Zawgyi
မိစ္ဆာဓားကို ဆွဲထုတ်လိုက်ခြင်း
လင်းဖန်သည် သူ၏လက်ကို မြှောက်ကာ နောက်သို့ ဆုတ်ခွာလိုက်သည်။ အနက်ရောင်ကြာပွင့်သည် အဖျက်အဆီးချီများပြည့်နေကာ အနက်ရောင်အလင်းများ တောက်ပနေ၏။
“ ဘုန်း ”
ကြောင်၏လက်သည်းများမှ မိုးကြိုးမီးတောက်များ ထွက်ပေါ်လာကာ အနက်ရောင်ကြာပွင့်ကို ဝန်းရံထားသည်။ ထို့နောက် တျန်အဆင့်ကြောင်သည် ထပ်မံ၍ ပျောက်ကွယ်သွား၏။
အမှောင်ကမ္ဘာထဲမှာ ရှိနေသော လင်းဖန်သည် သူ၏နောက်မှ တိုးဝင်လာသော ကြောင်၏လက်သည်းများကို ခံစားမိလိုက်သည်။ ကြောင်၏မျက်လုံးများမှ သွေးဆာနေနေသည့်အရိပ်အယောင်များ ထွက်ပေါ်နေ၏။
“ အောက်တန်းကျလိုက်တဲ့ တိရစ္ဆာန် ”
လင်းဖန်အေးစက်စက်တွေးလိုက်သည်။ ဤကြောင်သည် တျန်အဆင့်တောရိုင်းကောင်ဖြစ်၏။ သူ၏ကျင့်ကြံခြင်းအဆင့်က ကန့်သတ်ခြင်းခံထားရသည့်တိုင် အလွန်တရာ အစွမ်းထက်နေဆဲပင်။ ထို့ပြင် သူက အလွန်တရာ အစွမ်းထက်သော်လည်း လင်းဖန်၏အနက်ရောင်ကြာပွင့်ကို တိုက်ရိုက်ဝင်တိုက်ခိုက်ခြင်းမပြုပေ။ သူ၏လျင်မြန်လှသော အမြန်နှုန်းကို အသုံးပြု၍ နောက်ကွယ်မှ တိုက်ခိုက်နေ၏။ သူက အလစ်ဝင်တိုက်ခိုက်ခြင်းများကို အသုံးပြုကာ လင်းဖန်ကို သတ်ဖြတ်ရန် ကြိုးစားနေသည်။
သူ၏အလစ်ဝင်တိုက်ခိုက်မှုများက တစ်ချက်မျှ ထိမှန်သွားသည်နှင့် ဒဏ်ရာပြင်းထန်စွာ ရသွားနိုင်သည်။
“ ငါ့အာရုံတွေက အရမ်းတိကျနေတာ အဆင်ပြေသွားတယ် ”
လင်းဖန်သည် အဝေးသို့ ရွေ့လျားလိုက်ရင်း တွေးလိုက်၏။ ကြောင်၏လက်သည်းများသည် လင်းဖန်၏အရိပ်ကို ဖြတ်တောက်သွားသည်။
ကြောင်သည် တုန့်ဆိုင်းသွားခြင်းမရှိဘဲ ဦးတည်ချက်ပြောင်းကာ လင်းဖန်ဆီသို့ ၎င်း၏လက်သည်းများကို ပို့လွှတ်လိုက်ရာ လင်းဖန်သည်လည်း အနက်ရောင်ကြာပွင့်ကို မြှောက်ကာ တားဆီးလိုက်ပြန်သည်။
ကြောင်ကို ရင်ဆိုင်သောအခါ လင်းဖန်အနေဖြင့် ကြောင်၏တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်သော်လည်း ကြောင်၏အမြန်နှုန်းကို မမီသောကြောင့် ပြန်လည်၍ တိုက်ခိုက်နိုင်ခြင်းမရှိချေ။
အတောင်ပံကျား၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်သည့်အသွင်ဖြစ်နေသည်။ ၎င်းသည် တိုက်ပွဲကို အနီးကပ်ကြည့်နေ၏။ တျန်အဆင့်တောရိုင်းကောင်ကို လင်းဖန်နိုင်မည်ဟုသော ၎င်း၏မျှော်လင့်ချက်များသည်လည်း တစ်စထက်တစ်စ ပြိုလဲလာသည်။
အနက်ရောင်ကြာပွင့်က အံ့မခန်းအစွမ်းထက်သော်လည်း ကြောင်၏အမြန်နှုန်းက လင်းဖန်ထက်အဆများစွာ သာလွန်သည်။ လင်းဖန်မှာ တိုက်ခိုက်ရန်ပင် အခွင့်အရေးမရှိသည့်အတွက် ကြောင်ကို သတ်ရန်မှာ မျှော်လင့်ချက်မရှိချေ။
အတောင်ပံကျားသည် တိတ်ဆိတ်ငြိမ်သက်ကာ ကြောင်ကိုဘယ်လိုသတ်ရမလဲဆိုတာ စဉ်းစားနေသည်။ ၎င်းသည် နှစ်ပေါင်းများစွာခံစားခဲ့ရသည်ဖြစ်၍ ကြောင်ကို အလွန်တရာ မုန်းတီးနေ၏။
“ ဘုန်း ”
ထိုစဉ် ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။ လင်းဖန်သည် ကြောင်၏တိုက်ခိုက်မှုကို ထိမှန်သွားပြီး တောင်နံရံနှင့် အရှိန်ပြင်းစွာ ရိုက်ခတ်သွားရာ တောင်နံရံတွင် အပေါက်တစ်ခုဖြစ်ပေါ်သွားသည်။ လင်းဖန်၏ဝမ်းဗိုက်မှာတော့ သွေးများထွက်နေသော လက်သည်းရာတစ်စုံ ရှိနေ၏။
လင်းဖန်၏လက်ထဲမှာ အနက်ရောင်ကြာပွင့်ရှိနေဆဲပင်။ သူ့နှလုံးခုန်နှုန်းက မြန်ဆန်လာသည်။ အနက်ရောင်ကြာပွင့်သည် သန့်စင်သောချီများအဖြစ်သို့ ပြောင်းလဲသွားပြီး လင်းဖန်၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
ကြောင်နှင့်တိုက်ခိုက်ရာတွင် အနက်ရောင်ကြာပွင့်က အသုံးမဝင်တော့ချေ။ အမှန်တကယ်တော့ အနက်ရောင်ကြာပွင့်သာမရှိလျှင် ကြောင်က သူ့ကို အလွယ်တကူသတ်နိုင်လိမ့်မည်ဆိုတာကိုလည်း လင်းဖန်နားလည်ထားသည်။
လင်းဖန်သည် သွေးတစ်လုပ်အန်လိုက်၏။ သူ့ခန္ဓာကိုယ်က အရှိန်ပြင်းစွာ တုန်ခါနေသည်။ သူ၏နက်မှောင်နေသော မျက်လုံးများက ခံစားချက်ကင်းမဲ့နေဆဲပင်။
“ မင်းကို ဒဏ်ရာရသွားစေခဲ့တဲ့အတွက် ကျုပ်အနူးအညွတ်တောင်းပန်တာကို ကျေးဇူးပြုပြီး လက်ခံပေးပါ ဧည့်သည်တော်လေး ”
ကြောင်က ၎င်း၏လူသားတစ်ဝက်၊ ကြောင်တစ်ဝက်ပုံစံနှစ်ခုကြားရှိ မျက်နှာနှင့် ပြောလိုက်သည်။ သူ့လေသံက အက်ကွဲနေဆဲပင်။
လင်းဖန်သည် ဆေးတစ်လုံးကို ထုတ်ယူပြီး သောက်လိုက်၏။ သူ့ခန္ဓာကိုယ်က ပြန်လည်၍ လန်းဆန်းလာသည်။ ထို့နောက် သူ၏ဝမ်းဗိုက်ရှိ သွေးထွက်နေသော ဒဏ်ရာများမှသွေးများ ရပ်တန့်သွားသည်။
လင်းဖန်က ကြောင်ကို ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ ထို့နောက် လင်းဖန်က အေးစက်စက်လေသံဖြင့်
“ ခင်ဗျားက ကျုပ်ကိုသတ်ချင်နေမှတော့ ဘယ်သူအရင်သေမလဲ ကြည့်ကြသေးတာပေါ့ ”
“ ဘယ်သူအရင်သေမှာလဲ ”
ကြောင်သည် ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်၏။ လင်းဖန်၏အစွမ်းက သူ့အတွက် ရယ်စရာတစ်ခုပမာ ဖြစ်နေသည်။
သို့ရာတွင် ကြောင်၏အပြုံးက တဒင်္ဂသာ ကြာလိုက်သည်။ လင်းဖန်က ရက်စက်ကြမ်းကြုတ်သည့် စွမ်းအင်များ ထုတ်ဖော်လာတာကို သူသတိထားမိသွားသည်။ များမကြာမီ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဓားစွမ်းအင်များ ရိုက်ခတ်လာ၏။
“ ဘာဖြစ်နေတာလဲ ”
ကြောင် တအံ့တသြဖြစ်သွားသည်။ လင်းဖန်က အံ့အားသင့်စရာကောင်းအောင် ကြောက်မက်ဖွယ်ကောင်းနေသာ ဓားစွမ်းအင်များကို ထုတ်လွှတ်နေရာ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။
အတောင်ပံကျားသည်လည်း အံ့အားသင့်နေကာ လင်းဖန်ကိုစူးစိုက်ကြည့်လိုက်ပြီး ဓားစွမ်းအင်များကိုလည်း ကြည့်လိုက်၏။ ၎င်း၏နှလုံးခုန်နှုန်းက အဆများစွာ မြန်ဆန်လာသည်။
“ ရှီးးး ”
လင်းဖန်၏ခန္ဓာကိုယ်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာသော ဓားတစ်လက်ကြောင့် ကြောင်နှင့် အတောင်ပံကျားတို့ အံ့သြမှင်တက်သွား၏။
လင်းဖန်က အံ့သြတုန်လှုပ်စရာကောင်းအောင် သူ၏ခန္ဓာကိုယ်ထဲမှာ ဓားတစ်လက်ကို ဖုံးကွယ်ထားခဲ့တာလား။
လင်းဖန်၏မျက်လုံးများက နက်မှောင်နေဆဲပင်။ သူ၏စိတ်ထဲက သူ၏ဓားအပေါ်မှာသာ စုစည်းထားသည်။
လင်းဖန်က ရွှမ်ချီအဆင့်နှစ်သို့ ရောက်ရှိပြီးနောက် သူ၏ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်သွားခဲ့သော ဓားကိုးလက်ကို ချက်ချင်းအသုံးပြုခြင်းမဟုတ်ဘဲ ၎င်းတို့၏အကြောင်းကို လေ့လာခဲ့၏။
သူက သူ၏ခိုင်မာသောစိတ်ဓာတ်နှင့် သက်စောင့်ဝိညာဉ်အစွမ်းကို အသုံးပြုကာ ခန္ဓာကိုယ်ထဲမှ ဓားကိုးလက်ကို ထိန်းချုပ်ခဲ့ရသည်။ သို့ရာတွင် ယခုအချိန်မှာ သူ၏အစွမ်းကို မြှင့်တင်ရန် လိုအပ်နေရာ ထိုဓားများကို အတင်းအကြပ်သုံးကာ ထုတ်ဖော်လိုက်သည်။
ဤဓားကိုးလက်မှာ ၎င်းတို့၏ကိုယ်ပိုင်အသက်များ ရှိနေသည်ကို လင်းဖန်ခံစားမိလိုက်၏။ သို့ဖြစ်၍ လင်းဖန်အနေဖြင့် ဓားကိုဆွဲထုတ်ရန်သာ လိုအပ်သည်။ သူ့လက်ထဲရှိဓားသည် သူ၏သက်စောင့်ဝိညာဉ်ကို ဝါးမြိုကာ သူ့ခန္ဓာကိုယ်မှာ ဝင်ရောက်အစားထိုးချင်သည့်ပုံ ပေါ်နေသည်။
သို့ဖြစ်၍ လင်းဖန်သည် အထူးသတိထားလျက် ဓားကို တဖြည်းဖြည်း ဆွဲထုတ်လိုက်ရသည်။
ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အနက်ရောင်တိမ်တိုက်တစ်ခုသည် လင်းဖန်၏ခန္ဓာကိုယ်ကို ဝါးမြိုစပြုလာသည်။ လင်းဖန်သည် မိစ္ဆာဓား၏ ချီပင်လယ်အတွင်းသို့ ရောက်သွားသည့်ပုံပေါ်နေသည်။ မိစ္ဆာဓား၏ချီများနှင့် ပတ်သက်ပြီး ကြောက်စရာအကောင်းဆုံးအချက်မှာ သာမန်ဓားချီများကဲ့သို့ ခံစားချက်ကင်းမဲ့ကာ သွေးဆာနေသည်ဟု မခံစားရဘဲ ဝမ်းနည်းကြေကွဲခြင်းနှင့် မုန်းတီးစက်ဆုပ်ခြင်းများကို ခံစားရသည်။
ထိုဓားမှာ ၎င်း၏ကိုယ်ပိုင်အသက်ရှိနေပြီး ဝမ်းနည်းကြေကွဲခြင်းများ၊ အမျက်ဒေါသများဖြင့် ပြည့်နေ၏။ ၎င်းကိုချုပ်နှောင်ထားသူအား ဆန့်ကျင်ကာ ကမ္ဘာကြီးကို အမုန်းတရားများ ယူဆောင်လာမည်ဟုသော ခံစားချက်များသာ ရှိနေသည်။
အနက်ရောင်တိမ်တိုက်သည် လေထဲမှာ ပိုမိုကြီးမားလာပြီး ပြင်းထန်လာ၏။ ကြောင်နှင့် အတောင်ပံကျားတို့မှာ လုံးဝအံ့သြတုန်လှုပ်နေသည်။ လင်းဖန်၏ခန္ဓာကိုယ်ထဲမှာ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ရှိနေလိမ့်မည်ဟု သူတို့တွေးမထားမိခဲ့ချေ။
“ အဲ့ဒါဆို ငါ့ကို မလှည့်စားခဲ့ဘူးပဲ။ တျန်အဆင့်တောရိုင်းကောင်ကို နိုင်ဖို့ သူ့မှာ နည်းတကယ်ရှိတယ် ”
အတောင်ပံကျားသည် လင်းဖန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မိစ္ဆာဓားကို ကြည့်ကာ တွေးလိုက်သည်။
သို့ရာတွင် ကြောင်သည် တဒင်္ဂမျှသာ အံ့သြသွားခဲ့ပြီး သူ၏မျက်နှာတွင် ကြမ်းကြုတ်သော အပြုံးစတစ်စ ပြန်လည်ပေါ်ထွက်လာသည်။
“ ဒီလောက်အစွမ်းထက်တဲ့ ဓားကို မင်းထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါမယုံဘူး။ ဒီဓားက ငါ့အတွက်ပဲ ”
ကြောင်က ကောက်ကျစ်စွာ အော်ပြောလိုက်သည်။ လေထုထဲတွင် စွမ်းအင်လှိုင်းတစ်ခု ရိုက်ခတ်သွား၏။ သူတို့၏ခြေထောက်အောက်ရှိ မြေပြင်က တုန်ခါစပြုလာသည်။
“ ညောင်…..”
ကြောင်သည် ပထမဆုံးအကြိမ်အဖြစ် အစွမ်းကုန်ထုတ်သုံးလိုက်၏။ သူ့ခန္ဓာကိုယ်က မှုန်ဝါးသွားပြီး လင်းဖန်ဆီသို့ အရှိန်အဟုန်အပြည့်ဖြင့် ပြေးဝင်သွားသည်။
ကြောင်သည် လင်းဖန်၏ရှေ့သို့ လျှပ်ပြက်သည့်အလား ရောက်ရှိသွား၏။
“ ထွက်ခဲ့စမ်း ”
လင်းဖန်က ဒေါသတကြီး အော်ပြောလိုက်သည်။ လေထဲတွင် တဂျုံးဂျုံးမြည်သံများ ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော မကောင်းဆိုးဝါးချီများသည် ကြောင်ဆီသို့ ဖြောင့်တန်းစွာ ရွေ့လျားသွား၏။ ကြောင်သည် လေထဲတွင် လည်ပတ်ကာ ၎င်း၏လက်သည်းများကို အသုံးပြုလိုက်ပြီး မကောင်းဆိုးဝါးချီများကို ဖြတ်ပစ်ကာ တိုးဝင်လာသည်။ လင်းဖန်က လျင်မြန်စွာရှောင်တိမ်းလိုက်၏။ ၎င်း၏အနောက်မှာ ရှိနေခဲ့သော တောင်နံရံကို ကြောင်၏လက်သည်းများက ဖောက်ထွက်သွားသည်။
“ ဒီလိုအစွမ်းထက်တဲ့ လက်နက်ကို ထိန်းချုပ်နိုင်ဖို့ဆိုရင် သက်စောင့်ဝိညာဉ်က အစွမ်းထက်နေဖို့လိုအပ်တယ်။ အဲ့ဒီလိုမှမဟုတ်ရင် သက်စောင့်ဝိညာဉ်နဲ့ လက်နက်ကို ဆက်သွယ်ဖို့မဖြစ်နိုင်ဘူး ”
လင်းဖန်တွေးလိုက်၏။ ထိုစဉ် လင်းဖန်၏လက်ထဲတွင် ဓားတစ်လက်ထွက်ပေါ်လာသည်။ ထိုဓားမှ ထွက်ပေါ်လာသော အနက်ရောင်တိမ်တိုက်သဖွယ် မကောင်းဆိုးဝါးချီများကြောင့် လင်းဖန်၏ခန္ဓာကိုယ်မှာ တုန်ခါနေသည်။
“ ဘယ်လောက်ကြောက်စရာကောင်းလဲ ”
လင်းဖန်တွေးလိုက်သည်။ သူ၏နှလုံးခုန်နှုန်းများ မြန်ဆန်လာ၏။ ဤကဲ့သို့ အခြေအနေကို သူမျှော်လင့်ထားပြီးဖြစ်သော်လည်း မိစ္ဆာဓားက မုန်းတီးခြင်းများပြည့်နေသည့် စွမ်းအင်များကို ထုတ်လွှတ်ပြီး သူ၏စိတ်ကိုမူးနောက်သွားအောင် ပြုလုပ်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဓားက သူ၏ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးချီများဖြင့် ပြည့်နေအောင် ပြုလုပ်ချင်နေပုံပေါ်သည်။
ထိုဓားက လင်းဖန်၏ခန္ဓာကိုယ်ကို လွှမ်းမိုးကာ လင်းဖန်၏သက်စောင့်ဝိညာဉ်ကို စုပ်ယူချင်နေ၏။
သို့ရာတွင် ဤကဲ့သို့အရာကို လင်းဖန်လက်မခံနိုင်ချေ။ သူ၏နက်မှောင်ပြီး ခံစားချက်ကင်းမဲ့နေသော မျက်လုံးများက ခိုင်မာသော စိတ်ဓာတ်များဖြင့် ပြည့်နေသည်။ ဤကဲ့သို့ လင်းဖန်၏တည်ငြိမ်နေမှုကြောင့် မကောင်းဆိုးဝါးချီများသည် သူ၏သက်စောင့်ဝိညာဉ်ကို ထိုးဖောက်ခြင်းငှာ မတတ်နိုင်တော့ချေ။
လင်းဖန်က ဓားတွေကို သူ့ခန္ဓာကိုယ်အား ဘယ်လိုလုပ် ထိန်းချုပ်ခွင့်ပေးနိုင်မည်နည်း။
မိစ္ဆာဓားက တုန်ခါနေသောကြောင့် လင်းဖန်၏လက်သည်လည်း တုန်ယင်နေသည်။ သို့ရာတွင် လင်းဖန်က မိစ္ဆာဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။
လေထဲတွင် တဝီဝီမြည်သံများ ထွက်ပေါ်လာပြီး မိစ္ဆာဓားက ကြီးမားသောဖိအား တစ်ခုကို ဖန်တီးနေသည်။ မိစ္ဆာဓားက အရှိန်ပြင်းစွာ တုန်ခါလာသည့်အတွက်ကြောင့် လင်းဖန်၏ခန္ဓာကိုယ်ကို သက်ရောက်မှု ဖြစ်သွားစေသည်။
လင်းဖန်သည် အံကိုကြိတ်ထား၏။ သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။ မည်သို့ပင်ဖြစ်စေကာမူ သူ၏နက်မှောင်သော မျက်လုံးများက ယခင်အတိုင်း ခိုင်မာပြတ်သားစွာ ရှိနေသည်။
“ အာ……”
လင်းဖန်က ဒေါသတကြီး အော်လိုက်၏။ သူ့အသံက ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက်သူသည် ဓားကိုမြှောက်လိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံထွက်ပေါ်လာသည်။ နက်မှောင်နေသော မကောင်းဆိုးဝါးစွမ်းအင်များသည် လေထုကို ထိုးခွဲကာ ကောင်းကင်ယံမှာ တွင်းနက်တစ်ခုအလား ထွက်ပေါ်လာ၏။
လင်းဖန်၏မျက်နှာတွင် ချွေးအေးများ စီးကျနေသည်။ နောက်ဆုံးတွင် သူသည် ဓားကို ရပ်တန့်အောင် လုပ်လိုက်နိုင်သည်။ ထို့နောက် လင်းဖန်၏မျက်နှာတွင် နားလည်ရခက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့်အပြုံးတစ်စ ချက်ချင်းထွက်ပေါ်လာ၏။
နောက်ဆုံးမှာ မိစ္ဆာဓား၏ အစိတ်အပိုင်းတစ်ခုကို သူထိန်းချုပ်နိုင်လေပြီ။
၎င်းက ဓားတစ်လက်သာဖြစ်သော်လည်း ကြီးမားသော မုန်းတီးခြင်းများ၊ မဆုတ်မနစ်သော စိတ်စွမ်းအားများရှိနေသည်။ ဤမိစ္ဆာဓားများက အလွန်ရက်စက်သည့်အတွက်ကြောင့် လင်းဖန်သာ ဓားကိုးလက်ကို တချိန်တည်းထုတ်ဖော်လိုက်လျှင် သူ၏သက်စောင့်ဝိညာဉ်သည် ဓားကိုးလက်၏ဝါးမြိုခြင်းကို ခံရလိမ့်မည်။
အနည်းဆုံးတော့ ယခုအချိန်မှာ လင်းဖန်အနေဖြင့် ဓားတစ်လက်ထက်ပိုပြီး ထုတ်ဝံ့လိမ့်မည် မဟုတ်ချေ။
