အပိုင်း ( ၃၉၄ )

351 40 0
                                    

Zawgyi

ကန့်သတ်ချက်ကို ဖယ်ရှားခြင်း

လင်းဖန်မှာ ထိုအကြောင်းနှင့်ပတ်သက်ပြီး တွေးပင်မကြည့်ဝံ့ချေ။ အကယ်၍ သူသာ ဓားကိုးလက်ကို တပြိုင်ထဲ ထုတ်ယူလိုက်လျှင် မိစ္ဆာဓားများက သူ၏သက်စောင့်ဝိညာဉ်ကို ချက်ချင်းဝါးမြိုသွားမည်ဖြစ်ကာ သူ့ခန္ဓာကိုယ်ကို ယူလိုက်မည်။ သူက သေဆုံးသွားလိမ့်မည်ဖြစ်ပြီး မိစ္ဆာဓားက သူ၏ခန္ဓာကိုယ်မှာ ပြန်လည်မွေးဖွားလာလိမ့်မည်။
ကြောင်သည် သတိထားလျက် လင်းဖန်ကို ကြည့်နေ၏။ တိတိကျကျပြောရလျှင် လင်းဖန်၏လက်ထဲရှိ မိစ္ဆာဓားကိုသာ ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူ၏မျက်နှာရှိ ရက်စက်ကြမ်းကြုတ်သော အပြုံးက ပျောက်ကွယ်သွား၏။ ယခုအချိန်မှာ သူ့ကိုကြည့်ရသည်မှာ ပို၍ပင် ကြောက်စရာကောင်းနေသည်။
ထိုဓားမှာ ၎င်း၏ကိုယ်ပိုင်အသက်ရှိနေသည်။ အကယ်၍ လင်းဖန်သာ ထိုအစွမ်းထက်သော ဓားကို ထိန်းချုပ်နိုင်လျှင် သူ့ကို ဘယ်သူရပ်တန့်နိုင်တော့မည်နည်း။ တျန်အဆင့်တောရိုင်းကောင်က ပြောင်းလဲခြင်းဖြစ်စဉ်သို့ မရောက်ဘဲ မူလတျန်အဆင့်မှာ ရှိနေသေးလျှင်ပင် ထိုဓားအောက်မှာ သေချာကျရှုံးရလိမ့်မည်။
ထိုဓားမှာ ၎င်း၏ကိုယ်ပိုင်ကျင့်ကြံခြင်းရှိနေလျှင် တျန်အဆင့်ကြောင်ထက်ပင် မြင့်မားသွားလိမ့်မည်။
ကြောက်ရွံ့မှုများက ကြောင်၏နှလုံးသားထဲသို့ စိမ့်ဝင်လာ၏။ သို့သော် ကြောက်ရွံ့သည့်စိတ်နှင့် ယှဉ်လျှင် သူ၏လောဘစိတ်များက များစွာလျင်မြန်ကာ ပျံ့နှံ့လာသည်။ သူက တောရိုင်းကောင်တစ်ကောင်သာ ဖြစ်ပြီး ဓားကို အသုံးမပြုနိုင်သော်လည်း သူသာ လူသားတစ်ယောက်အဖြစ်သို့ ရောက်သွားခဲ့ပြီး ထိုဓားကိုအသုံးပြုနိုင်လျှင် သူစိတ်ရှိသည့်နေရာသို့ သွားလာနိုင်လိမ့်မည်။
ယခုအချိန်မှာ လင်းဖန်၏နက်မှောင်နေသော မျက်လုံးများက ငရဲမှလာသူတစ်ယောက်ပမာ ပို၍ပင် အေးစက်လာပြီး ခံစားချက်ကင်းမဲ့ကာ အကြင်နာတရားမရှိသည့်အရိပ်အယောင်များ ထွက်ပေါ်နေ၏။ ထိုမျက်လုံးများ၏ အကြည့်တစ်ချက်သည်ပင် ကြောင်၏နှလုံးခုန်နှုန်းကို မြန်ဆန်သွားစေသည်။
“ ခင်ဗျားက ကျုပ်ကို သတ်ချင်တာလား ”
လင်းဖန်က ရေခဲတမျှ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။ ယခုအချိန်မှာ ကြောင်၌သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နေလိမ့်မည်ဟု လင်းဖန်ထင်မှတ်မထားခဲ့ချေ။ ကြောင်သည် စွန့်လွှတ်ရန် မစဉ်းစားဘဲ လင်းဖန်ကိုသတ်ဖြတ်ချင်နေသည်။
လင်းဖန်၏လက်ထဲမှာ ဖြောင့်တန်းစွာ ဆုပ်ကိုင်ထားသော ဓားသည် လေထဲသို့ ဖြည်းညင်းစွာ မြင့်တက်လာ၏။ မကောင်းဆိုးဝါးတိမ်တိုက်များသည် လေထဲသို့ အဆက်မပြတ် တလိပ်လိပ် တက်လာပြီး လေထုကို တုန်ခါသွားစေသည်။ လင်းဖန်၏အထက်တွင် နက်မှောင်သော မကောင်းဆိုးဝါးတိမ်တိုက်များ စတင်စုစည်းလာပြီး ကောင်းကင်ကို ဖုံးလွှမ်းလာသည်။
မည်သည့်နေရာသို့ လင်းဖန်ရွေ့လျားနေပါစေ။ အနက်ရောင်တိမ်တိုက်များ လိုက်ပါလာလိမ့်မည်ဖြစ်သည်။
“ သေစမ်းကွာ ”
လင်းဖန်က ဒေါသတကြီး အော်ပြောလိုက်ပြီး သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။ မကောင်းဆိုးဝါးတိမ်တိုက်များသည် တဂျုံးဂျုံးမြည်ဟည်းစပြုလာ၏။ လင်းဖန်၏ မိစ္ဆာဓားမှ ချီများသည် လေထုကို ပိုင်းဖြတ်လိုက်သည့်ပမာ ကောင်းကင်နှင့်မြေကြီး၏ ချီအားလုံးသည် ဘေးသို့ နှစ်ခြမ်းကွဲသွားလေသည်။ ထိုနှစ်ခြမ်း၏အလယ်တွင် မိစ္ဆာဓားမှ ထွက်ပေါ်နေသည့် မကောင်းဆိုးဝါးဓားချီများဖြင့် ပြည့်နေ၏။
ဓားသည် ထိန်းချုပ်မရဖြစ်သွားသည့်အလား လေထဲတွင် တုန်ခါလျက်ရှိကာ ၎င်း၏ပြင်းထန်သော ဒေါသများက ကမ္ဘာကြီးကို အမှောင်ချပစ်ချင်နေသည့်အသွင်ဖြစ်နေသည်။
“ ဝှီး ”
ကြောင်သည် မြားတစ်စင်းကဲ့သို့ လေထဲသို့ ပြေးထွက်သွား၏။ ထိုဓားတွင် မိစ္ဆာစွမ်းအင်များဖြင့် ပြည့်နေပြီး ကိုယ်ပိုင်အသိစိတ်ရှိလေရာ ကြောင်မှာ ဓားချက်ကို ထိပ်တိုက်မခုခံရဲဘဲ ရှောင်တိမ်းလိုက်ရသည်။
“ ဘုန်း ”
အတန်ငယ်ဝေးသော နေရာမှာရှိသည့် တောင်ကား နှစ်ပိုင်းပြတ်သွား၏။ ကြောင်သည် ကြီးမားသော အန္တရာယ်နှင့် တွေ့ကြုံနေရသည့်အလား ကောင်းကင်ယံသို့ ဆက်လက်ထိုးတက်သွားသွားသည်။ သူက အံ့မခန်းလျင်မြန်သော်လည်း ဓားက ဤမျှကြီးမားသော နေရာကို ဖြတ်၍တိုက်ခိုက်နိုင်သည်။ လင်းဖန်သည် သူစိတ်ကြိုက်တိုက်ခိုက်နိုင်စွမ်းရှိနေ၏။ ဓားက မယုံကြည်နိုင်စရာကောင်းအောင် အံ့မခန်းအစွမ်းထက်နေပေသည်။
ထိုစဉ် လေထဲသို့ ခုန်ထက်သွားသောကြောင်၏နောက်သို့ လင်းဖန်က ကပ်ရပ်လိုက်ပါလာ၏။ သူ၏မိစ္ဆာဓားမှ လေထုကိုဖြတ်သွားသည့်အတွက် လေတိုးသံများထွက်ပေါ်လာသည်။ လေထဲတွင် နက်မှောင်နေသော မိစ္ဆာစွမ်းအင်များဖြင့် ပြည့်လာ၏။
ကြောင်သည် မိစ္ဆာစွမ်းအင်များကို မြင်သောအခါ ၎င်း၏မျက်လုံးအိမ်များ တောင်တင့်သွားသည်။ သူသည် သူ၏ကန့်သတ်ချက်ကို ကျော်လွန်၍ အရှိန်အဟုန်ပြင်းစွာ ရွေ့လျားလိုက်ရာ အလင်း၏အမြန်နှုန်းသို့ ရောက်သွားသည့်ပမာ လုံးဝမမြင်ရလုနီးပါး ဖြစ်သွား၏။
“ သေစမ်းကွာ ”
လင်းဖန်၏မျက်နှာတွင် သတ်ဖြတ်ချင်သည့်အငွေ့အသက်များဖြင့် ပြည့်နေသည်။ ယခုအချိန်မှာ သူသည် ဓား၏တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က နိမ့်ကျလွန်းသည့်အတွက်ကြောင့် ဓားက သူနှင့် သူ၏လှုပ်ရှားမှုများကို လွှမ်းမိုးစပြုလာ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မိစ္ဆာချီများဖြင့် ပြည့်နေပြီး သူ့စိတ်ထဲမှာ သတ်ဖြတ်ချင်သည့်စိတ်များ ဖြစ်ပေါ်နေသည်။
လင်းဖန်၏ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင်တိမ်တိုက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ မိစ္ဆာတိမ်တိုက်များသည် လေထုကိုဖြတ်၍ ပြေးထွက်သွား၏။ ၎င်းက အံ့မခန်းအမြန်နှုန်းဖြင့် ရွေ့လျားနေကာ ရှေ့မှ မိစ္ဆာဓားက ဦးဆောင်သွားနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မိစ္ဆာတိမ်တိုက်များကြောင့် ကမ္ဘာပျက်သည့်အလား တဂျုံးဂျုံးမြည်ဟည်းလျက်ရှိ၏။
ကောင်းကင်ယံတွင် မိစ္ဆာတိမ်တိုက်များမှ လွတ်မြောက်ရန် ကြိုးစားနေသော အလင်းတန်းတစ်ခု ရှိနေသည်။ ထိုအလင်းတန်းကား ကြောင်ဖြစ်လေသည်။
“ ညောင်………”
ကြောင်အော်သံတစ်သံ လေထဲတွင် ပျံ့နှံ့ထွက်ပေါ်လာ၏။ ကြောင်၏မျက်လုံးများတွင် အဆုံးအစမဲ့သော ဒေါသမီးတောက်များဖြင့် ပြည့်နေသည်။ သူ့ကိုယ်မှ ချွေးစေးများ ထွက်လာနေပြီး လင်းဖန်၏ရှေ့မှာ အစွမ်းကင်းမဲ့သွားသည့်ပမ သူခံစားနေရသည်။ သူလုပ်နိုင်သည့်အရာအားလုံးမှာ စောစောက လင်းဖန်ကဲ့သို့ ထပ်ဖန်တလဲလဲ ရှောင်တိမ်းခြင်းသာ ဖြစ်၏။ အလွန်တရာ ကြီးမားသော အန္တရာယ်ထဲသို့ သူရောက်ရှိနေ၏။ ယခုလင်းဖန်က မိစ္ဆာဓားကို ထိန်းချုပ်နိုင်ပြီဖြစ်ရာ ကြောင်ကို ကောင်းစွာ ဒုက္ခပေးနိုင်နေသည်။
ကြောင်က အံ့မခန်းအစွမ်းထက်သော တျန်အဆင့်တောရိုင်းကောင်ဖြစ်သော်လည်း သူ့ထက်အစွမ်းနိမ့်သော လူတစ်ယောက်က သူ့ကိုဖိအားများစွာ ပေးနေ၏။
ယခုအချိန်မှာ ကြောင်၏မျက်လုံးများတွင် မီးတောက်များ တောက်လောင်နေပြီး သူ့ကိုကြည့်ရသည်မှာ မယှဉ်သာအောင် ရက်စက်ကြမ်းကြုတ်သည့်အသွင်ဖြစ်နေသည်။
သူက လင်းဖန်ကို မျှော်လင့်ချက်ရှိသည့်မျက်လုံးများဖြင့် လှည့်ကြည့်လိုက်၏။ လင်းဖန်က ဓားကို စိတ်ကြိုက်အသုံးပြုနိုင်လိမ့်မည်ဟု သူမယုံကြည်ချေ။ သူ၏အစွမ်းနိမ့်သည့်အခြေအနေသို့ ရောက်နေသည့်တိုင် အစွမ်းနိမ့်ကျလွန်းသောလူက သူ့ကိုသတ်ဖြတ်နိုင်သည့်အစွမ်းရှိမှာလား။
လင်းဖန်သည်လည်း ကြောင်တွေးနေတာကို သိနေ၏။ မိစ္ဆာဓားသည် အလွန်တရာ အစွမ်းထက်ပြီး သူ၏ကျင့်ကြံခြင်းအဆင့်နှင့် ထိုအစွမ်းကို မထိန်းချုပ်နိုင်ပေ။ ထို့ပြင် ကြောင်နှင့်ယှဉ်လျှင် သူက များစွာနှေးကွေးနေသည်။ ထိုသို့မဟုတ်လျှင် ကြောင်က ဆက်လက်တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။ အချိန်ကုန်မခံဘဲ အဝေးသို့ ထွက်ပြေးသွားလိမ့်မည်။
ထိုစဉ် ကြောင်သည် လင်းဖန်ကိုသတ်ရန် အခွင့်အရေးရှာဖွေနေ၏။ ကြောင်က လင်းဖန်ကိုသတ်ပြီး ဓားကိုလုယူချင်နေပေသည်။
လင်းဖန်၏ခံစားချက်ကင်းမဲ့ကာ သွေးဆာနေသော မျက်လုံးများသည် ဓား၏လွှမ်းမိုးခြင်းကို ခံလိုက်ရသည့်အလား မုန်းတီးခြင်းများဖြင့် ပြည့်လာသည်။ လင်းဖန်သည် အေးစက်စွာ ပြုံးလိုက်ပြီး မိစ္ဆာဓားနှင့် ထပ်မံတိုက်ခိုက်လိုက်၏။ မိစ္ဆာတိမ်တိုက်များသည် လေထဲမှာ ဆက်လက်ပျံ့နှံ့သွား၏။
သို့ရာတွင် မိစ္ဆာဓား၏စွမ်းအင်များက ဤတစ်ကြိမ်မှာ ကြောင်ထံသို့ ရွေ့လျားသွားခြင်းမရှိရာ ကြောင်အံ့အားသင့်သွားသည်။ ထို့နောက် ချက်ချင်းပင် သူအေးစက်စက်ပြုံးလိုက်၏။
ကြောင်၏ခန္ဓာကိုယ်က လှစ်ခနဲလှုပ်ရှားသွားပြီး လင်းဖန်ဆီသို့ အံ့မခန်းအမြန်နှုန်းဖြင့် ပြေးဝင်သွားသည်။
ကြောင်က လင်းဖန်ကို တစ်ချက်တည်းဖြင့် သတ်ရန် သူ၏ချီအားလုံးကို စုစည်းလိုက်သည့်ပုံပေါ်သည်။ သူ၏မျက်နှာက အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့်ပုံပေါ်နေပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းနေ၏။
လင်းဖန်က တရွေ့ရွေ့နီးကပ်လာသော ကြောင်ကို ဂရုပင်မစိုက်ချေ။ လင်းဖန်၏မျက်လုံးများက မည်သည့်အရာမှ သက်ရောက်မှုမရှိသည့်အလား ယခင်အတိုင်း ခံစားချက်ကင်းမဲ့နေသည်။
လေထဲတွင် စွမ်းအင်လှိုင်များ ရိုက်ခတ်သည့်အသံထွက်ပေါ်လာကာ လင်းဖန်၏ခရမ်းရောင်ရေကန်ထွက်ပေါ်လာ၏။ ထို့နောက် အဆုံးအစမဲ့များပြားသော ခရမ်းရောင်မြွေများသည် ကြောင်ဆီသို့ ရွေ့လျားသွားပြီး ၎င်းကို ချုပ်နှောင်ရန် ကြိုးစားလိုက်သည်။ သို့ရာတွင် ကြောင်၏ခန္ဓာကိုယ်ကို မိုးကြိုးမီးတောက်များဖြင့် ဝန်းရံထားပြီး ၎င်း၏အမြန်နှုန်းကလည်း အံ့မခန်းလျင်မြန်ရာ ခရမ်းရောင်ဝိညာဉ်သည် ကြောင်၏လှုပ်ရှားမှုများကို အနည်းငယ်နှေးကွေးသွားစေရန်သာ လုပ်နိုင်ခဲ့သည်။
ကြောင်သည် လင်းဖန်၏အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာ၏။ သူ၏မျက်နှာသည်လည်း တိရစ္ဆာန်တစ်ကောင်ပုံစံ ဖြစ်လာသည်။
ကြောင်၏ချွန်ထက်သော လက်သည်းများက အရှိန်အဟုန်အပြည့်ဖြင့် လင်းဖန်ဆီသို့ ထိုးဖောက်လာနေသည်။ ကြောင်ကိုကြည့်ရသည်မှာ ကောင်းကင်ကိုဖြတ်၍ ရပ်တန့်မရနိုင်သော ဥက္ကာခဲတစ်ခုအလား ထင်ရ၏။
“ ကောင်းကင်စွယ် ”
လင်းဖန်က နက်ရှိုင်းသောလေသံဖြင့် အော်ပြောလိုက်သည်။ လင်းဖန်၏နောက်တွင် ခေါင်းခြောက်လုံးပါသော နဂါးတစ်ကောင်ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းက ကြောင်ကို ၎င်း၏ပါးစပ်နှင့် ဆွဲယူလိုက်ပြီး လှုပ်ရှား၍မရအောင် ခန္ဓာကိုယ်ဖြင့် ရစ်ပတ်ထားသည်။
“ ညောင်…….”
ကြောင်သည် အထိတ်တလန့်ဖြစ်ကာ အော်မြည်နေ၏။ လင်းဖန်သည် သူ၏ဓားကိုမြှောက်ကာ ချက်ချင်းတိုက်ခိုက်လိုက်သည်။
“ သေစမ်းကွာ ”
လင်းဖန်က အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် ပြောကြားလိုက်၏။
လင်းဖန်က ကောင်းကင်စွယ်ဝိညာဉ်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပုံပေါ်သော်လည်း ပတ်ဝန်းကျင်တွင် မုန်းတီးခြင်းများဖြင့် ပြည့်နေသော ဓားတစ်လက်ရှိနေလေသည်။
ကြောင်မျက်မှောင်ကြုတ်သွား၏။ သူ၏မျက်နှာက ဆိုးရွားစွာ ပျက်သွားသည်။ အမြွှာဝိညာဉ်ကျင့်ကြံသူ၊ မိစ္ဆာဓား…
လင်းဖန်၏ဓားက သူ့ထံသို့ ရည်ရွယ်ခြင်းမရှိတော့သည့်အချိန်မှာ ကြောင်သည် လင်းဖန်ကို တိုက်ခိုက်ရန် အချိန်ရပြီဟု ယူဆလိုက်သည်။ သို့ရာတွင် လူသားတစ်ယောက်သည် အန္တရာယ်နှင့် ရင်ဆိုင်တွေ့ရသည့်အခါ ထွက်ပေါ်လာသော အစွမ်းကို လျော့တွက်လိုက်ပုံပေါ်၏။ ထိုအမြွာဝိညာဉ်က သူ၏လှုပ်ရှားမှုကို နှေးကွေးသွားစေရန် လုံလောက်ခဲ့သည်။ ထိုအချိန်လေးက ကြောင်၏ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။
မိစ္ဆာတိမ်တိုက်သည် အံ့မခန်းဓားစွမ်းအားများနှင့်အတူ လေထဲမှာ လွင့်မျောလာ၏။
“ ညောင်…..”
ကျယ်လောင်သော ကြောင်အော်သံတစ်သံက လေထဲတွင် ပျံလာသည်။ ထို့နောက် ကြောင်၏မျက်နှာသည် တိရစ္ဆာန်တစ်ကောင်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားလေ၏။ သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော စွမ်းအင်များသည် ပြောင်းလဲခြင်းဖြစ်စဉ်ကျိုးပျက်သွားသည့်အလား သူ့ကိုယ်မှ ထွက်ပေါ်လာသည်။
မိစ္ဆာတိမ်တိုက်များသည် ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေ၏။ လင်းဖန်သည် သူ၏ဓားအောက်မှ စွမ်းအင်များထွက်ပေါ်လာပြီး ပြင်းထန်သော လေများတိုက်ခတ်စပြုလာသည်ကို ခံစားလိုက်ရသည်။ လင်းဖန်သည် သူ၏ခန္ဓာကိုယ်မှာ အဝေးသို့ လွင့်ထွက်သွားတော့မည့်ပမာ ထင်လာ၏။
“ ကန့်သတ်ချက် ပျက်သွားပြီ ”
လင်းဖန်၏နှလုံးခုန်နှုန်းများမြန်ဆန်လာသည်။ ကြောင်သည် တျန်အဆင့်ချီများကို ထုတ်ဖော်နေ၏။
ကြောင်က ပြောင်းလဲခြင်းဖြစ်စဉ်ကို ပြုလုပ်သောအခါ သူ၏အစွမ်းများကို လျော့ချခဲ့ရသည်။ ထို့အပြင် ကန့်သတ်ချက်က ဖယ်ရှားရန် အလွန်တရာ ခက်ခဲ၏။ သို့ရာတွင် မိစ္ဆာဓားများက ကြောင်၏အသားထဲသို့ နစ်ဝင်လာပြီး အသက်ကို ခြိမ်းခြောက်လာရာ ကြောင်သည် တျန်အဆင့်တောရိုင်းကောင်အစစ်အမှန်အဖြစ်သို့ ပြန်လည်ပြောင်းသွားခဲ့လေသည်။
အတောင်ပံကျား၏ပုံစံက အလွန်တရာ စိတ်လှုပ်ရှားနေသည့်ပုံပေါ်၏။ လင်းဖန်က ကြောင်ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။ အံ့အားသင့်စရာကောင်းလောက်အောင်ပင် သူသည် သူ့ကို သတ်ဖြတ်လုနီးပါးအနေအထားထိ တိုက်ခိုက်နိုင်ခဲ့ပြီး ကန့်သတ်ချက်ပြယ်သွားအောင် ဖိအားပေးနိုင်ခဲ့သည်။
လူသားတစ်ယောက်အဖြစ်သို့ အသွင်ပြောင်းလဲခြင်းက တစ်သက်မှာ တစ်ကြိမ်သာရနိုင်သော အခွင့်အရေးဖြစ်သည်။ ကံကြမ္မာကို ဆန့်ကျင်ကာ ကောင်းကင်ကြီးက တောရိုင်းကောင်များကို ပေးထားသည့် အရာဖြစ်၏။ အကယ်၍ ပြောင်းလဲခြင်းဖြစ်စဉ်မှာ ဖန်တီးထားသော ကန့်သတ်ချက်သာ ပျက်ဆီးသွားခဲ့လျှင် တောရိုင်းကောင်သည် ၎င်း၏မူလအစွမ်းကို ပြန်လည်ရရှိကာ တောရိုင်းကောင်အဖြစ် ပြန်လည်နေရတော့မည်။ ထူးဆန်းသော ပြောင်းလဲခြင်းနှင့် မကြုံတွေ့ရလျှင် တျန်အဆင့်တောရိုင်းကောင်အဖြစ်မှာ တစ်သက်လုံးရှိနေလိမ့်မည်။
ယခုအချိန်မှာ မိုးကြိုးမီးတောက်ကြောင်၏ ပြောင်းလဲခြင်းဖြစ်စဉ်သည် ပျက်ဆီးသွားခဲ့ပြီး တျန်အဆင့်တောရိုင်းကောင်အဖြစ်သို့ ရောက်ရှိသွား၏။ ၎င်း၏အိပ်မက်အားလုံး ပြိုလဲသွားရလေသည်။
အတောင်ပံကျားက အနည်းငယ် တုန်ခါသွားသည်။ နောက်ဆုံးတွင် ဤရှေးဟောင်းတောရိုင်းကောင်ကား လွတ်လပ်ခွင့်ကို ရသွားလေပြီ။ ၎င်း၏အိပ်မက်ဆိုးကြီးက ပြီးဆုံးသွားပြီဖြစ်သည်။
ကြောင်၏ နှစ်ပေါင်များစွာ ပွေ့ဖက်ခြင်းကို ခံခဲ့ရသည်။ နူးညံ့ကာ ကျိုးနွံ့စွာ နေခဲ့ရပြီး ၎င်း၏သားရဲဆန်သော သဘာဝကို ဆုံးရှုံးခဲ့ရသည်။
အတောင်ပံကျား၏ မျက်လုံးများက အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့်အသွင်ပေါ်နေပြီး ကြောင်က လုံးဝချေမှုန်းခံရလိမ့်မည်ဟုသော မျှော်လင့်ချက်များလည်း ပြည့်လာ၏။ လင်းဖန်ကသာ ကြောင်ကို အကြင်နာတရားကင်းမဲ့စွာ ချေမှုန်းလိုက်လျှင် ၎င်းအတွက်အကောင်းဆုံးပင်။
ကြောင်သည် ကျယ်လောင်စွာ အော်မြည်နေ၏။ ၎င်း၏ချွန်ထက်သော လက်သည်းဆယ်ခြောင်းက ဓားဆယ်လက်ပမာ တလက်လက်တောက်ပနေသည်။ ကြောင်၏လက်သည်းများသည် သာမန်ဓားများထက် အဆပေါင်းများစွာ ထက်မြက်၏။
“ သေစမ်းကွာ ”
လင်းဖန်၏ အနက်ရောင်မျက်လုံးများတွင် ခိုင်မာပြတ်သားသော စိတ်ဓာတ်များဖြင့် ပြည့်လာသည်။ သူသည် နောက်ထပ်တိုက်ခိုက်ရန် သူ၏စွမ်းအားအကုန်လုံးကို စုစည်းလိုက်၏။ လေထုကို ပိုင်းဖြတ်သည့်အသံများ ထွက်ပေါ်လာပြီး လက်သည်းချွန်ဆယ်ခုသည် ဓားဆီသို့ ဖြတ်သန်းကာ ရောက်ရှိလာသည်။

PMG အတွဲ ( ၂ )Where stories live. Discover now