေါ်ပေါက်လာခဲ့သည်။ အကယ်၍ လင်းဖန်သာ အလွမ်းတောအုပ်မှာ တစ်ခုခုဖြစ်သွားခဲ့လျှင် သွမ့်ဝူရမျက်လုံးကန်းနေခြင်းကြောင့်သာ ဖြစ်လိမ့်မည်။
သွမ့်ဝူရက ယုံကြည်ချက်ရှိနေတာကို သွမ့်ရှင်းရဲ့မြင်လိုက်ရသော်လည်း စိုးရိမ်စိတ်ကတော့ ရှိနေသေး၏။ ယခုအချိန်မှာ ယွီကျုံး၏စိတ်ထဲတွင် လင်းဖန်ကိုသတ်ရန် ဆန္ဒတစ်ခုသာ ရှိသည်။ ထို့ပြင်သူက အခွင့်အရေးရလျှင် လင်းဖန်ကို သတ်ချင်နေသူဖြစ်၏။ လင်းဖန်က ယွီကျုံး၏တိုက်ခိုက်မှုများအား ခုခံနိုင်ခြင်း မရှိတာကို တွေ့မြင်ရသော်လည်း သွမ့်ဝူရက လွန်စွာ ယုံကြည်မှုရှိနေရာ မည်သည့်အတွက်ကြောင့်လဲဆိုတာ သွမ့်ရှင်းရဲ့သိချင်နေမိ၏။ ထို့ပြင် သူမ၏ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ယွီကျုံးကို တိုက်ခိုက်နိုင်မည်မဟုတ်ရာ စောင့်ကြည့်ရန်မှတစ်ပါး သူမမှာ ရွေးချယ်စရာ မရှိချေ။
လန်ကျောက်သည်လည်း သွမ့်ဝူရကို စူးစိုက်ကြည့်နေ၏။ ဤနေရာသို့ လာရောက်ရန် သွမ့်ဝူရက လင်းဖန်ကို ဖိတ်ကြားထားသည့်အတွက်ကြောင့် လင်းဖန်သေဆုံးသွားခဲ့လျှင် သွမ့်ဝူရတာဝန်ဖြစ်သည်။
သို့သော် ဘယ်သူမှ သွမ့်ဝူရ၏ယုံကြည်ချက်ကို လျော့ကျသွားအောင် မပြုလုပ်နိုင်ပေ။ ယွီကျုံးက လင်းဖန်ကို ထိုးနှက်နေတာကို မြင်ရသောအခါ သူတို့စိတ်ထဲတွင် ဤတစ်ကြိမ်က လင်းဖန်၏သေနေ့ဟု တွေးနေကြ၏။
ယွီကျုံးသည် ဒေါသထွက်နေရာ လင်းဖန်ကို မသတ်ရမချင်း ရပ်တန့်လိမ့်မည် မဟုတ်ပေ။ လင်းဖန်က ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိတော့ရာ မကြာမီ လင်းဖန်သေဆုံးသွားပေတော့မည်။
အံ့မခန်းအစွမ်းထက်သော ပါရမီရှင်တစ်ယောက်က ယွီမျိုးနွယ်စုနှင့် ယွီကျုံးကို ရန်စသဖြင့် သေဆုံးသွားရမည်မှာ မည်မျှသနားစရာကောင်းလိုက်ပါသနည်း။
ယွီမျိုးနွယ်စု၏တတိယအကြီးအကဲက လူငယ်လေးတစ်ယောက်ကို တိုက်ခိုက်နေခြင်းက တရားမျှတခြင်းမရှိသော်လည်း ဤကမ္ဘာမှာ တရားမျှတခြင်းဆိုတာပင် ရှိသလား။ အစွမ်းနိမ့်သူများက အစွမ်းထက်သူများ၏ သားကောင်ဖြစ်သည်။ တန်ခိုးအစွမ်းသည်သာ လူတစ်ယောက်၏ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်။ လူတစ်ယောက်ကို သတ်ခြင်းက အချိန်တစ်စက္ကန့်သာ ကြာမြင့်၏။ လင်းဖန်က အစွမ်းထက်သောကြောင့် ယွီတျန်ရှင်းကို သတ်နိုင်ခဲ့သည်။ ယခုအချိန်မှာ ယွီကျုံးက လင်းဖန်ထက် အစွမ်းထက်သည့်အတွက် ယွီတျန်ရှင်းအစားလက်စားချေနိုင်သည်။ လင်းဖန်ကို သတ်ခြင်းက ပြီးပြည့်စုံသော တရားမျှတခြင်းဖြစ်ပုံရ၏။ ထိုနေရာတွင် လင်းဖန်ထက်အစွမ်းထက်သောကြောင့်ဟုသော အကြောင်းပြချက်သည်လည်း တစ်ခုအပါအဝင်ဖြစ်လိမ့်မည်။
“ ဘုန်း ”
များစွာသော အသံလှိုင်းများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရိုက်ခတ်နေပြီး ၎င်းအသံလှိုင်းများတွင် အဖျက်အဆီးချီများဖြင့် ပြည့်နေ၏။ ယွီကျုံးက လင်းဖန်၏ဘေးသို့ ရောက်ရှိလာပြီး အသံလှိုင်းဖြင့် တိုက်ခိုက်လိုက်ရာ လင်းဖန်လွင့်ပျံသွားလေသည်။
လင်းဖန်သည် ခေါင်းမှခြေဖျားသို့တိုင် တုန်ခါနေ၏။ ကောင်းကင်မှာ အရှိန်ပြင်းစွာ လွင့်စဉ်နေပြီး သူ့ပါးစပ်မှသွေးများ တရစပ်စီးကျနေသည်။
လင်းဖန်၏မျက်လုံးများမှာ တင်းကြပ်စွာ ပိတ်ထား၏။ သူ၏အမှောင်ကမ္ဘာမှာ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နေရသော်လည်း ယွီကျုံးကို ခုခံတိုက်ခိုက်ရန် သူ့မှာလုံလောက်သောအစွမ်း မရှိတော့ချေ။
“ မင်းက အတော်လေးအသက်ပြင်းတာပဲ ”
ယွီကျုံးက လှောင်ရယ်စကားဆိုလိုက်၏။ သူ့ခန္ဓာကိုယ်က လှစ်ခနဲလှုပ်ရှားသွားပြီး ပြင်းထန်သော သန့်စင်သည့်ချီများစွာကို ထုတ်လွှတ်လိုက်သည်။ အဖြူရောင်အလင်းတန်းတစ်ခုက လင်းဖန်ကို လွှမ်းခြုံလာပြီး ကြောက်စရာကောင်းသော လက်သီးချက်က လင်းဖန်ရှိရာသို့ ပြေးဝင်လာ၏။
လင်းဖန်၏ရှေ့မှာ ဓားတစ်လက်က လှစ်ခနဲထွက်ပေါ်လာသော်လည်း ထိုတိုက်ခိုက်မှုနှင့် ကြုံတွေ့လိုက်ရသောအခါ ချက်ချင်းပျောက်ကွယ်သွားသည်။
ယွီကျုံး၏လက်သီးချက်က လင်းဖန်၏ခန္ဓာကိုယ်ကို ထိမှန်သွား၏။ လင်းဖန်၏ခန္ဓာကိုယ်မှာ နောက်သို့လွင့်စဉ်သွားပြီး သူ့ပါးစပ်မှ သွေးတစ်လုတ်ထိုးအန်လာသည်။
သို့ရာတွင် လင်းဖန်က ခါးကိုမတ်မတ်ဆန့်လိုက်ရင်း ခေါင်းကိုမော့ထား၏။ သူရှုံးသည်ဖြစ်စေ၊ သူနိုင်သည်ဖြစ်စေ၊ သူသေရသည်ဖြစ်စေ၊ သူအသက်ရှင်ရသည်ဖြစ်စေ သူမတ်မတ်ရပ်နေလိမ့်မည်။
“ ဘုန်း ”
ကြောက်စရာကောင်းသော အဖျက်အဆီးစွမ်းအင်တစ်ခုက လင်းဖန်၏ရှေ့မှာ ထွက်ပေါ်လာ၏။ သူ၏ဓားက သူ့ရှေ့မှာ စွမ်းအင်များကို စတင်စုစည်းလာ၏။ သို့ရာတွင် သူ့ဓားသည် ယခင်ကဲ့သို့ တောက်ပခြင်းမရှိတော့ဘဲ လုံးဝနက်မှောင်နေသည်။
ထိုဓားတွင် အဖျက်အဆီးချီများနှင့် အတိုက်အခိုက်စွမ်းအင်များဖြင့် ပြည့်လာ၏။ ထိုဓားတွင် ၎င်း၏ကိုယ်ပိုင်အသက်ပင် ရှိသည့်အလား ထင်ရသည်။
လင်းဖန်၏အမှောင်ကမ္ဘာထဲ၌ သူ၏မြင့်မြတ်သောစာအုပ်က လေထဲမှာ လွင့်မျောနေပြီး ဓားက စာအုပ်အထက်မှာ ရှိနေသည်။
“ ဟမ် ”
လူအုပ်ကြီးမှာ အတော်လေးအံ့အားသင့်သွား၏။ လင်းဖန်က ယွီကျုံး၏တိုက်ခိုက်မှုများကို ခံနေရသော်လည်း အံ့အားသင့်စရာကောင်းအောင် ထိုကဲ့သို့ အစွမ်းထက်သောဓားတစ်လက်ကို စုစည်းနိုင်သော အစွမ်းရှိနေသေးသည်။ ၎င်းဓားက သူစောစောကအသုံးပြုခဲ့သည့်အရာအားလုံးထက် များစွာအစွမ်းထက်နေ၏။
လင်းဖန်ကိုကြည့်ရသည်မှာ အလွန်ဆုံးဖြတ်ချက်ခိုင်မာနေသည့်ပုံပေါ်သည်။
ယွီကျုံး၏မျက်လုံးများက အံ့အားသင့်မှုကို ဖော်ပြနေ၏။ လင်းဖန်က သူ့ရန်သူဖြစ်သော်လည်း ဤကဲ့သို့ ခိုင်မာပြတ်သားပြီး အကြောက်အလန့်မရှိသည့်လူငယ်ကို သူအမှန်တကယ်လေးစားသွားမိသည်။ အကယ်၍ သူသာမသေခဲ့လျှင် ရွှီယွဲ့နိုင်ငံမှာ အံ့မခန်းပါရမီရှင်နောက်တစ်ဦး ထပ်မံ ထွက်ပေါ်လာလိမ့်မည်။ ကံမကောင်းစွာပင် သူ့မှာ နောက်တစ်နေ့ကို မြင်တွေ့နိုင်ရန် အခွင့်အရေးမရှိတော့ပေ။
“ သေစမ်းကွာ ”
အသံလှိုင်းများက ရှေ့သို့ပြေးဝင်လာ၏။ ထိုအသံလှိုင်းများမှ အဖြူရောင်အလင်းတန်းများက စုစည်းသွားပြီး လင်းဖန်ထံသို့ ဆက်လက်ရွေ့လျားသွားသည်။ တစ်ချိန်တည်းမှာပင် ယွီကျုံးသည် သူ့လက်နှစ်ဖက်ကို ဆက်လိုက်ပြီး သန့်စင်သောချီဖြင့်ပြုလုပ်ထားသော နှစ်ဖက်သွားဓားတစ်လက်အဖြစ်သို့ အသွင်ပြောင်းလိုက်၏။ ထို့နောက် ယွီကျုံးက လင်းဖန်ဆီသို့ လေထဲမှပျံသန်းသွားသည်။ ထိုစဉ် ယွီကျုံး၏ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပသော နှစ်ဖက်သွားဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး လင်းဖန်ဆီသို့ ဆက်လက်ပြေးဝင်သွားသည်။
“ ဘုန်း ”
အသံလှိုင်းများနှင့် အနက်ရောင်ဓားထိတွေ့သံများ ထွက်ပေါ်လာပြီး ထိုထိတွေ့မှုမှ ကြောက်စရာကောင်းသော အလင်းရောင်တစ်ခု ဖြစ်ပေါ်လာ၏။ သို့သော်လည်း ယွီကျုံးက လင်းဖန်ရှိရာသို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်ဖက်သွားဓားက ဓားနက်ကို ထိတွေ့သွားသည်။ ဓားမှာ စတင်ကွဲအက်စပြုလာပြီး ယွီကျုံး၏ခန္ဓာကိုယ်မှာလည်း ရှေ့သို့ရွေ့လျားနေရာမှာ တဖြည်းဖြည်းနှေးကွေးလာသည်။
“ သေစမ်းကွာ ”
ယွီကျုံးက ဒေါသတကြီး အော်ပြောလိုက်၏။ ပြင်းထန်သည့်တိုက်ခိုက်မှုများကို လက်ခံရရှိနေသော လင်းဖန်မှာ အရှိန်ပြင်းစွာ တုန်ယင်လာသည်။ သူ့ဓား၏အလေးချိန်ကို မထိန်းနိုင်တော့သည့်ပမာ ခံစားလာရ၏။ ထိုစဉ် ယွီကျုန်း၏နှစ်ဖက်သွားဓားက သူ့ထံသို့ ရောက်ရှိလာစဉ်မှာ ခရမ်းရောင်မြွေတစ်ကောင်က လင်းဖန်ကို ထိမှန်သွားပြီး အဝေးသို့ သူရောက်သွားရသည်။ ခရမ်းရောင်စိတ်ဝိညာဉ်၏ကျေးဇူးကြောင့် လင်းဖန်သည် နှစ်ဖက်သွားဓား၏အစွမ်းကို ရှောင်တိမ်းနိုင်လိုက်ခြင်းလည်း ဖြစ်သည်။
“ အဟွတ်…အဟွတ် ”
လင်းဖန်သည် မီတာတစ်ရာအကွာထိ နောက်ဆုတ်လိုက်၏။ သူချောင်းဆိုးလိုက်သည့်အချိန်တိုင်း သွေးများထွက်ပေါ်လာပြီး သူ့ကိုယ်သူမထိန်းနိုင်အောင် ဖြစ်လာသည်။ သူ့ခြေထောက်အောက်ရှိ သန့်စင်သောချီမှာ အချိန်မရွေးပြိုကွဲသွားနိုင်သည့်အနေအထားသို့ ရောက်လာ၏။ သို့သော်လည်း လင်းဖန်က မားမားမတ်မတ်ရပ်နေသည်။
“ ဘယ်လောက်တောင် ပြတ်သားတဲ့စိတ်ဓာတ်လဲ ”
လူအုပ်ကြီးက ကောင်းကင်ယံရှိ လင်းဖန်ကို ကြည့်နေ၏။ သူဒဏ်ရာရနေသော်လည်း သူ့မျက်နှာထက်တွင် မာနအရိပ်အယောင်များ ရှိနေဆဲပင်။ ယွီကျုံး၏ အံ့မခန်းတိုက်ခိုက်မှုတွေပြီးနောက် လင်းဖန်က ဆက်လက်၍ မားမားမတ်မတ်ရပ်ကာ ယွီကျုံးကို ကြည့်နေသည်။ သူ၏ခိုင်မာပြတ်သားပြီး မလျော့သော စိတ်ဓာတ်တို့က အခြားသူများကို စိတ်အားတက်ကြွလာစေ၏။
ယွီကျုံးက လင်းဖန်ကို စူးစိုက်ကြည့်လိုက်ရင်း အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
“ ဒီတစ်ခါ မင်းဘယ်လိုဟန့်တားမလဲ ငါတို့ကြည့်ကြတာပေါ့ ”
သူ့စကားဆုံးသောအခါ ယွီကျုံးသည် သန့်စင်သောချီများကို စတင်ထုတ်ဖော်လိုက်ရင်း လင်းဖန်ဆီသို့ မြှားတစ်စင်းအလား ပြေးဝင်လာ၏။ လင်းဖန်နှင့်တိုက်ခိုက်ရာတွင် စွမ်းအင်များစွာသုံးစွဲရမှုက သူ့ကိုများစွာစိတ်ပျက်လာစေသည်။
“ အစ်ကို။ ညီမတို့ ဒီလိုရပ်ကြည့်မနေသင့်ဘူး ”
သွမ့်ရှင်းရဲ့က ပိုမိုဆိုးရွားလာသော လင်းဖန်၏ဒဏ်ရာအခြေအနေကိုကြည့်ကာ စိုးရိမ်တကြီး အော်ပြောလိုက်၏။ အကယ်၍ ယွီကျုံးသာ နောက်ထပ်တိုက်ခိုက်လိုက်လျှင် သူ့ဓားချက်အောက်မှာ လင်းဖန်သေဆုံးသွားမှာကို သူမ ကြောက်ရွံ့နေမိသည်။
ယွီကျုံးက လင်းဖန်ကိုသတ်ဖြတ်ခြင်းမှ ဟန့်တားရန် သွမ့်ဝူရမှာ အစွမ်းရှိကြောင်း သွမ့်ရှင်းရဲ့သိ၏။
သွမ့်ဝူရ၏အစွမ်းက သာမန်လူများ တွေးထင်ထားသည်ထက် များစွာ ကြောက်မက်ဖွယ်ကောင်းသည်။
“ အစ်ကိုပြောတာကိုယုံ၊ သူဘာမှမဖြစ်စေရဘူး။ တစ်ခုခုဖြစ်လာရင် အစ်ကိုတိုက်လိုက်မယ် ”
သွမ့်ဝူရက ကောင်းကင်ယံရှိ လူနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်၏။
မည်မျှသန်မာလိုက်သည့်အနာခံနိုင်မှုလဲ။ ဤကဲ့သို့ဖြစ်နေသော်လည်း တိုက်ပွဲကိုရပ်ချင်သည့် လက္ခဏာစိုးစဉ်းမျှ မပြပေ။
လင်းဖန်က ဆိုးရွားစွာ တိုက်ခိုက်ခံရပြီးနောက်မှာ ပို၍ မာကြောလာခဲ့တာလား။
သို့သော်လည်း လင်းဖန်ကို သွမ့်ဝူရအံ့သြနေမိ၏။ အကယ်၍ လင်းဖန်မှာ လုံလောက်သော အနားယူချိန်ရလျှင် သူ့ဘက်မှာ ကြီးမားသောနေရာမှ ထမ်းဆောင်ရန် ပြောလိမ့်မည် ဖြစ်သည်။
လင်းဖန်က တိတ်ဆိတ်ငြိမ်သက်နေ၏။ သူ့မျက်လုံးများက မှိတ်ထားပြီး အမှောင်ကမ္ဘာထဲသို့ သူရောက်နေသည်။ သူ၏မြင့်မြတ်သော စာအုပ်က အရှိန်ပြင်းစွာ တုန်ခါလာပြီး ၎င်း၏စာမျက်နှာများ လှိုင်းလုံးများပမာ ဖြစ်နေသည်။
မြင့်မြတ်သောစာအုပ်က စာမျက်နှာအသစ်တစ်ခုကို ဖွင့်ရန်ကြိုးစားနေသည့်ခံစားချက်တစ်ခု လင်းဖန်ရရှိလိုက်၏။
လင်းဖန်က သူ့စာအုပ်တစ်ခုလုံးပေါ်မှာ အာရုံစူးစိုက်လိုက်သည်။ မည်သည့်အရာကမျှ သူ့ကိုစာအုပ်ကိုစိတ်ဝင်စားခြင်းမှ မဖယ်ရှားနိုင်တော့သည်အထိ အာရုံဝင်စားလိုက်၏။
အလင်းက ပိုမိုတောက်ပလာနေသည်။ စာအုပ်သည်လည်း စာမျက်နှာအသစ်တစ်ခုကို ဖွင့်လိုက်တော့မည့်အလား အရှိန်ပြင်းစွယ တုန်ခါလာသည်။
အပြင်ဘက်ကမ္ဘာတွင် ယွီကျုံးသည် လင်းဖန်ကို အခွင့်အရေးတစ်စုံတစ်ရာ ပေးချင်စိတ်မရှိတော့သည့်ပုံပေါ်၏။ လင်းဖန်ကို စူးစိုက်ကြည့်နေရင်း သူ့စွမ်းအားများကို ထုတ်ဖော်လိုက်သည်။
“ ဒီတစ်ကြိမ် အသေပဲ ”
ယွီကျုံးက ရေခဲတမျှ အေးစက်စက်လေသံဖြင့် အော်ပြောလိုက်၏။ သူက လက်ကိုမြှောက်လိုက်ပြီး ပြင်းထန်သော ချီများကို စုစည်းကာ လင်းဖန်ထံသို့ ထပ်မံပြေးဝင်သွားသည်။
ဤတစ်ကြိမ်တွင် လင်းဖန်သည် နေရာမှာပင် အသတ်ခံရတော့မည့်ပုံပေါ်၏။ ယွီကျုံးက လင်းဖန်ကို နောက်ထပ်အခွင့်အရေးများ ပေးလိမ့်မည် မဟုတ်ပေ။
လူအုပ်ကြီးက ယွီကျုံး၏ကြောက်စရာကောင်းသော တိုက်ကွက်ကို မြင်ပြီး လင်းဖန်က ဘာမှမလှုပ်ရှားသည်ကို မြင်သောအခါ သူတို့စိတ်ထဲတွင် လင်းဖန်သေလိမ့်မည်ဟုသော အတွေးသာရှိနေ၏။ ယွီကျုံး၏တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် သူအချိန်ရလိမ့်မည် မဟုတ်ပေ။
“ လင်းဖန်…သေစမ်းကွာ ”
လင်းဖန်က မည်သို့မျှလှုပ်ရှားခြင်းမရှိသည်ကို မြင်သောအခါ ယွီကျုံးက ဒေါသတကြီး အော်ပြောလိုက်၏။ ထိုစဉ် စူးရှသောအသံလေးများ ထွက်ပေါ်လာ၏။ ထိုအသံလေးများက ကျယ်လောင်ခြင်းမရှိသော်လည်း စူးရှစွာမြည်နေရာ ယွီကျုံးမှာ အပ်ကလေးတစ်ချောင်းနှင့် ထိုးဆွခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။
“ ဟမ် ”
ယွီကျုံးက ချာခနဲလှည့်ကြည့်လိုက်ရာ သူ့ဆီသို့ ပြေးဝင်လာသော ရောင်စုံအဝတ်စတစ်စပမာ အသွင်ရှိသော အလင်းရောင်တစ်ခုကို တွေ့မြင်လိုက်ရ၏။ ထိုနူးညံ့ပျော့ပြောင်းသော အရာက ချွန်ထက်သော လက်နက်တစ်ခုဖြစ်ပုံရပြီး အလွန်လျင်မြန်နေသည်။
“ ဘာဖြစ်နေတာလဲ ”
ယွီကျုံးမှာ စကားမပြောနိုင်လောက်အောင် အံ့သြမှင်တက်သွား၏။ အလင်းတန်းတစ်ခုက သူ့ဆီသို့ ဝင်ရောက်လာနေသည့်အတွက်ကြောင့် လင်းဖန်ကို အာရုံမစိုက်နိုင်တော့ဘဲ သူ့လက်ကို ဦးတည်ချက်ပြောင်းလိုက်ရသည်။
“ ဘုန်း ”
ယွီကျုံး၏ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စဉ်သွား၏။ ထိုအလင်းတန်းက မုန်တိုင်းတစ်ခုပမာ စက်ဝိုင်းများထဲမှာ တဝီဝီလည်နေသည်။
“ ဝှစ် ”
နောက်ထပ်အသံတစ်သံထွက်ပေါ်လာရာ လူအုပ်ကြီးမှာ အံ့အားသင့်သွား၏။ သူတို့က ယွီကျုံး၏နောက်သို့ ကြည့်လိုက်ရာ အရောင်မျိုးစုံက ဝါးတောထဲမှ သူ့ထံသို့ အလင်းကဲ့သို့ လျင်မြန်သည့် အရှိန်အဟုန်ဖြင့် ပြေးဝင်လာတာကို တွေ့မြင်သွားသည်။
ယွီကျုံးသည်လည်း ထိုအခြင်းအရာကို အာရုံခံမိလိုက်ပြီး အံ့အားသင့်သွား၏။ ထို့နောက် ဘေးဘက်သို့ ဆုတ်ခွာလိုက်သည်။ သူ့ဘေးဘက်နှစ်ဘက်မှာ အဝတ်စတစ်စစီ ရှိနေသည်။
သို့သော် ယွီကျုံးက များစွာနောက်မဆုတ်ရသေးခင်မှာ နှစ်ခုထက်ပိုသောအလင်းများ ယွီကျုံးထံသို့ ရွေ့လျားလာပြီး ချက်ချင်းပင် စက်ဝိုင်းပုံဝန်းရံထား၏။
၎င်းအဝတ်စများ၏ လှုပ်ရှားမှုတစ်ခုစီတိုင်းက သေကွင်းသေကွက်ကို ဦးတည်နေသည့်ပုံပေါ်သည်။
“ ဘာဖြစ်တာလဲ။ ဒီအဝတ်စတွေကို ဘယ်သူတွေက ထိန်းချုပ်နေတာလဲ။ သူတို့က ကြောက်စရာကောင်းမှာတော့ သေချာတယ် ”
လူများ၏နှလုံးသားမှာ အရှိန်ပြင်းစွာ တုန်ခါလာသည်။ အလွမ်းတောအုပ်မှာ ဒုက္ခကိုဖန်တီးသောလူကား ရှားပါးသည်။ ယခုအချိန်မှာ ထိန်းချုပ်ထားသော ရောင်စုံအဝတ်စလေးစက တိတ်ဆိတ်စွာ တိုက်ခိုက်လာ၏။ ထိုအရာက အလွမ်းတောအုပ်မှာ အစွမ်းထက်သော ကျင့်ကြံသူလေးယောက် ပေါ်ထွက်လာသည်ဟု ပြောချင်တာလား။

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora