ရန်ယွီပိုင်ရှိန်
လူအားလုံးက ကောင်းကင်ရှိအနက်ရောင်လူကို ကြည့်နေသည်။
ထိုလူ၏မျက်နှာတွင် အေးစက်စက်အပြုံးကို သူတို့တွေ့မြင်လိုက်၏။ ထို့နောက် သူက အေးစက်စွာဖြင့် ပြောဆိုလာသည်။
“ စကားမစပ်..မင်းကို အသက်ဆယ်ခါရှူချိန်ပေးမယ်။ တကယ်လို့ အဲ့ဒီအချိန်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်မသေရင် မင်းကို ငါကိုယ်တိုင် သတ်ပေးမယ် ”
“ လူသားတစ်ယောက်က ဘယ်လိုလုပ်သေခြင်းတရားကို လက်ခံနိုင်မှာလဲ။ ငါ့ရဲ့တပ်သားတွေကို ဒီစစ်ပွဲထဲ ပါဝင်စေခဲ့မိတာ ဆိုးလွန်းတယ် ”
လျန်ချန်းလန်က ခေါင်းကိုမော့ကာ အနက်ရောင်လူကိုကြည့်၍ ပြောလိုက်၏။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပြင်းထန်သော အတိုက်အခိုက်စွမ်းအင်များ စတင်ထွက်ပေါ်လာပြီး သူ့ကိုယ်က လေထဲသို့ လွင့်ပျံသွားသည်။ သူသည် သေသည့်တိုင်အောင် တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းအားဖြင့် မည်ကဲ့သို့ အရှက်ခွဲခံနိုင်ပါမည်နည်း။
ရွှီယွဲ့တပ်ဖွဲ့တစ်ခုလုံးက အလွန်တရာ ဝမ်းနည်းနေသည့်အသွင် ပေါ်နေသည်။ ဤတိုက်ပွဲက တရားမျှတခြင်း မရှိပေ။
“ မင်းက သေချင်နေမှတော့ မင်းရဲ့ရည်ရွယ်ချက်ကို ပြည့်အောင် ကူညီပေးရတာပေါ့ ”
အနက်ရောင်လူက အေးစက်စက်ပြောလိုက်၏။ သူက သန့်စင်သောစွမ်းအင်များကို သူ့ပတ်လည်တွင် ထပ်မံ၍ စုစည်းလိုက်သည်။ ၎င်းစွမ်းအင်များတွင် ပြင်းထန်သောစွမ်းအားများပါရှိနေ၏။
“ အစွန်းရောက်ဒေါသတွေ ကြီးစိုးနေချိန် မိုးရေစက်သံတွေအောက်မှာ ငါအနားယူနေခဲ့ ”
“ အဝေးကို ငေးကြည့်..ကောင်းကင်ဘုံကို ကြည့်ရင်းနဲ့ ကျယ်လောင်စွာ ငိုကြွေးလိုက်လေရဲ့..ငါ့ရဲ့ဝမ်းဗိုက်က နာကျင်မှု့တွေကို ခံစားရင်းနဲ့ပေါ့ ”
“ တပ်သားသုံးဆယ်က မိုးသားကောင်းကင်ဝေဟင်ပြင်မှာ လမင်းကြီးနှင့် ကြယ်ရောင်လေးများလင်းလက်သည်အထိ ဖုန်လုံးများကြားတွင် ဆက်လက်တိုက်ပွဲဝင်နေခဲ့ ”
ရုတ်တရက် သီချင်းသံတစ်သံက စစ်မြေပြင်တစ်ခုလုံးသို့ စည်းချက်ကျစွာဖြင့် ထွက်ပေါ်လာသည်။
