#Zawgyi
အနာဂတ်သစ်အဖွဲ့ ရောက်ရှိလာခြင်း
လင်းဖန်၏မျက်လုံးများက တလက်လက်တောက်ပလာပြီး အနက်ရောင်ကြာပွင့်ကို ကြည့်နေသည်။
“ ဘယ်လောက်တောင် များပြားလိုက်တဲ့ ချီတွေလဲ ”
လင်းဖန် တီးတိုးရေရွတ်လိုက်၏။ သန့်စင်သောချီများဖြင့် ပြုလုပ်ထားသော အနက်ရောင်မီးတောက်များက သူစိတ်ကူးထားသည့်ပုံစံအတိုင်း ကမ္ဘာကြီးကို လောင်မြိုက်သွားစေမည့်အလား ထွက်ပေါ်လာခဲ့သည်။ငရဲမီးဖြင့် ပြုလုပ်ထားသော အနက်ရောင်ကြာပွင့်က ထိတွေ့သည့်အရာအားလုံးကို ပျက်စီးဆုံးရှုံးသွားစေနိုင်၏။
လင်းဖန်၏အတွေးထဲမှာ ကြာပွင့်က တဖြည်းဖြည်းကြီးမားလာခဲ့သည်။ သို့ရာတွင် မီးထဲမှာ ပါဝင်နေသော စွမ်းအင်က သိပ်သည်းဆနည်းပါးလာ၏။ ကြာပွင့်ထဲမှာ ပါဝင်သော စွမ်းအင်ပမာဏများပြားလေ ကြာပွင့်က များစွာကြောက်မက်ဖွယ်ကောင်းလေဖြစ်သည်။
လင်းဖန်က ပြန်လည်၍ အာရုံစူးစိုက်လိုက်ရာ အနက်ရောင်ကြာပွင့်၏စွမ်းအင်များက တဖြည်းဖြည်း ရှိရင်းစွဲပုံစံနှင့် စွမ်းအင်များအတိုင်း ပြန်လည်ဖွဲ့စည်းလာ၏။
လင်းဖန်က အနက်ရောင်ကြာပွင့်၏အရွယ်အစားကို တိုးပွားလာအောင် အကြိမ်အနည်းငယ်ကြိုးစားကြည့်သော်လည်း အောင်မြင်မှုမရရှိချေ။ ထို့နောက် သူက ကြာပွင့်၏စွမ်းအင်များနှင့် အရွယ်အစားကို တိုးပွားလာအောင် ပြုလုပ်ခြင်းအား ရပ်တန့်လိုက်၏။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ပူပြင်းသောမီးတောက်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းမီးတောက်အလယ်တွင် ပြင်းထန်ခက်ထန်သောစွမ်းအင်တစ်ခု ပါဝင်နေသည်။
၎င်းစွမ်းအင်က ကောင်းကင်အဏ္ဏဝါမြို့တွင် လင်းဖန်လုယူခဲ့သော တောရိုင်းကောင်၏မီးတောက်အမြုတေဖြစ်သည်။ ကောင်းကင်အဏ္ဏဝါမြို့မှ ထွက်လာတည်းက သူ့တွင် ထိုအမြုတေအိုးကို အသုံးပြုရန် အခွင့်အရေးမရှိခဲ့ချေ။ ယခုအခါ သူသည် ငရဲမီးကို အနက်ရောင်ကြာပွင့်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်ပြီဖြစ်သည့်အတွက် ၎င်းအမြုတေကို ကြိုးစားကြည့်လိုက်ခြင်းဖြစ်သည်။