လင်းဖန်က အန္တရာယ်ရှိတယ်..
နှစ်တစ်နှစ်ကုန်ဆုံးသွားချိန်တိုင်းမှာ ရန်ကျုံးမြို့က အံ့အားသင့်စရာကောင်းအောင် ပျော်ပွဲရွှင်ပွဲများဖြင့် အလွန်တရာ စည်ကားသိုက်မြိုက်လျက်ရှိသည်။ လမ်းမထက်မှာ လူများစွာက ကိုယ့်အစုနဲ့ကိုယ် စကားပြောရင်း သွားနေကြသည်။
ယခုအခါ ရန်ကျုံးမြို့၌ တောင့်တင်းခိုင်မာသော သွေးနီတပ်ဖွဲ့လည်း ရှိလာပြီ ဖြစ်သည်။ သူတို့က မြို့တော်ကို တာဝန်ယူစောင့်ရှောက်ထားကြသည်။ သူတို့အားလုံး၏အသွင်က အရာရာကို ထီမထင်ဟန်ဖြင့် ပြတ်သားစွာ ရင်ဆိုင်မည့်ပုံစံ ရှိနေကြသည်။ လူအားလုံးက သူတို့ကို အလွန်လေးစားသောအကြည့်များဖြင့် ကြည့်ကြသည်။
“ သွေးနီတပ်သားတွေက အင်မတန်ခန့်ညားတာပဲ။ သူတို့အားလုံးက လက်ရွေးစင်တပ်သားတွေလို့ ပြောကြတယ်။ အခုတော့ ငါတို့မြို့မှာ သူတို့ရောက်နေပြီလေ ”
လမ်းမထက်မှာ သွေးနီတပ်သားများက သွေးနီမြင်းများကို စီးလျက် သွားလာနေသည်။ လူအားလုံးက ထိုထည်ဝါလှသော သွေးနီတပ်သားများနှင့် သွေးနီမြင်းတို့ကို ကြည့်ကာ အချင်းချင်းပြောနေကြသည်။
“ ဒါငါတို့မြို့အတွက် ဂုဏ်ယူစရာကိစ္စတစ်ရပ်ပဲ။ အခု သွေးနီတပ်တွေက ဒီမြို့ကို ရောက်လာပြီဆိုတော့ ဒီဒေသတစ်ခုလုံးမှာ ငါတို့ကို ဘယ်သူက ရန်လာစရဲတော့မှာလဲ ”
“ မင်းပြောတာမှန်တယ်။ မနှစ်က သွေးနီတပ်သားတွေရဲ့ခေါင်းဆောင်ကို ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတယ်။ အဲ့ဒီတုန်းက သူ့အသက်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်။ ဒါပေမယ့် အထင်တော့မသေးလိုက်နဲ့ ငါ့ကောင်ရေ….ရန်ကျုံးမြို့မှာ အံ့မခန်းပြောင်မြောင်တဲ့ သူ့ရဲ့စွမ်းအင်ကို တစ်ခုချင်းထုတ်ဖော်ပြသသွားခဲ့တာဗျ။ လင်းချန်နဲ့ နလန်ဖန်းတို့ထက် အများကြီးအစွမ်းထက်တယ်။ သူတို့နှစ်ယောက်က တစ်ချက်တောင် မခုခံနိုင်ခဲ့ဘူး။ အဲ့ဒီချိန်တည်းက ခေါင်းဆောင်ဟာ ထူးခြားတဲ့လူတစ်ယောက်ဆိုတာ ငါသိလိုက်ရတယ်။ ဒါပေမယ့် ဒီလောက်ခဏလေးအတွင်းနဲ့ သွေးနီတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သွားမယ်လို့တော့ ငါမထင်ထားခဲ့ဘူး ”
လူတစ်ယောက်က ရှည်လျားလှသော နှုတ်ခမ်းမွှေးများကို ပွတ်သပ်လျက် ပြောဆိုနေ၏။ သူ့အသံက ဂုဏ်ယူဝင့်ကြွားသည့်အသွင်ရှိနေရာ သူ့ပတ်လည်မှာ ရှိနေသူများကို မခံချိမခံသာဖြစ်စေသည်။
