အကြင်နာတရားကင်းမဲ့ခြင်း
တားမြစ်နယ်မြေ၏တံခါးက အလိုအလျောက် ပွင့်သွားလေသည်။ လူအုပ်ကြီးက တားမြစ်နယ်မြေထဲမှ ထွက်လာသော လင်းဖန်နှင့်မိန်ချင်းကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်ကြ၏။
လင်းဖန်နှင့်မိန်ချင်းတို့က လက်ချင်းတွဲထားကြလေသည်။ မိန်ချင်း၏ပုံစံမှာ ယခင်အတိုင်း အေးစက်နေသော်လည်း လင်းဖန်ကို သူမ၏လက်ကိုင်ခွင့်ပြုနေခြင်းက အလွန်တရာသဘာဝကျနေလေ၏။ သူတို့နှစ်ယောက်လုံး၏အသွင်က တည်ငြိမ်အေးချမ်းနေသည်။ မိန်ချင်း၏ပတ်လည်တွင်ရှိနေခဲ့သော ရေခဲချီများမှာ လုံးဝပျောက်ကွယ်သွားလေပြီ။
“ ဘယ်လောက်တောင် လိုက်ဖက်တဲ့စုံတွဲလဲ ”
လူအုပ်ကြီးက တွေးနေမိကြသည်။ ယခုအခါ လင်းဖန်နှင့်မိန်ချင်း၏ ဆက်ဆံရေးကို သူတို့အားလုံးနားလည်သွားခဲ့လေပြီ။ အဘိုးအိုက လင်းဖန်ကို သတ်လိုက်ပြီဟု ပြောစဉ် မိန်ချင်းက မည်သည့်အတွက်ကြောင့် ဒေါသထွက်သွားပြီး အဘိုးအိုအား သတ်ပစ်လိုက်ရလဲဆိုတာကို သူတို့သဘောပေါက်သွားလေ၏။
မိန်ချင်းနှင့် သွမ့်ရှင်းရဲ့ အတူတူပင်။ နှစ်ယောက်လုံးက လင်းဖန်ကို ချစ်နေကြသည်။ သူက အလွန်တရာ ရဲရင့်ပြီး တည်ကြည်သောလူတစ်ယောက် ဖြစ်ပေသည်။
မိန်ချင်းနှင့်လင်းဖန်တို့ အတွဲက လင်းဖန်နှင့် သွမ့်ရှင်းရဲ့တို့အတွဲကဲ့သို့ လွန်စွာလိုက်ဖက်ညီလှသောအတွဲဟူ၍ လူအုပ်ကြီး ထင်နေကြ၏။ သူတို့အားလုံးက အစွမ်းထက်မြက်သူများဖြစ်ပေသည်။
လင်းဖန်၏ပင်ကိုယ်ပါရမီကို လူအားလုံးသတိထားမိသည်။ မိန်ချင်းမည်မျှအစွမ်းထက်လဲဆိုတာကိုလည်း သူတို့အားလုံး ရှင်းလင်းပြတ်သားစွာ တွေ့မြင်ခဲ့ရပြီး ဖြစ်၏။ သို့ဖြစ်ရာ လင်းဖန်နှင့်မိန်ချင်းတို့နှစ်ယောက်အတူရှိနေခြင်းကသာ ပို၍ လိုက်ဖက်ညီလှသော စုံတွဲတစ်တွဲဖြစ်ပြီး သူတို့နှစ်ယောက်အတူရှိနေခြင်းက ပိုမိုသင့်တော်သည်ဟု တွေးထင်နေကြလေသည်။ သူတို့နှစ်ယောက်က တစ်ဦးနှင့်တစ်ဦးလွန်စွာ ချစ်မြတ်နိုးသည့်အသွင် ပေါ်၏။ လင်းဖန်ကဲ့သို့ ပင်ကိုယ်ပါရမီရှိသည့် လူတစ်ယောက်သာလျှင် ဤကဲ့သို့ အံ့မခန်းမိန်းကလေးတစ်ယောက်နှင့် လိုက်ဖက်ညီပေ၏။
ကျစ်ယီနှင့်ကျစ်လင်းက လင်းဖန်ကို ငေးကြည့်နေလေသည်။ ကျစ်ယီက ခေါင်းကို ငုံ့ထား၏။ အလွန်နိမ့်ကျသူတစ်ယောက်ပမာ သူမခံစားနေရသည်။ သူမက ညှိုးခြောက်နေသော မိုးမခပင်ပမာဖြစ်ပြီး မိန်ချင်းက ရွှမ်ချီအဆင့်သို့ ရောက်ရှိနေသည့် အံ့မခန်းလှပသော မိန်းမပျိုတစ်ယောက်ဖြစ်ပြီး လင်းဖန်ကို ချစ်မြတ်နိုးနေ၏။ လင်းဖန်က တစ်စုံတစ်ရာပြောလိုက်သည်နှင့် သူမက လင်းဖန်၏စကားကို နာခံသည်။ လင်းဖန်က သူမကို စိတ်ဝင်စားနေခဲ့သည်ဟု ထင်နေခဲ့ခြင်းမှာ အလွန်ရယ်စရာကောင်းလှသည်ကို ယခုအခါ ကျစ်ယီခံစားမိနေပြီဖြစ်သည်။
သူမက မိန်ချင်း၊ သွမ့်ရှင်းရဲ့တို့နှင့်ယှဉ်လျှင် ဘာမှမဟုတ်သောလူတစ်ယောက်သာဖြစ်၏။ ဤမိန်းမပျိုလေးနှစ်ယောက်နှင့်ယှဉ်လျှင် သူမက အဆပေါင်းများစွာ ရုပ်ဆိုးနေပေသည်။
“ လင်းဖန်က ဒီလောက်အစွမ်းထက်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ သူက အံ့မခန်းအစွမ်းထက်တဲ့အပြင် ဒီလှပတဲ့ မိန်းကလေးနှစ်ယောက်ကပါ သူ့ကို ကြိုက်နေတယ် ”
ကျစ်လင်းက တီးတိုးပြောဆိုနေပေသည်။ ဤလူများကို သူမ မနာလိုနေမိ၏။
သို့သော်လည်း သွမ့်ရှင်းရဲ့က လက်ချင်းတွဲလျက် ထွက်လာသော လူနှစ်ယောက်ကို မြင်သောအခါ သူမ၏နှလုံးသားမှာ ခါးသက်သက်ခံစားချက်များ ဖြစ်ပေါ်လာသည်။
တခြားမိန်းကလေးတစ်ယောက်နှင့် ယှဉ်ပြိုင်မိခြင်းမှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပေသည်။ ဤကဲ့သို့ အရာမျိုး ဖြစ်ပွားလာလိမ့်မည်ဟု ဘယ်တုန်းကမှ သူမတွေးမထားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ အရာရာကို ထိပ်တိုက်ရင်ဆိုင်ရုံမှတစ်ပါး သူမမှာ တခြားရွေးချယ်စရာ မရှိချေ။ မိန်ချင်းက သန့်စင်သော မိန်းမပျိုလေးတစ်ယောက်ဖြစ်သည့်အပြင် အလွန်တရာ လှပ၏။ ဤကဲ့သို့ မိန်းမပျိုလေးမျိုးကား ရှားပါးပေသည်။
မိန်ချင်းသည်လည်း လင်းဖန်ကို ကြိုက်နှစ်သက်နေ၏။ ထို့အပြင် လင်းဖန်ကလည်း သူမကို စိတ်ဝင်စားနေပေသည်။
သွမ့်ရှင်းရဲ့ကို လင်းဖန်မြင်သောအခါ အားလျော့နွမ်းလျစွာ ပြုံးပြလိုက်မိ၏။ သူဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။ အရင်ဘဝမှာ လင်းဖန်က တစ်ကိုယ်တည်းသမားတစ်ယောက်ဖြစ်၏။ ဤကမ္ဘာမှာတော့ များစွာထက်မြက်သော မိန်းမပျိုလေးများက သူ့ကို စိတ်ဝင်စားနေပေသည်။
“ ငါ့အတွက် မြင်းနှစ်ကောင် ပြင်လိုက်ပါ ”
လင်းဖန်က တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။ ချက်ချင်းပင် တစ်ယောက်က သူ့အမိန့်ကို နာခံကာ သွေးနီမြင်းနှစ်ကောင်ကို ပြင်ပေးလိုက်လေသည်။
“ မြင်းတစ်ကောင်ပေါ်ကို တက်လိုက်ပါ။ ငါတို့ပြန်သင့်နေပြီ ”
လင်းဖန်က သွမ့်ရှင်းရဲ့ကို ပြောလိုက်၏။ သူမထွက်ခွာလာခဲ့သည်မှာ အချိန်အတော်ကြာခဲ့လေပြီ။ အင်ပါယာမျိုးနွယ်စုက သူမကို စိုးရိမ်နေပေလိမ့်မည်။
