သွမ့်တျန်းလန်၏ အဆင့်ဆင့်သော မေးခွန်းများ
သွမ့်တျန်းလန်၏မျက်နှာက သုန်မှုန်သွားပြီး အေးစက်စက်ပြောလိုက်သည်။
“ အင်ပါယာမြို့တော်ဆိုတာ ရွှီယွဲ့နိုင်ငံမှာ မြင့်မြတ်တဲ့နေရာတစ်ခုပဲ။ ခွင့်ပြုချက်မရဘဲ တပ်ဖွဲ့လိုက် အင်အားသုံးပြီး ဝင်ရောက်တာက သာမန်ကိစ္စလား? မြို့ထဲဝင်ပြီး အရာရှိတစ်ယောက်နဲ့ သူ့သားကို သတ်လိုက်တာကရော…? အဲ့ဒီလိုလုပ်တဲ့လူကို သစ္စာဖောက်လို့မပြောရင် ဘယ်လိုပြောရမလဲ?”
“ ကျွန်တော်နဲ့ မင်းသမီးဟာ အင်ပါယာမြို့တော်ကို အမြန်ပြန်လာခဲ့တယ်။ အဲ့ဒီမှာ တပ်သားတစ်ချို့က ကျွန်တော်တို့ကို လုပ်ကြံခဲ့ကြတယ်။ ဒါ့အပြင် အဲ့ဒီလုပ်ကြံတဲ့လူတွေဟာ ရွှီယွဲ့တပ်သားတွေပဲ။ သူတို့က မင်းသမီးရှိနေတာ သိပေမယ့် သတ်ဖို့ကြိုးစားခဲ့ကြတယ်။ သွမ့်တျန်းလန်.. ခင်ဗျားကို ကျွန်တော်မေးချင်တယ်..တပ်မတော်တစ်ခုလုံးက ခင်ဗျားရဲ့အမိန့်ကို လိုက်နာရတာမလား ?”
“ အဓိပ္ပာယ်မရှိလိုက်တာ..သူတို့က ဘယ်လိုလုပ် ငါ့ရဲ့တပ်သားတွေ ဖြစ်နိုင်ရမှာလဲ?”
သွမ့်တျန်းလန်က ဒေါသတကြီးဖြင့် အလျင်အမြန် ငြင်းဆန်လိုက်လေသည်။
“ ကောင်းပြီ။ အဲ့ဒါဆိုရင် ရယ်စရာအကောင်းဆုံးက တကယ်လို့ သူတို့ဟာ ခင်ဗျားရဲ့တပ်သားတွေမဟုတ်ရင်တောင် ကျွန်တော်က မင်းသမီးကိုကာကွယ်ပေးရမယ့် တာဝန်ရှိတယ်။ ကျွန်တော်က သွေးနီတပ်ကို မင်းသမီးကာကွယ်ပြီး အင်ပါယာမြို့ထဲဝင်ဖို့ အမိန့်ပေးခဲ့တယ်။ ဒါပေမယ့် သွမ့်တျန်းလန်..ခင်ဗျားက ကျွန်တော့်ကို သစ္စာဖောက်လို့ခေါ်ပြီး ကျွန်တော့်ကို သတ်ချင်နေတယ်။ ဒီတပ်သားတွေကိုလည်း သစ္စာဖောက်တပ်သားတွေလို့ ခေါ်ခဲ့တယ်။ ခင်ဗျားငြင်းနေတာတွေကို ကျွန်တော်နားလည်သလို ပြောရရင် ခင်ဗျားပြောနေတဲ့ပုံက ကျွန်တော်တို့ဟာ သစ္စာဖောက်တပ်ဖြစ်ပြီး သေဖို့ထိုက်တန်တယ်..ဘာကြောင့်လဲဆိုတော့ ခင်ဗျားရဲ့ထိန်းချုပ်မှုအောက်မှာ မရှိဘူးလို့ ခင်ဗျား အခိုင်အမာပြောနေတဲ့ ရွှီယွဲ့တပ်သားတွေကို မင်းသမီးကာကွယ်ဖို့အတွက် ကျွန်တော်တို့က သတ်ခဲ့တဲ့အတွက်ကြောင့်ပဲ…ဟုတ်တယ်မလား?”
