ကြီးမားသော ဆုံးရှုံးမှု
လေထဲသို့ လွင့်ထွက်သွားသော လက်ပြတ်ကြီးအား ကြည့်ကာ လူအုပ်ကြီးမှာ ထပ်မံ၍ အံ့အားသင့်သွားပြန်၏။
ထိုတိုက်ခိုက်မှုမှ မျက်စိကျိန်းမတတ်တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခြင်းမရှိသလို ဓားတစ်ချောင်းကိုမျှ သူတို့မမြင်လိုက်ကြရပေ။ လင်းဖန်၏လက်က ဓားတစ်လက် ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဓားဖြစ်နေသည်။ သို့ဖြစ်ရာ လက်ခနဲအလင်းရောင် ထွက်ပေါ်လာခြင်းလည်း မရှိတော့ပေ။
အချိန်တိုလေးအတွင်းမှာ လင်းဖန်က အံ့အားသင့်စရာကောင်းလောက်အောင် အံ့မခန်းအစွမ်းထက်သူတစ်ယောက် ဖြစ်လာသည်။ မျိုးနွယ်စုစောင့်အကြီးအကဲပင် သူ့ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့ချေ။ လင်းဖန်၏ဓားချက်တစ်ချက်ကိုပင် ခုခံနိုင်ခြင်း မရှိတော့။
လင်းရုန်ဆိုတာ လင်းချီစုဆောင်းမှုအဆင့်ကိုးသို့ ရောက်ရှိနေသူတစ်ယောက်ဖြစ်ပြီး ရွှမ်ချီအဆင့်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သူဖြစ်၏။ သို့ရာတွင် လင်းဖန်၏အဆင့်က မည်မျှအထိ ရှိနေမည်နည်း။ လင်းဖန်က အသက်ဆယ့်ခုနစ်နှစ်သာ ရှိသေးပြီး လင်းမျိုးနွယ်စုရှိ မျိုးဆက်သစ်လူငယ်များနှင့် ရွယ်တူသာ ဖြစ်သည်။ သို့သော် လင်းမျိုးနွယ်စု၏လူငယ်များက သူတို့မိဘများနှင့် မျိုးနွယ်စုအပေါ်မှာ မှီခိုနေကြသည်။
လင်းဖန်က တခြားသူများနှင့် လုံးဝကွဲထွက်နေ၏။ သူက အလွန်တရာအစွမ်းထက်နေပြီး တပ်ဖွဲ့တစ်ခုကို အုပ်ချုပ်သူတစ်ယောက် ဖြစ်နေလေပြီ။ လင်းဖန်နှင့် လူငယ်များ၏ကွာခြားချက်က မိုးနှင့်မြေပမာ ကြီးမားလွန်းလှပြီး သူ့ကိုမှီရန်အတွက်မူ ဤတစ်သက်တွင် လုံးဝဖြစ်နိုင်တော့မည် မဟုတ်ချေ။
လင်းမျိုးနွယ်စုမှ သူတို့ထုတ်ပစ်ခဲ့သော လူငယ်လေးက မျိုးနွယ်စုတစ်ခုလုံးကို သူ၏အစွမ်းများ ထုတ်ဖော်ပြသကာ သူ့ကို မည်သို့မျှမယှဉ်နိုင်အောင် လုပ်ပြခဲ့လေပြီ။
“ အား….”
လင်းရုန်ထံမှ အလွန်တရာနာကျင်စွာ အော်သံတစ်ခု ထွက်ပေါ်လာ၏။ သူသည် ကျန်နေသေးသော သူ၏လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ရေခဲချီများကို ထုတ်ဖော်လိုက်သည်။
သို့သော် လင်းဖန်က အလွန်လျင်မြန်စွာ ထပ်မံလှုပ်ရှားလိုက်သည်။ သူက ကမ္ဘာမြေကြီးနှင့် တသားတည်းဖြစ်သွားပြီး ထူးဆန်းသည့်ပုံစံဖြစ်ပေါ်လာ၏။ လျှပ်ပြက်သည့်အလား ချက်ချင်းပင် လင်းရုန်၏လက်က လင်းဖန်၏ပုခုံးကို ထိသွားရာ ရေခဲများ စတင်ထွက်ပေါ်လာသည်။ သို့ရာတွင် လင်းဖန်၏လက်က အနည်းငယ်မျှ လှုပ်ရှားသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက်သွားစေသည့် ဓားအလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။
“ ဝှစ် ”
လင်းဖန်၏လက်က ကြယ်ကြွေသည့်အလား လျင်မြန်လှပြီး လေထုထဲသို့ သွေးများ လွင့်ပျံထွက်လာပြန်သည်။ လင်းရုန်၏အခြားလက်တစ်ဖက်သည်လည်း ပြတ်ထွက်သွားလေပြီ။ လင်းဖန်က ပထမလက်ကို ဖြတ်လိုက်သလိုပင် အေးဆေးလွယ်ကူစွာ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
လင်းဖန်ကား လင်းရုန်ထက် များစွာအစွမ်းထက်နေချေသည်။
လင်းဖန်၏ခန္ဓာကိုယ်က လင်းရုန်ထံသို့ လှစ်ခနဲ ရွေ့လျားသွားပြီး လင်းရုန်၏အနောက်သို့ ရောက်ရှိသွားသည်။ ထိုအချိန်အတွင်းမှာ သူ့လက်က လင်းရုန်၏ကျောကို ထိုးဖောက်သွားခဲ့သည်။ ယခုအခါ သူ့ပုံစံက အေးဆေးပြီး တည်ငြိမ်နေ၏။
“ အား….”
သည်းခြေခိုက်လုမတတ် အလွန်နာကျင်စွာ အော်သံတစ်ခုက လေထဲသို့ ပျံ့လွင့်လာသည်။ ကမ္ဘာတစ်ခုလုံး ချာချာလည်ကာ တုန်ခါသွားသလို လင်းရုန်ထင်မှတ်လာတော့သည်။ သူ့ခန္ဓာကိုယ်သည်လည်း လဲကျလုမတတ် တုန်ယင်နေလေ၏။
သွေးများက မြေပြင်သို့ အဆက်မပြတ်စီးကျနေသည်။ သို့ရာတွင် လင်းရုန်၏နှလုံးသားက သူ့လက်ပြတ်သွားသည်ထက် များစွာခံစားနာကျင်နေရသည်။ လင်းဖန်က သူ့ကို သတ်ဖြတ်လိုက်ခြင်း မဟုတ်ဘဲ သူ၏စိတ်စွမ်းအားကို ချိုးဖျက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
“ မျိုးနွယ်စုစောင့် အကြီးအကဲ..အရင်တုန်းက ခင်ဗျားက အင်မတန်အစွမ်းထက်ခဲ့ပြီး အရာအားလုံကို ထိန်းချုပ်ခဲ့တယ်။ ခင်ဗျားစိတ်ထင်တိုင်း ပြုမူလို့ရနေခဲ့တာပေါ့။ ကျုပ်နဲ့ကျုပ်အဖေကိုလည်း မျိုးနွယ်စုကနေ ထုတ်ပယ်ခဲ့တဲ့အပြင် ခေါင်းဆောင်အသစ်ကိုတောင် ရွေးချယ်ပေးခဲ့တယ်။ ကျုပ်ကို တိုက်ခိုက်ခဲ့တယ်။ ကျုပ်အဖေကို နာကျင်အောင် ခင်ဗျားပြုခဲ့တယ်။ အခုတော့ ခင်ဗျားထက်ကျုပ်က အစွမ်းထက်နေပြီ။ အဲ့ဒီအတွက် အရာအားလုံးကို ကျုပ်စိတ်ထင်တိုင်း ပြုမူလို့ရပြီ။ တကယ်လို့ ကျုပ်က ခင်ဗျားရဲ့လက်ကို ဖြတ်ချင်ရင် ကျုပ်ဖြတ်နိုင်တယ်။ တကယ်လို့ ခင်ဗျားကို ကျုပ်သတ်ချင်ရင် ကျုပ်သတ်နိုင်နေပြီ ”
လင်းရုန်၏နောက်ကျောမှ လင်းဖန်၏အသံ ထွက်ပေါ်လာသည်။ ထိုစကားလုံးများက လင်းရုန်အတွက် ခါးသီးလှသော်လည်း အမှန်တရားတစ်ခုဖြစ်သည်။ ဤကမ္ဘာမှာ အရေးကြီးဆုံးက တန်ခိုးအရှိန်အဝါသာ ဖြစ်သည်။ အကယ်၍ လူတစ်ယောက်က အစွမ်းထက်နေခဲ့လျှင် အစွမ်းနိမ့်ကျသူများကို သူ့စိတ်တိုင်းကျပြုမူနိုင်၏။ လင်းရုန်က ထိုနည်းအတိုင်းပြုမူကာ လင်းဖန်၏အဖေကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့ပြီး လင်းဖန်နှင့်အတူ မျိုးနွယ်စုမှ မောင်းထုတ်ခဲ့သည်။ ယခုအခါ လင်းဖန်က သူ့ထက် များစွာအစွမ်းထက်လာပြီဖြစ်ပြီး သူ၏လက်များကို အလွယ်တကူ ဖြတ်လိုက်သည်။ လင်းဖန်ကို မည်သူက အပြစ်ပြောဝံ့မည်နည်း။
အကယ်၍ သူသာ လူတစ်ယောက်၏စိတ်စွမ်းအားကို ချိုးဖျက်ချင်လျှင် သူလုပ်နိုင်နေပြီဖြစ်သည်။ အကယ်၍ သူက လူတစ်ယောက်ကို သတ်ချင်လျှင် သူသတ်နိုင်ပြီဖြစ်သည်။
လင်းရုန်ထံမှ သွေးများယိုစိမ့်ကျနေ၏။ယခုအခါ သူ့နှလုံးသားက နာကျင်မှုများနှင့် ပြည့်နေသော်လည်း ပါးစပ်ကို တင်းတင်းစေ့ထားသည်။ လင်းဖန်ကို ဆန့်ကျင်ပြီးသူမပြောဝံ့ချေ။ လင်းဖန်ပြောသလိုပင် အစွမ်းရှိသူသာ ဤကမ္ဘာကြီးကို အုပ်စိုးနိုင်သည်။ အကယ်၍ သူသာ ဆက်လက်အသက်ရှင်ချင်နေသေးလျှင် လင်းဖန်ကို ရင်ထဲမှပင် နာနာကျည်းကျည်းမုန်းတီးနေမည်ဆိုလျှင်သော်မှ ပါးစပ်ပိတ်နေရန်သာ ဖြစ်သည်။
စိတ်စွမ်းအားချိုးဖျက်ခြင်းခံလိုက်ရတာက အသက်သေရတာနှင့်စာလျှင် များစွာကောင်းမွန်နေသေး၏။ လင်းရုန်က အသက်ကြီးနေပြီဖြစ်ပြီး ဘဝကို ခုံမင်နေဆဲဖြစ်ရာ အသက်သေဆုံးရမှာကို သူမလိုချင်ပေ။
“ လင်းရုန်..ဒီနေ့ ခင်ဗျားကို သနားငဲ့ညှာတဲ့အနေနဲ့ ကျုပ်မသတ်တော့ဘူး။ အခုခင်ဗျားက ရှင်ရက်နဲ့ သေတဲ့ဘဝကို ရောက်သွားပြီ။ ခင်ဗျားရဲ့လက်တွေကို ကျုပ်ဖြတ်ပစ်လိုက်တာက အရင်တုန်းက ကျုပ်ကို ခင်ဗျားလုပ်ခဲ့တဲ့အရာတွေအတွက်ကြောင့်ပဲ။ အခု ကျုပ်မျက်စိရှေ့ကနေ ထွက်သွားပါ။ တကယ်လို့ တစ်နေ့နေ့မှာ ကျုပ်ကို လက်စားချေဖို့ ခင်ဗျားမှာ အခွင့်အရေး ရှိလာခဲ့ရင် ကျုပ်ကို လာရှာနိုင်ပါတယ် ”
လင်းဖန်က အေးစက်စက်ပြောလိုက်သည်။
လင်းရုန်တုန်သွားသည်။ သူချာခနဲလှည့်ကာ လင်းဖန်အား ကြည့်လိုက်၏။ ချက်ချင်းပင် တရွေ့ရွေ့ဖြင့် သူစတင်ထွက်ခွာသွားသည်။ သူ့ပုံစံက အထီးကျန်ကာ ခြောက်သွေ့ကင်းမဲ့နေသည့်အသွင် ဖြစ်နေသည်။ ဤအရာအားလုံးမှာ အတိတ်က သူလုပ်ခဲ့သော ကြီးမားသည့်အမှားတစ်ခုကြောင့် ဖြစ်၏။
လင်းရုန်ထွက်ခွာသွားပြီးနောက် လင်းဖန်က အကြီးအကဲချုပ်နင့် အကြီးအကဲသုံးတို့ကို ကြည့်လိုက်ပြီး မထူးခြားသည့်အသွင်ဖြင့် အေးစက်စက်ပြောလိုက်သည်။
“ အကြီးအကဲချုပ်၊ အကြီးအကဲသုံး..ခင်ဗျားတို့ရဲ့ စိတ်စွမ်းအားကို ကိုယ်တိုင်ချိုးဖျက်လိုက်ကြပါ။ ဒီလိုမှမဟုတ်ဘဲ ကျုပ်ကိုယ်တိုင် လုပ်ရရင်တော့ ခင်ဗျားတို့ရဲ့လက်နှစ်ဖက်ကိုပါ အပိုလုပ်ပေးပါ့မယ် ”
လင်းဖန်၏အသံက တည်ငြိမ်နေသော်လည်း အကြီးအကဲနှစ်ယောက်မှာ သွေးဆုတ်သလို ဖြူရော်နေသည်။ လင်းဖန်က သူ့ကို အတိတ်မှာ လုပ်ခဲ့သူများအားလုံးကို လက်စားချေနေ၏။
ယခင်တုန်းက သူတို့က လင်းဖန်ကို အရှက်ခွဲခဲ့ကြပြီး ထွက်ခွာသွားရန် တွန်းအားပေးခဲ့ကြသည်။ လင်းဖသောက်ဘက်အလိုကို လိုက်လျောဆောင်ရွက်ခဲ့ကြသည့်အတွက် လင်းဖန်က သူတို့၏စိတ်စွမ်းအားကို ချိုးဖျက်လိုက်ခြင်းလည်း ဖြစ်သည်။
အကြီးအကဲချုပ်သည် အဝေးတစ်နေရာရှိ လက်နှစ်ဖက်ပြတ်လျက် ထွက်ခွာသွားသော လူရိပ်ကို ကြည့်ကာ သွေးရူးသွေးတမ်းဖြစ်လျက် အော်ဟစ်ရယ်မောလိုက်လေ၏။ သူ့လက်ကို ချက်ချင်းမြှောက်လိုက်ပြီး သူ၏စိတ်စွမ်းအားကို ချိုးဖျက်လိုက်သည်။ အင့်ခနဲ ညည်းညူသံတစ်ခု ထွက်ပေါ်လာပြီး သူ၏စိတ်စွမ်းအား ကျိုးပျက်ကာ သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။
အကြီးအကဲသုံးမှာတုန်ယင်နေ၏။ သူ့လက်ကို မြှောက်လိုက်သော်လည်း ချီတုံချတုံဖြစ်နေသည်။ လင်းဖန်ကို တိုက်ခိုက်ရန်ကလည်း သူမလုပ်ရဲချေ။
“ အကြီးအကဲသုံး ..တကယ်လို့ မင်းမသေချင်ဘူးဆိုရင် စိတ်စွမ်းအားကို ချက်ချင်းချိုးဖျက်လိုက် ”
အကြီးအကဲချုပ်က သတိပေးလိုက်၏။ အကြီးအကဲသုံးမှာ ပို၍ပင် တုန်ခါသွားသည်။ သူက အကြီးအကဲချုပ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့စိတ်စွမ်းအားကို ချိုးဖျက်လိုက်သည်။
မျိုးနွယ်စုခေါင်းဆောင်ဖြစ်သော လင်းဖသောက်သည်လည်း သေဆုံးသွားခဲ့ပြီဖြစ်သလို ဦးလေးသုံး လင်းဖသောက်သည်လည်း သေဆုံးသွားခဲ့ပြီဖြစ်သည်။ မျိုးနွယ်စုစောင့်အကြီးအကဲသည်လည်း လက်နှစ်ဖက်ဖြတ်ခြင်းခံလိုက်ရသလို အကြီးအကဲသုံးနှင့် အကြီးအကဲချုပ်သည်လည်း စိတ်စွမ်းအားချိုးဖျကခြင်း ခံလိုက်ရလေပြီ။
မျိုးနွယ်စုကို လင်းဖန်ပြန်ရောက်လာပြီးနောက် လူတွေ၏နှလုံးသားမှာ ကြောက်ရွံ့မှုတွေ ကြီးစိုးသွားခဲ့ရသည်။
လင်းဖန်က စင်မြင့်ပေါ်မှနေ၍ လူအုပ်ကြီးအားကြည့်ကာ
“ ခင်ဗျားတို့အားလုံးကို ကျုပ်လုံးဝမထိပါဘူး။ တကယ်လို့ ခင်ဗျားတို့အနေနဲ့ ကျုပ်ကို မုန်းနေခဲ့မယ်ဆိုရင်တောင် ခင်ဗျားတို့သဘောအတိုင်းပါပဲ။ ကျုပ်ကို လက်စားချေချင်ခဲ့ရင် ကျုပ်ကို လာရှာနိုင်ပါတယ်။ လက်စားလာချေရင်တော့ အကောင်းဆုံးက ခင်ဗျားတို့ရဲ့ အနာဂတ်ကိုလည်း စဉ်းစားထားပါ ” ဟူ၍ ပြောလိုက်သည်။
စကားဆုံးသွားသောအခါ လင်းဖန်က ချာခနဲလှည့်ကာ စင်မြင့်ထက်မှ ဆင်းလိုက်လေသည်။ ထို့နောက် လက်ကို မြှောက်ပြလိုက်ရာ မြောက်များစွာသော တပ်သားများသည် သူတို့၏မြင်းတွေထက်သို့ တက်လိုက်ကြလေသည်။ တပ်သားများအားလုံးက ကောင်းမွန်စွာ လေ့ကျင့်ထားကြသူများဖြစ်၏။ လင်းဖန်နှင့် သူ့တပ်သားများက သမိုင်းသစ်တစ်ခုကို ရေးထိုးကြလိမ့်မည်။
လင်းဖန်သည်လည်း သူ၏မြင်းပေါ်ကို ခုန်တက်လိုက်သည်။ သူ့ပုံစံက အရာရာကို ထီမထင်သည့်အသွင် ရှိနေသည်။
“ သွားကြမယ် ” လင်းဖန်က မထူးခြားသည့်အသံဖြင့် ပြောလိုက်သည်။ ထိုစဉ် အသံတစ်သံက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်ပျံထွက်ပေါ်လာ၏။
“ ခဏ..ခဏစောင့်ပါဦး ”
ထိုအသံကို လင်းဖန်ကြားသောအခါ ရပ်တန့်လိုက်သည်။ သို့သော် သူလှည့်မကြည့်ဘဲ ထိုလူ့ထံမှ စကားသံဆက်လက်ထွက်ပေါ်လာမည်ကိုသာ စောင့်စားနေ၏။
“ လင်းဖန်..လင်းမျိုးနွယ်စုကို ပြန်လာပေးပါ့လား ”
မျှော်လင့်ချက်ကင်းမဲ့နေသည့် အသံတစ်ခု ထွက်ပေါ်လာရာ လူအားလုံး တုန်လှုပ်သွားကြပြီး လင်းဖန်ကို ကြည့်လိုက်၏။
ဟုတ်သည်..လင်းမျိုးနွယ်စုကို လင်းဖန်ပြန်လာပေးလိမ့်မည်လား။
အကယ်၍ လင်းဖန်သာ လင်းမျိုးနွယ်စုကို ပြန်လာခဲ့လျှင် လင်းမျိုးနွယ်စုအတွက် အံ့မခန်းမြင့်မားသော အဆင့်အတန်းတစ်ခုသို့ ရောက်သွားနိုင်သည်။ ဤဒေသတစ်ခုလုံးမှာ ဂုဏ်အရှိန်အဝါအကြီးမားဆုံး မျိုးနွယ်စုတွေထဲက တစ်ခု ဖြစ်လာနိုင်သည်။
ဤမျှော်လင့်ချက်ကင်းမဲ့သောအသံက လူအားလုံး၏နှလုံးသားမှာ ပဲ့တင်ရိုက်ခတ်နေသည်။ သို့ရာတွင် မည်သူမျှ စကားမပြောဝံ့ဘဲ ထိုလူထံမှသာ အသံထွက်ပေါ်လာပြန်၏။
“ တကယ်လို့ မင်းသာ လင်းမျိုးနွယ်စုကို ပြန်လာချင်စိတ်ရှိရင် လင်းချန်အပါအဝင် အရင်တုန်းက မင်းအပေါ် မကောင်းခဲ့တဲ့သူတွေအားလုံး မျိုးနွယ်စုကနေ ထုတ်ပစ်မယ် ”
လင်းဖန်ငြိမ်သက်နေသည်ကို ကြည့်ကာ ထိုလူက ထပ်မံ၍ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။ လူအုပ်ကြီးတစ်ခုလုံးမှာ ငြိမ်သက်သွားကြ၏။ ဟုတ်သည်.. အကယ်၍ လင်းဖန်သာ လက်ခံလိုက်လျှင် လင်းချန်ကို သူတို့ထုတ်ပယ်ကြမည်။ လင်းဖန်ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသော လင်းချန်ကို သူတို့ထပ်မံ၍ အလိုမရှိတော့ချေ။
လင်းချန်က လင်းဖသောက်၏အလောင်းကို အလွန်တရာကြေကွဲဝမ်းနည်းစွာဖြင့် ကြည့်နေသည်။ သူမက လင်းမျိုးနွယ်စု၏ဂုဏ်ဆောင်ဖြစ်ခဲ့သည်။ ရန်ကျုံးမြို့အတွင်းမှာပင် သူမကို လူတိုင်းက လေးစားကြသည်။ သို့သော် လင်းဖန်ကြောင့် သူမ၏ဂုဏ်သိက္ခာတွေ ပျက်ဆီးခဲ့ရသည်။ လင်းဖန်က သူမထက်များစွာ အစွမ်းထက်နေခဲ့သည်။
ယွမ်ဟိုင်ကျောင်းတော်သို့ သွားပြီး လင်းဖန်အား အရှက်ခွဲခဲ့တာကို သူမသတိရနေသေးသည်။ သို့ရာတွင် ဤအရာအားလုံးက အတိတ်မှာကျန်ခဲ့ပြီဖြစ်သည်။
“ လင်းမျိုးနွယ်စုကနေ ကျုပ်ကို ထုတ်ပယ်လိုက်တုန်းက ဘယ်သူ့ထံကမှ စကားသံထွက်မလာခဲ့ဘူး။ အခု ကျုပ်မှာ တန်ခိုးအာဏာတွေရှိတာလည်းမြင်ရော မျိုးနွယ်စုကို ပြန်လာစေချင်နေတယ်။ ဒါဖြစ်သင့်လား..လောကမှာ ဘယ်တော့မှ ပြန်မရနိုင်တဲ့ အရာတချို့ရှိတယ် ”
လင်းဖန်က မြင်းပေါ်မှနေ၍ နောက်သို့ လှည့်ကြည့်ခြင်းပင်မပြုဘဲ ပြောလိုက်လေသည်။ ထို့နောက် အလွန်လျင်မြန်လှစွာဖြင့် မြင်းကို မောင်းကာ ထွက်ခွာသွားရာ လေထုကိုတိုးခွင်း၍ တဝီဝီမြည်သံများ ထွက်ပေါ်လာလေ၏။
သွေးနီတပ်သားများသည်လည်း လေပေါ်မှာ ပျံနေသည့်အလား မြင်းကို ဒုန်းစိုင်းမောင်းလျက် ထွက်ခွာသွားရာ မဟာပထဝီမြေကြီးက လူတွေ၏နှလုံးသားနှင့်အတူ တုန်ခါနေရတော့သည်။
လင်းမျိုးနွယ်စုအဖွဲ့ဝင်အားလုံးက ထွက်ခွာသွားသော လူများကို ကြည့်နေသည်။ သူတို့စိတ်ထဲမှာ ခံစားချက်များ ရောပြွမ်းနေ၏။ တချို့အရာတွေက ပြန်မရနိုင်ဘူးဟု လင်းဖန်ပြောခဲ့သောစကားများမှာ မှန်ကန်လှသည်။ လင်းဖန်ကို အားလုံးဝိုင်းပြီး အရှက်ခွဲခဲ့ကြစဉ်က ဘယ်သူက စာနာထောက်ထားခဲ့သလဲ။ လင်းဖန်ကို သတ်မည်ဆိုစဉ်ကလည်း လင်းမျိုးနွယ်စုရှိမည်သူကများ လင်းဖန်ဘက်မှ ရပ်တည်ပေးခဲ့သနည်း။
လင်းဖန်က အလွန်တရာအစွမ်းထက်လာခဲ့ပြီး ကြီးမားသော တပ်ဖွဲ့တစ်ခုကို အုပ်ချုပ်နေသောအချိန်မှ လင်းမျိုးနွယ်စုကို ပြန်လာခိုင်းသည်မှာ ဖြစ်သင့်ပါ၏လော။
သူတို့မလိုချင်၍ လွှင့်ပစ်ခဲ့သောအရာတစ်ခုကို ဘယ်သောအခါမှ သူတို့ပြန်လည် မရနိုင်တော့ချေ။
