#Zawgyi
သုန်းလင်တောင်တန်းမှ မီးတောက်များ
လူအုပ်ထဲရှိလူများ၏ပါးစပ်များမှာ ပွင့်နေကြပြီး အသက်ရှူရပ်တန့်သွားကြ၏။ သူတို့၏စိတ်အာရုံက ထိုတလက်လက်တောက်ပနေသော ဓားရောင်ပေါ်မှာသာ ရှိတော့သည်။
လင်းချီစုဆောင်းမှု အဆင့်သာရှိသော လင်းဖန်က အံ့အားသင့်စရာကောင်းအောင် ဤကဲ့သို့ တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်၏။ ဒူပိက လင်းဖန်၏ပြိုင်ဘက်မဟုတ်ဘူးဆိုတာကို သူတို့ချက်ချင်းနားလည်သွားကြသည်။
ထိုဓားချက်အောက်တွင် သည်းခြေခိုက်လုမတတ် နာကျင်စွာအော်သံတစ်ခု ထွက်ပေါ်လာ၏။
ထိုအသံကား ဒူပိထံမှ ထွက်ပေါ်လာသည်မှာ ထင်ရှားသည်။ လူအုပ်ကြီးက အံ့မခန်းမာနကြီးသော လူငယ်တစ်ယောက်ဖြစ်သော ဒူပိ ကောင်းကင်ယံမှ ကျလာသည်ကို တွေ့မြင်လိုက်ရ၏။ ထို့ပြင် သူ့ခန္ဓာကိုယ်ပတ်လည်ကို မီးများက ဝန်းရံထားပြီး ထိုဓားချက်က သူ့ကို မီးလောင်မြိုက်သွားစေခဲ့သည်။
ဒူပိ၏ခန္ဓာကိုယ်မှာ မည်သည့်လက်မှ မရှိတော့ချေ။ သူ၏နှစ်ဖက်သွားဓားကို နောက်တစ်ကြိမ် ကိုင်နိုင်တော့မည် မဟုတ်ပေ။
“ ယား ”
ဒူပိက ဒေါသတကြီး အော်ဟစ်လျက် လင်းဖန်ကို မုန်းတီးသော မျက်လုံးများဖြင့် ကြည့်နေ၏။
“ မင်းရဲ့ဒုတိယဓားကွက်ကို ငါမခုခံနိုင်ဘူးလို့ မင်းပြောခဲ့တယ်လေ။ ဒါပေမယ့် ငါ့ပထမဓားချက်မှာ မင်းလက်ပြတ်သွားတယ်။ အပြစ်တင်ချင်ရင် မင်းကိုယ်မင်းသာ တင်တော့ ” ဟု လင်းဖန်က အေးစက်စွာ ပြောလိုက်သည်။
ထို့နောက် ဒူပိကိုကြည့်ရင်း ဆက်လက်ပြောကြားလိုက်၏။
“ မင်းကို ငါမသတ်ဘူး။ ဒီနေရာကို မင်းလာခဲ့တာက လူအားလုံးကို မင်းဘယ်လောက်အစွမ်းထက်ကြောင်း သက်သေပြချင်လို့။ ဒါပေမယ့် အဲ့ဒီလို မောက်မာဝင့်ကြွားတဲ့အပြင် ငါ့ကို ခြိမ်းခြောက်ခဲ့တဲ့အတွက် မင်းလက်တစ်ဖက်ပြတ်ရတာက မင်းရခဲ့တဲ့ဆုလာဘ်ပဲ ”
ဒူပိသည် ကျန်းပိလော်ကို ရှုံးနိမ့်ခဲ့ပြီး လင်းဖန်ကို အသုံးပြုကာ သူ့ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် ကြိုးစားခဲ့သည်။ ထိုအတွက်ကြောင့် သူ့လက်ဆုံးရှုံးရလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ချေ။
